ဗုဒ္ဓရဲ့ အဆုံးအမကို လေ့လာလိုသူတွေ၊ တရားအားထုတ်တာနဲ့ ပတ်သက်ပြီး သေသေချာချာ မသိသေးသူတွေ၊ အထူးသဖြင့် “အနတ္တဝါဒ” ဆိုတဲ့ အနှစ်သာရကို နားလည်ချင်သူတွေအတွက် ရည်ရွယ်ပြီး ဒီစာကို ရေးသားရခြင်း ဖြစ်ပါတယ်။

ကျနော့်ရဲ့ ခရီးစဉ်ကတော့ ရိုးရှင်းပါတယ်။ ဘာသာတရား၊ အမှန်တရား၊ လောကနဲ့ လောကအလွန်ဆိုတာ ဘာလဲဆိုတာကို သိချင်ခဲ့တယ်။ ထွက်မြောက်ရာလမ်း ရှိတယ်လို့ ကြားရတဲ့အတွက် ကိုယ်တိုင် လွတ်မြောက်အောင် ဗုဒ္ဓအဆုံးအမကို လေ့လာကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေလိုမျိုး ဘုရားပေါ်မှာ မျက်စိမှိတ်ပြီး ယုံကြည်လေးစားစွာနဲ့ ကျင့်သုံးခဲ့သူတော့ မဟုတ်ပါဘူး။ ကံကောင်းတာက ဗုဒ္ဓရဲ့ အဆုံးအမမှာ အဲဒီလို မျက်စိမှိတ် ယုံကြည်မှု (Blind Faith) က အဓိကမကျဘဲ၊ ခန္ဓာဉာဏ်ရောက် “အမှန်သိမြင်မှု (ပညာ)” ကသာ အဓိက ကျနေခြင်းပါပဲ။ တကယ်တမ်း သဘောပေါက်နားလည်သွားတဲ့ အချိန်မှာတော့ “ဒီလောက်ကြီး ရှင်းလင်းနေတဲ့ သဘောတရားကို ငါ ဘာကြောင့် စောစောစီးစီး မသိခဲ့ရတာလဲ” လို့တောင် တွေးမိပါတယ်။

လောကဆိုသည်မှာ

တကယ်တော့ လောကကြီးက အလွန် ရှင်းလင်းပါတယ်။ “လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော” – အမြဲတမ်း ဖြစ်ပေါ်ပျက်စီးနေလို့ လောကလို့ ခေါ်တာပါ။ ဘာတွေ ဖြစ်ပျက်နေတာလဲ မေးရင် ရုပ်တရားနဲ့ နာမ်တရားတွေ အကြောင်းအကျိုး ဆက်စပ်ပြီး ဖြစ်ပျက်နေတာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓအဆုံးအမအရ လောကကို အကျဉ်းချုပ်ရရင် (၁) လောက (ရုပ်နာမ်ဖြစ်စဉ်) နဲ့ (၂) လောကအလွန် (နိဗ္ဗာန်) ဆိုပြီး နှစ်ပိုင်း ခွဲခြားကြည့်နိုင်ပါတယ်။

လောကကို ထပ်ပြီး အသေးစိတ်ရင် ဩကာသလောက၊ သတ္တလောက၊ သင်္ခါရလောက ဆိုပြီး သုံးမျိုး ရှိပါတယ်။

ဩကာသလောက: ရေ၊ မြေ၊ တော၊ တောင်၊ စကြဝဠာကြီးကို ဆိုလိုပါတယ်။ ဒီလောကကြီး ဘယ်ကစတယ်၊ ဘယ်လိုဆုံးမယ်ဆိုတာကို မြတ်စွာဘုရားက အချိန်ကုန်ခံပြီး မဟောခဲ့ပါဘူး။ သိပ္ပံပညာရဲ့ တွေ့ရှိချက်တွေနဲ့ အငြင်းပွားစရာ သိပ်မရှိပေမယ့်၊ အကြောင်းမဲ့ ပေါက်ကွဲဖြစ်ပေါ်လာတယ် ဆိုတဲ့ Big Bang Theory ကိုတော့ ဗုဒ္ဓဝါဒက လက်မခံပါဘူး။

