ကျနော့်အနေနဲ့ မဂ်ကျပြီးကြောင်း ဖွင့်ပြောပြတာဟာ အဓိက ကျတာက တစ်အချက် မဂ်ကျခါနီးလူများ အနေနဲ့ ကျနော့်အတွေ့အကြုံထဲက အကျိုးရှိသွားစေချင်လို့ပါ။ နှစ်အချက်က ကျနော်ရေးခဲ့တဲ့ စာတွေနဲ့ ပါတ်သက်ပြီး တန်ဖိုးရှိစေချင်လို့ပါ။ သုံးအချက်က ကျနော် စိတ်ဆန္ဒရှိတာတွေ ပြည့်စုံအောင် လုပ်နိုင်အောင်လို့ပါ။ လေးအချက်ကတော့ မဂ် ဖိုလ်ဆိုတာ အခက်ကြီးမဟုတ် တကယ်ကြိုးစားရင် ဖြစ်နိုင်ကြောင်း သိပြီး ကြိုးစားကြစေချင်လို့ပါ။
ကျနော့်အနေနဲ့ ခြောက်နှစ်ကျော်လောက် အားထုတ်ရတယ် ဆိုပေမယ့် ကျနော် အားထုတ်တဲ့အချိန်က စမ်းတဝါးဝါးနဲ့ အားထုတ်ခဲ့ရတာပါ။ အဲဒါကြောင့် ကျနော်မဂ်ကျတဲ့အချိန်က စပြီးလိုအပ်တယ် ထင်တာတွေ အကုန်လုံးကို ကိုယ်သည် ချက်ချင်းသေသွားနိုင်တယ်ဆိုတဲ့ မြတ်စွာဘုရား အနှစ်သက်ဆုံးသော ဆင်ခြင်နည်းနဲ့ ဆင်ခြင်ပြီး စာတွေ မပြတ် ရေးခဲ့ပါတယ်။ အခုဆိုရင်တော့ ကျနော် ရေချင်သမျှ စာတွေ အကုန်လုံးနီးပါး ရေးပြီးသွားပါပြီ။ ကျနော့်အနေနဲ့က ကျွဲကူးရေပါ အနေနဲ့ အသက်မွေးဝမ်းကြောင်းကိုလဲ စာရေးတာပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားတာကြောင့် (တခြားအလုပ်လုပ်ဖို့လဲ အခြေအနေမပေး) စာတော့ ဆက်ရေးဖြစ်နေမှာပါ။ စာအသစ်ရေးတာ အရင်လောက်တော့ လောချင်မှ လောတော့မှာပါ။
အဓိက ပြောချင်တာကတော့ ပထမ မဂ်ဖိုလ်ဆိုတာ အမြင်မှန်သွားခြင်းသာ ဖြစ်တာမို့ အခက်ခဲကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငါဆိုတဲ့ ရပ်တည်ရာကို မရှိကြောင်း သိအောင်လုပ်ရတဲ့ အလုပ်မို့ သိမ်မွေ့ပါတယ်။ ဝိပ္ပလ္လာသ ၁၂ ပါးကို သိအောင် လုပ်စေချင်ပါတယ်။ ကိုယ့်မှာ သိမ်မွေ့တဲ့ ငါဆိုတဲ့ အမှတ် ရှိနေတယ်ဆိုတာကို သိအောင်ကြိုးစားပါ။ ဖြစ်ပျက်ရှုမှတ်ရတာကို မပျင်းပါနဲ့။ အနတ္တဆင်ခြင်မှု နဲ့ ဖြစ်ပျက်ရှုမှတ်မှုကနေ သင်္ခါရတရားတွေ အနေနဲ့ သဘောပေါက်လာစေပါတယ်။ အဲဒီမှာ သင်္ခါရတရားတွေရဲ့ တူညီတဲ့ သဘောရှိပုံ မထူးခြားတဲ့ တရားတွေသာ ဖြစ်ပုံ သင်္ခါရတရားမှန်သမျှသည် ဒုက္ခသက်သက်သာ ဖြစ်ပုံကို မြင်သွားရင် ကိစ္စပြီးခါနီးပါပြီ။ ဗိုလ်ငါးဗိုလ် ဆိုက်ဖို့လိုတယ်ဆိုတာကို သိထားပါ။ ကျနော်ရေးခဲ့တဲ့ အနတ္တနဲ့ကြိုးစားမှုဆိုတာကို ဖတ်ပါ။ ဒီလောက်ဆိုရင် ပထမ မဂ်အတွက်လိုအပ်တာတွေ ပြည့်စုံနေပါပြီ။
မိတ်ဆွေတို့ဖက်က ပညာနဲ့ယှဉ်သော ကြိုးစားမှုသာ လိုအပ်ပါတယ်။


Leave a Reply