သတ္တလောက: သတ္တဝါတွေ နေထိုင်ရာ ၃၁ ဘုံကို ဆိုလိုပါတယ်။ ဒီ ၃၁ ဘုံကို ယုံတာ၊ မယုံတာက အဓိက ပြဿနာ မဟုတ်ပါဘူး။ အဓိက အရေးအကြီးဆုံးက “သတ္တဝါ” ဆိုတာ တကယ်တမ်း မရှိဘူး ဆိုတာကို သိဖို့ပါပဲ။ သတ္တဝါ၊ လူ၊ နတ်၊ ဗြဟ္မာ ဆိုတာတွေဟာ အကြောင်းအကျိုးကြောင့် ဖြစ်ပေါ်လာတဲ့ “ရုပ်နဲ့ နာမ်” အပေါင်းအစုကို နာမည်တပ် ခေါ်ဝေါ်ထားတဲ့ ပညတ်ချက်တွေ သက်သက်သာ ဖြစ်ပါတယ်။

သင်္ခါရလောက: အထက်ကပြောခဲ့တဲ့ ဩကာသလောကရော၊ သတ္တလောကပါ အားလုံးဟာ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရားတွေချည်းပဲ ဖြစ်ပါတယ်။ အဲဒီလို အကြောင်းကြောင့် ဖြစ်လာတဲ့ အရာမှန်သမျှကို “သင်္ခါရ” လို့ ခေါ်တဲ့အတွက်၊ လောကကြီး တစ်ခုလုံးဟာ “သင်္ခါရလောက” ထဲမှာ အကျုံးဝင်သွားပါတယ်။ ဒီအချက်ကို သဘောပေါက်ရင် ဗုဒ္ဓအဆုံးအမကို တစ်ဝက်လောက် နားလည်သွားပြီလို့ ဆိုနိုင်ပါတယ်။

ရှင်သာရိပုတ္တရာ နှင့် တရားဦးဂါထာ

ဒီ “အကြောင်းအကျိုး (ဟေတုပ္ပစ္စယော)” သဘောတရားဟာ ဘယ်လောက် လေးနက်သလဲဆိုရင်၊ ပညာအရာမှာ ဧတဒဂ်ရတဲ့ ရှင်သာရိပုတ္တရာ အလောင်းအလျာ ဥပတိဿ ပရိဗိုဇ်ဟာ ဒီဂါထာလေးကို ကြားရုံနဲ့တင် သောတာပန် တည်သွားခဲ့ပါတယ်။ အဲဒီဂါထာကတော့ ရှင်အဿဇိ ဟောကြားခဲ့တဲ့-

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။

တေသဉ္စ ယော နိရောဓော၊ ဧဝံ ဝါဒီ မဟာသမဏော။”

အဓိပ္ပာယ်က- “လောကမှာ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေ (ရုပ်နာမ် သင်္ခါရတွေ) ရှိတယ်။ အဲဒီ အကျိုးတရားတွေရဲ့ အကြောင်းရင်းကိုရော၊ အဲဒီအကြောင်းတရားတွေ ချုပ်ငြိမ်းရာ (နိရောဓ – နိဗ္ဗာန်) ကိုပါ မြတ်စွာဘုရားက ဟောကြားတော်မူတယ်။” လို့ ဆိုလိုတာပါ။

လောကမှာ ရှိသမျှ အရာအားလုံးဟာ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုး (သင်္ခါရ) တွေ ဖြစ်လို့၊ အဲဒီ သင်္ခါရမှန်သမျှဟာ အမြဲမပြတ် ဖောက်ပြန်ပျက်စီး (အနိစ္စ) နေပါတယ်။

လောကအလွန် (နိဗ္ဗာန်)

အဲဒီလို ဖြစ်ပေါ်ပျက်စီးနေတဲ့ သင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းရာ၊ လွတ်မြောက်ရာကို “နိဗ္ဗာန် (ဝိသင်္ခါရ သို့မဟုတ် အသင်္ခတ)” လို့ ခေါ်ပါတယ်။ နိဗ္ဗာန်ဆိုတာ အကြောင်းကြောင့် ဖြစ်လာတဲ့ အရာ (သင်္ခါရ) မဟုတ်တဲ့အတွက်၊ ပျက်စီးခြင်း (အနိစ္စ) လည်း မရှိတော့ပါဘူး။ နိဗ္ဗာန်ကို ရုပ်တရား နာမ်တရားလို့ ခေါ်လို့မရသလို၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဆိုတဲ့ ကာလတွေနဲ့လည်း တိုင်းတာလို့ မရပါဘူး။ သန္တိသုခ (ငြိမ်းချမ်းခြင်း) သက်သက်သာ ဖြစ်ပါတယ်။

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရတဲ့အချိန်မှာ ခံစားတတ်တဲ့ ဝေဒနာတွေ၊ မှတ်သားတတ်တဲ့ သညာတွေ အားလုံး ချုပ်ငြိမ်းသွားပါတယ်။ ဖိုလ်ဉာဏ် ကျပြီးမှသာ (ပစ္စဝေက္ခဏာဉာဏ်ဖြင့် ပြန်ဆင်ခြင်မှသာ) နိဗ္ဗာန်ကို မျက်မှောက်ပြုခဲ့ကြောင်း သိရတာပါ။ ဒီလို အဆင့်ကို ရောက်ဖို့ဆိုရင် ပုထုဇဉ်တွေအနေနဲ့ မိမိရဲ့ ခန္ဓာကိုယ် (ရုပ်နာမ်) ပေါ်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားတွေကို အဆုံးတိုင်အောင် ထိုးထွင်းသိမြင်အောင် အားထုတ်ရမှာ ဖြစ်ပါတယ်။

လွတ်မြောက်ရာလမ်း နှင့် အဓိပတိတရားလေးပါး

ကျနော် လျှောက်ခဲ့တဲ့လမ်းကတော့ ဉာဏ်ပညာကို အဓိကထားတဲ့ လမ်းကြောင်းပါ။ တရားအားထုတ်တဲ့ နည်းလမ်းတွေ အများကြီး ရှိပေမယ့်၊ အားလုံးရဲ့ အခြေခံကတော့ အဓိပတိတရားလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ) ပါပဲ။ ပထမမဂ် (သောတာပတ္တိမဂ်) ကို ရဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ အဓိပတိတရားလေးပါးနဲ့ စိုက်လိုက်မတ်တတ် ကြိုးစားမယ်ဆိုရင် မလွဲမသွေ ရနိုင်ပါတယ်။ ဈာန်၊ အဘိညာဉ် ရဖို့ထက်တောင် ပိုလွယ်ကူသေးတယ်လို့ ကျင့်ကြံဖူးတဲ့ ရဟန္တာတစ်ပါးက မိန့်ဆိုဖူးပါတယ်။

တကယ်တော့ သတ္တဝါဆိုတာ နဂိုကတည်းက မရှိပါဘူး။ “ငါ” ဆိုတဲ့ လွတ်လပ်တဲ့ ဆုံးဖြတ်ပိုင်ခွင့် (Free Will) လည်း မရှိပါဘူး။ အကြောင်းတရားကြောင့် အကျိုးတရားတွေ ဖြစ်လာပြီး ပြန်ပျက်သွားတာ သက်သက်သာ ရှိပါတယ်။

ကိလေသာ နှင့် ဒိဋ္ဌိကို ပယ်သတ်ခြင်း

ပုထုဇဉ်တွေရဲ့ သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာ (၁၀) ပါး ကိန်းအောင်းနေပါတယ်။ အဲဒီအထဲကမှ ပထမမဂ်အတွက် အဓိက ပယ်သတ်ရမှာက “ဒိဋ္ဌိ (အယူမှား)” နဲ့ “ဝိစိကိစ္ဆာ (ယုံမှားသံသယ)” ပါပဲ။ ဝိစိကိစ္ဆာကို တိုက်ရိုက် သွားပယ်လို့ မရပါဘူး။ ဒိဋ္ဌိ ပြုတ်သွားတာနဲ့ ဝိစိကိစ္ဆာပါ အလိုလို ပြုတ်ကျသွားတာပါ။ ဒါကြောင့် ပုထုဇဉ်တွေ တရားအားထုတ်တယ် ဆိုတာရဲ့ အဓိက ရည်ရွယ်ချက်ဟာ “ဒိဋ္ဌိပြုတ်ဖို့” သက်သက်ပါပဲ။

ဒိဋ္ဌိ (အယူမှား) ၃ မျိုး ရှိပါတယ်။

၁။ သက္ကာယဒိဋ္ဌိ: အထင်ရှားဆုံးနဲ့ အကြောက်ရဆုံး ဒိဋ္ဌိပါ။ ရုပ်နဲ့ နာမ်သာ ရှိတဲ့ ခန္ဓာငါးပါးပေါ်မှာ “ငါပဲ၊ သူပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ၊ လူပဲ၊ သတ္တဝါပဲ” လို့ ခိုင်မြဲတဲ့ အရာတစ်ခုအနေနဲ့ အထင်မှား အယူမှားနေခြင်းပါ။ တကယ်တမ်းမှာ ရုပ်အင်္ဂါ၊ စိတ်ဓာတ်၊ ကိလေသာ၊ သညာ၊ ကံ စတဲ့ အကြောင်းအကျိုးတွေ လည်ပတ်နေတာကို “ငါ” လို့ သွားစွဲလမ်းနေတာဟာ သက္ကာယဒိဋ္ဌိ ပါပဲ။

၂။ သဿတဒိဋ္ဌိ: “ဒီဘဝက ငါသေသွားရင်၊ နောက်ဘဝမှာလည်း ဒီ ‘ငါ’ ကပဲ ဆက်ပြီး လူဝင်စားဖြစ်မယ်၊ နတ်ဖြစ်မယ်” လို့ ခိုင်မြဲတဲ့ ‘အတ္တ’ လိပ်ပြာကောင် ရှိတယ်လို့ ယူဆခြင်းပါ။ တကယ်တော့ ရုပ်နာမ်ဆိုတာ ဒီဘဝမှာတင် ဖြစ်ပြီး ပျက်နေတာပါ။ နောက်ဘဝကို ကူးသွားတယ်ဆိုတာ သတ္တဝါကူးသွားတာ မဟုတ်ဘဲ၊ ကံတရားရဲ့ အကြောင်းအကျိုး ဆက်စပ်မှုအရ ပဋိသန္ဓေစိတ် အသစ် ထပ်ဖြစ်တာသာ ဖြစ်ပါတယ်။ ဒီသဿတဒိဋ္ဌိ ရှိနေသူတွေဟာ “နောက်ဘဝကျရင် အဆင်ပြေအောင် ပါရမီလေး ဖြည့်ဦးမှ” ဆိုပြီး သံသရာက လွတ်အောင် ချက်ချင်း မကြိုးစားဘဲ အချောင်ခို ဆင်ခြေပေးတတ်ကြပါတယ်။ သံသရာမှာ လည်နေသရွေ့ အို၊ နာ၊ သေ ဘေးတွေနဲ့ ထပ်ခါတလဲလဲ ကြုံတွေ့ရပြီး၊ အဆုံးမှာ ငရဲကို ပြန်ကျမယ့်သူတွေချည်းသာ ဖြစ်ပါတယ်။

၃။ ဥစ္ဆေဒဒိဋ္ဌိ: “သေရင် ဘာမှမဖြစ်တော့ဘူး၊ ပြတ်သွားပြီ၊ အားလုံး ပြီးသွားပြီ” လို့ ယူဆတဲ့ အယူမှားပါ။ ဒီအယူအဆ ရှိသူတွေကတော့ လူဝင်စားတွေ၊ ကံ အကျိုးပေးတွေ ရှိနေတာကို ဘယ်လိုမှ ဖြေရှင်းပြနိုင်စွမ်း မရှိကြပါဘူး။

လောကကြီးရဲ့ အမှန်တရား (သစ္စာတရား) ကို တကယ်တမ်း စိတ်ဝင်စားသူတိုင်းဟာ ဒီအချက်တွေကို သေသေချာချာ နက်နက်နဲနဲ လေ့လာပြီး၊ အဓိပတိတရားလေးပါးနဲ့ လက်တွေ့ ကျင့်ကြံအားထုတ်သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *