သံသရာဆိုတာကို မျက်ကန်းယုံကြည်ရမယ့် ဘာသာရေးဝါဒ (Dogma) တစ်ခုအနေနဲ့ မဟုတ်ဘဲ၊ အကြောင်းအကျိုး ဆက်စပ်နေတဲ့ ယုတ္တိဗေဒတစ်ခု၊ သိပ္ပံနည်းကျ အထောက်အထားတွေနဲ့ လက်တွေ့ သုံးသပ်နိုင်တဲ့ အရှိတရားတစ်ခုအဖြစ် ကျွန်တော်တို့ အစပျိုးခဲ့ပြီး ဖြစ်ပါတယ်။ လူတစ်ယောက် သေဆုံးသွားပြီးနောက် နောက်ထပ် လူတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာနိုင်တယ် ဆိုတဲ့ အချက်ကို ခိုင်လုံတဲ့ သုတေသနတွေက သက်သေပြနေပြီဆိုရင်၊ ရှေးဘဝဆိုတာ ရှိခဲ့သလို နောက်ဘဝဆိုတာလည်း ဆက်ရှိနေဦးမယ်ဆိုတာ ငြင်းဆန်စရာ မလိုတော့ပါဘူး။
ဒီနေရာမှာ မမြင်ရတဲ့ ငရဲ၊ ပြိတ္တာ၊ အသုရကာယ် ဆိုတဲ့ ဘုံတွေကို ခဏဘေးဖယ်ထားလိုက်ပါဦး။ ကျွန်တော်တို့ မျက်စိနဲ့ တိုက်ရိုက် မြင်တွေ့နေရတဲ့၊ ကိုယ်ထိလက်ရောက် ထိတွေ့နေရတဲ့ “တိရစ္ဆာန်” ဆိုတဲ့ အပါယ်ဘုံသားတွေရဲ့ ဘဝကိုပဲ လက်တွေ့ကျကျ စဉ်းစားကြည့်ကြရအောင်ပါ။ တိရစ္ဆာန်ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ဟာ ဘယ်သူမှ ငြင်းလို့မရတဲ့၊ မျက်မြင်ကိုယ်တွေ့ အမှန်တရားပဲ ဖြစ်ပါတယ်။ ဒီအမှန်တရားကို အခြေခံပြီး ကျွန်တော့်ဘဝရဲ့ အဆိုးရွားဆုံး အချိန်ကာလတစ်ခုမှာ ရရှိခဲ့တဲ့၊ ရင်ထဲကို စူးနစ်ဝင်ရောက်သွားစေခဲ့တဲ့ သံဝေဂ အတွေ့အကြုံတစ်ခုကို စာဖတ်သူတွေ ကိုယ်ချင်းစာ ထပ်တူခံစားနိုင်ဖို့ ဝေမျှချင်ပါတယ်။
လွန်ခဲ့တဲ့ အချိန်ကာလတစ်ခုဆီကပေါ့။ ကျွန်တော့်ဘဝမှာ မူးယစ်ရမ်းကားမှု ပြဿနာတစ်ခုနဲ့ တရားရင်ဆိုင်နေရတဲ့ အချိန်ကာလတစ်ခု ရှိခဲ့ပါတယ်။ ပုထုဇဉ် သဘာဝ ကိလေသာရဲ့ တွန်းအား၊ အသိဉာဏ် ခေါင်းပါးမှုတွေကြောင့် ကျူးလွန်မိခဲ့တဲ့ အမှားတွေအတွက် ဥပဒေအရ ပေးဆပ်ရမယ့် အကျိုးဆက်ကို ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းနေရတဲ့ ကာလတွေပါ။ တရားရုံးတော်ရှေ့မှာ အမှုခေါ်မယ့်အချိန်ကို စောင့်ဆိုင်းနေရတဲ့ ထိုနေ့ရက်တွေဟာ စိတ်ပိုင်းဆိုင်ရာအရ အလွန်ကို မွန်းကျပ်ပြီး လေးလံလှပါတယ်။ ကိုယ့်ရဲ့ လွတ်လပ်ခွင့်၊ ကိုယ့်ရဲ့ အနာဂတ်ဟာ ဘာဖြစ်သွားမလဲဆိုတဲ့ မသေချာ မရေရာမှုတွေကြားမှာ စိတ်ဟာ ဂနာမငြိမ်ဖြစ်နေခဲ့ပါတယ်။
အဲ့ဒီ တရားရုံးဝင်းရဲ့ အနီးအနားမှာ ရေကန်တစ်ခု ရှိပါတယ်။ တရားရင်ဆိုင်ဖို့ အချိန်စောင့်ရင်း မွန်းကျပ်လွန်းတဲ့အခါတိုင်း အဲ့ဒီ ရေကန်ဘေးကို သွားသွားပြီး ထိုင်နေမိတတ်ပါတယ်။ ရေပြင်ကို ငေးကြည့်ရင်း စိတ်ကို ငြိမ်အောင် ထားဖို့ ကြိုးစားပေမယ့်၊ အတွေးတွေကတော့ ဂယောက်ဂယက်နဲ့ လွင့်မျောနေဆဲပါ။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ အာရုံကို ဖမ်းစားသွားတဲ့ မြင်ကွင်းတစ်ခု ပေါ်လာပါတယ်။ ရေကန်စပ်မှာ ငါးလာမျှားနေတဲ့ လူတချို့ကို သွားတွေ့လိုက်ရတာပါပဲ။
ကျွန်တော် ငေးကြည့်နေတုန်းမှာပဲ ငါးမျှားတံတစ်ခုဆီက ကြိုးဟာ ရုတ်တရက် တင်းမာသွားပြီး ရေပြင်ဟာ ဂယက်ထသွားပါတယ်။ ငါးမျှားသူက အားရပါးရ ဆွဲတင်လိုက်တဲ့အခါ ရေပေါ်ကို လူးလွန့်ပြီး ပါလာတဲ့ ငါးတစ်ကောင်။ အဲ့ဒီ ငါးကလေးဟာ ရေထဲကနေ ကုန်းပေါ်ကို ရောက်ရောက်ချင်းမှာပဲ သူ့ရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး ပြင်းထန်တဲ့ သေရေးရှင်ရေး တိုက်ပွဲကို ဆင်နွှဲရပါတော့တယ်။
ကျွန်တော် အနီးကပ် သေချာကြည့်မိတဲ့အခါ ရင်ထဲမှာ ဆို့နင့်သွားစေတဲ့ မြင်ကွင်းကို တွေ့လိုက်ရပါတယ်။ ငါးမျှားချိတ် အချွန်ဟာ အဲ့ဒီ ငါးကလေးရဲ့ အာခေါင်ကို ဖောက်ထွင်းပြီး ချိတ်ဝင်နေတာပါ။ ငါးကလေးဟာ အသက်ရှူရ ကျပ်လွန်းလို့ ပါးစပ်ကို ဟစိဟစိလုပ်ရင်း၊ တစ်ကိုယ်လုံးကို ကွေးလိုက် ဆန့်လိုက်နဲ့ မြေကြီးပေါ်မှာ လူးလှိမ့်နေပါတယ်။ သူ့ရဲ့ မျက်လုံးတွေထဲမှာ အကူအညီမဲ့နေတဲ့ အကြောက်တရားတွေ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ ပြင်းထန်လွန်းတဲ့ ဝေဒနာတွေကို အထင်းသား မြင်နေရပါတယ်။ အာခေါင်ကို သံချိတ်က စူးဝင်နေတဲ့ နာကျင်မှု၊ ရေမရှိတဲ့အတွက် အသက်ရှူမဝတဲ့ မွန်းကျပ်မှု၊ အင်မတန် ကြီးမားလှတဲ့ ဆင်းရဲဒုက္ခကြီးနဲ့အတူ အဲ့ဒီ ငါးကလေးဟာ ငါးဖမ်းသူရဲ့ လက်ထဲကို အပြီးတိုင် ရောက်ရှိသွားခဲ့ရပါတော့တယ်။
အဲ့ဒီ မြင်ကွင်းကို ကြည့်ရင်း ကျွန်တော့် ခေါင်းထဲမှာ မိုးကြိုးပစ်ချလိုက်သလို အတွေးတစ်ခု ပြင်းပြင်းထန်ထန် ဝင်ရောက်လာပါတယ်။ လူသားတစ်ယောက်အနေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရဖို့ စောင့်နေတဲ့ ကျွန်တော့်ရဲ့ သောကဟာ ကြီးမားလှတယ်လို့ ထင်ခဲ့ပေမယ့်၊ အခု မျက်စိရှေ့က အာခေါင်ကို ချိတ်စူးခံထားရတဲ့ ငါးကလေးရဲ့ ဒုက္ခနဲ့ ယှဉ်လိုက်ရင် ကျွန်တော့် ဒုက္ခဟာ ဘာမှ မဟုတ်တော့ပါဘူး။ ပြီးတော့ ဆက်တွေးမိတဲ့ အတွေးက ကျွန်တော့် တစ်ကိုယ်လုံးကို ကြက်သီးဖြန်းဖြန်း ထသွားစေပါတယ်။
“နောက်ဘဝကျရင်… ငါ အဲ့ဒီ ငါးလိုမျိုး ဖြစ်သွားနိုင်သလား”
ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့အခါ၊ ချက်ချင်း လက်ငင်း နောက်ဘဝမှာတော့ အဲ့ဒီလို ငါးတစ်ကောင် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ လူ ပြန်ဖြစ်ချင်လည်း ဖြစ်နိုင်သေးတာပဲလို့ ဖြေသိမ့်လို့ ရပါတယ်။ ဒါပေမဲ့ ပြဿနာက အဲ့ဒီမှာ မဆုံးပါဘူး။ လူပြန်ဖြစ်ခဲ့ရင်တောင် အဲ့ဒီ လူဘဝမှာလည်း တစ်နေ့ကျရင် သေရဦးမှာပါပဲ။ နောက်ထပ် ဘဝသစ်တစ်ခု ထပ်စရဦးမှာပါပဲ။ သောတာပန် အရိယာ မဖြစ်သေးသရွေ့၊ သက္ကာယဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို အကြွင်းမဲ့ မပယ်သတ်နိုင်သေးသရွေ့ ဒီလို မွေးလိုက်၊ သေလိုက်၊ နောက်ဘဝ ကူးလိုက် ဆိုတဲ့ ဖြစ်စဉ်ကြီးဟာ “အကန့်အသတ်မရှိ” (Infinite) ဆက်လက် လည်ပတ်နေဦးမှာ ဖြစ်ပါတယ်။
အကြိမ်ကြိမ် အခါခါ သေရဦးမယ်၊ အကန့်အသတ်မရှိ ပြန်လည် မွေးဖွားရဦးမယ် ဆိုတဲ့ အချက်ကို သင်္ချာနည်းကျကျ၊ ယုတ္တိဗေဒကျကျ တွေးကြည့်တဲ့အခါ ရင်လေးစရာ အမှန်တရားတစ်ခုကို သွားတွေ့ရပါတယ်။ ဒါကို နားလည်လွယ်အောင် “အံစာတုံး ဥပမာ” နဲ့ ရှင်းပြချင်ပါတယ်။
သင့်ရှေ့မှာ အံစာတုံး (၅၀) တိတိ ရှိတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ အဲ့ဒီ အံစာတုံး ၅၀ လုံးကို တစ်ပြိုင်နက်တည်း လှိမ့်ချလိုက်မယ်။ အားလုံးရဲ့ မျက်နှာပြင်မှာ နံပါတ် (၁) ချည်းပဲ ကျဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား။ သာမန် တွေးကြည့်ရင်တော့ လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်ရပါတယ်။ အံစာတုံး တစ်တုံးတောင် ကိုယ်လိုချင်တဲ့ ဂဏန်းကျဖို့ ခဲယဉ်းတာ၊ အလုံး ၅၀ လုံး တစ်ပြိုင်နက်တည်း နံပါတ် ၁ ကျဖို့ဆိုတာ ဖြစ်တန်စွမ်း (Probability) အရ သုညနီးပါး ရှိပါတယ်။
ဒါပေမဲ့ စည်းမျဉ်းတစ်ခုကို ပြောင်းလိုက်မယ်။ အဲ့ဒီ အံစာတုံးတွေကို တစ်ခါတည်း လှိမ့်ရမှာ မဟုတ်ဘူး။ “အကြိမ်အရေအတွက် အကန့်အသတ်မရှိ” (Infinite times) လှိမ့်ခွင့် ပေးမယ် ဆိုပါစို့။ အကြိမ် တစ်ထောင်၊ တစ်သိန်း၊ တစ်သန်း၊ ကုဋေပေါင်း မြောက်မြားစွာ… မရပ်မနားဘဲ ဆက်တိုက် လှိမ့်နေမယ်ဆိုရင်ကော…။
သင်္ချာသဘောတရားအရ ဖြစ်တန်စွမ်းတစ်ခုကို အကန့်အသတ်မရှိ အကြိမ်အရေအတွက်နဲ့ မြှောက်လိုက်တဲ့အခါ၊ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာဟာ ၁၀၀ ရာခိုင်နှုန်း သေချာပေါက် ဖြစ်လာပါတယ်။ အကြိမ်ပေါင်း ကုဋေကုဋာမက လှိမ့်နေတဲ့ တစ်ချိန်ချိန်၊ တစ်နေရာရာမှာတော့ အဲ့ဒီ အံစာတုံး ၅၀ လုံးဟာ မလွဲမသွေ နံပါတ် ၁ ချည်းပဲ ပြိုင်တူ ကျသွားမယ့် အလှည့်ဆိုတာ ကျိန်းသေပေါက် ရောက်လာမှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ သံသရာ ခရီးစဉ်ဟာလည်း အတိအကျကို အဲ့ဒီ အံစာတုံး လှိမ့်တဲ့ ဖြစ်စဉ်ကြီးနဲ့ တူနေပါတယ်။ သောတာပန် မဖြစ်သေးသမျှ ကာလပတ်လုံး ကျွန်တော်တို့ဟာ အကန့်အသတ်မရှိတဲ့ အကြိမ်အရေအတွက်နဲ့ သေဆုံးခြင်း၊ မွေးဖွားခြင်း ဆိုတဲ့ အံစာတုံးတွေကို အဆက်မပြတ် လှိမ့်နေကြရတာပါ။ ဒီလို အဆုံးအစမရှိ လှိမ့်နေရတဲ့အတွက်၊ တစ်ချိန်ချိန် တစ်ဘဝဘဝမှာတော့ ကျွန်တော်တို့ဟာ ဟိုတရားရုံးရှေ့က ရေကန်ထဲကနေ ငါးမျှားချိတ်နဲ့ အာခေါင် အချိတ်ခံလိုက်ရတဲ့ ငါးကလေးရဲ့ နေရာမှာ အတိအကျ ဝင်ရောက်လာရမှာ “ကျိန်းသေပေါက် (၁၀၀ ရာခိုင်နှုန်း)” ဖြစ်ပါတယ်။
ဒါဟာ ခြောက်လှန့်နေတာ မဟုတ်ပါဘူး။ အရှိတရားသက်သက်ပါ။ နောက်ဘဝမှာ မဖြစ်ဘူး ဆိုရင်တောင်၊ နောက်ထပ် ဘဝပေါင်း တစ်သိန်းမြောက်မှာ၊ ဒါမှမဟုတ် ဘဝပေါင်း တစ်သန်းမြောက်မှာ… အံစာတုံး လှိမ့်တဲ့ အကြိမ်အရေအတွက်က အကန့်အသတ် မရှိတဲ့အတွက် အဲ့ဒီ ငါးကလေးရဲ့ နေရာ၊ အဲ့ဒီလို အတိဒုက္ခရောက်ရမယ့် အခြေအနေဆီကို မလွဲမသွေ ရောက်ကို ရောက်ရမှာပါ။ ငါးကလေးမှ မဟုတ်ပါဘူး၊ လည်ပင်း လှီးခံရမယ့် နွားတစ်ကောင်၊ အရှင်လတ်လတ် ရေနွေးပူ အလောင်းခံရမယ့် သတ္တဝါ စတဲ့ ကျွန်တော်တို့ မျက်စိရှေ့မှာ နေ့စဉ် မြင်တွေ့နေရတဲ့ အလွန် ဆင်းရဲဒုက္ခ ရောက်နေတဲ့ ဘဝမှန်သမျှဟာ တစ်ချိန်ချိန်မှာ ကိုယ်တိုင် ဝင်ရောက် ခံစားရမယ့် ကိုယ့်ရဲ့ အနာဂတ် ဘဝတွေချည်းပါပဲ။
ဒီအတွေး ဝင်လာတဲ့ အချိန်မှာတော့ ကျွန်တော့် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်သွားပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလို အာခေါင်ကို ငါးမျှားချိတ် အချိတ်ခံရမယ့် ဘဝ၊ ရေမရှိဘဲ လူးလှိမ့် မွန်းကျပ်ပြီး သေရမယ့် ငါးဘဝရဲ့ ဒုက္ခမျိုးကို ကျွန်တော် လုံးဝ (လုံးဝ) လက်မခံနိုင်ပါဘူး။ သံသရာရဲ့ သဘောတရားအရ အဲ့ဒီဘဝကို မရောက်ဖို့ တားဆီးနိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်းက “အံစာတုံး လှိမ့်တဲ့ ဖြစ်စဉ်ကြီးကို ရပ်တန့်ပစ်လိုက်ဖို့” ပဲ ရှိပါတယ်။ အံစာတုံး လှိမ့်တာကို ဘယ်လို ရပ်မလဲ။ အဖြေက ရှင်းပါတယ်။ “သောတာပန် ဖြစ်အောင် အားထုတ်ခြင်း” ပါပဲ။
သောတာပန် အရိယာ ဖြစ်သွားပြီ ဆိုတာနဲ့ သံသရာရဲ့ အံစာတုံး လှိမ့်မှုဟာ အများဆုံး (၇) ကြိမ်သာ ကျန်တော့ပါမယ်။ အဲ့ဒီ ၇ ကြိမ်မှာလည်း အပါယ်ဘုံကို ကျမယ့် အံစာတုံး အကွက်တွေ အားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်ပါတယ်။ ငါးမျှားချိတ် အချိတ်ခံရမယ့် ဘဝ၊ သတ်ဖြတ် ညှဉ်းပန်းခံရမယ့် တိရစ္ဆာန်ဘဝ ဆိုတာတွေ လုံးဝ မရှိတော့ပါဘူး။
စာဖတ်သူ မိတ်ဆွေ…။ အခု သင့်လက်ရှိ လူ့ဘဝမှာ ငွေကြေး အခက်အခဲတွေ၊ ကျန်းမာရေး ပြဿနာတွေ၊ လူမှုရေး အဆင်မပြေမှုတွေကြောင့် အလွန် ဒုက္ခရောက်နေတယ်လို့ ထင်နေပါသလား။ သင့်ရဲ့ အဲ့ဒီ ဒုက္ခတွေဟာ တကယ့် သံသရာရဲ့ ဒုက္ခအစစ်အမှန်တွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်သေးပါဘူး။ သင့်မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ လမ်းဘေးက ခွေးဝဲစားလေးတွေ၊ အသတ်ခံရဖို့ စောင့်နေတဲ့ သတ္တဝါလေးတွေရဲ့ ဘဝဟာ သင် သောတာပန် မဖြစ်သရွေ့၊ သံသရာ အံစာတုံးကို ဆက်လှိမ့်နေရသရွေ့ “တစ်နေ့နေ့မှာ မလွဲမသွေ သင် ကိုယ်တိုင် ဝင်ရောက်ရမယ့် သင့်ရဲ့ အနာဂတ် ဘဝတွေ” ပဲ ဖြစ်ပါတယ်။ ဒါကို လေးလေးနက်နက် သိမြင် နားလည်စေချင်ပါတယ်။
ဒီလို သိမြင်လာတဲ့အခါမှာ “ငါတော့ သွားပါပြီ၊ ငါ့မှာ အတ္တလည်း မရှိ၊ အစိုးလည်း မရတော့ ဖြစ်ချင်တာ ဖြစ်တော့မှာပဲ” ဆိုတဲ့ အနတ္တကို အဆိုးမြင်ဝါဒ (Pessimism) ဖက် လွဲမှားစွာ ကောက်ယူပြီး လက်မြှောက် အရှုံးမပေးလိုက်ပါနဲ့။ အနတ္တဟာ လက်လျော့ခြင်း မဟုတ်ပါဘူး။ “ငါ” မဟုတ်မှန်း၊ အစိုးမရမှန်း သိလျက်နဲ့ပဲ အဲ့ဒီ ဒုက္ခသံသရာကနေ လွတ်မြောက်ဖို့ အဓိပတိတရားလေးပါး (ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ) ကို ပြင်းပြင်းထန်ထန် အသုံးချရပါမယ်။ ထိရောက်အောင် အသုံးချရပါမယ်။
မိမိတို့ရဲ့ စိတ်၊ စေတသိတ်၊ ရုပ် တွေဟာ ဘယ်လို ဖြစ်ပြီး ဘယ်လို ပျက်နေတယ် ဆိုတဲ့ “ဖြစ်ပျက်” ကို သဘောပေါက် နားလည်အောင်၊ ပညတ်တွေကို ဘေးဖယ်ပြီး ပရမတ် အမှန်တရားကို ဉာဏ်နဲ့ ထိုးထွင်းသိမြင်အောင် ဝိပဿနာ အလုပ်ကို အခု ချက်ချင်း လက်ငင်း စတင် အားထုတ်ရပါမယ်။ အချိန်ဆွဲနေလို့ မရတော့ပါဘူး။ သင် တစ်စက္ကန့် အချိန်ဆွဲလိုက်တိုင်း အံစာတုံးက တစ်လှိမ့် လှိမ့်နေတာ ဖြစ်ပြီး၊ အဲ့ဒီ ငါးမျှားချိတ်ဆီကို ရောက်ဖို့ ခြေတစ်လှမ်း နီးသွားတာပဲ ဖြစ်ပါတယ်။
နိဗ္ဗာန်ဆိုတာ သာမန်အချိန်မှာ အမှန်တရားကို တွေးသိရုံလေးနဲ့ ရောက်သွားတာ မဟုတ်ပါဘူး။ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် ရင့်ကျက်ပြီး မဂ်အခိုက်၊ ဖိုလ်အခိုက် ရောက်မှသာ နိဗ္ဗာန်ကို မျက်မှောက်ပြုကာ သောတာပန် ဖြစ်နိုင်တာပါ။ သောတာပတ္တိမဂ်ဉာဏ်နဲ့ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်မှသာလျှင် သင့်ရဲ့ အာခေါင်ကို လာချိတ်မယ့် သံသရာရဲ့ ငါးမျှားချိတ် အန္တရာယ်ကနေ အပြီးအပိုင် လွတ်ကင်းမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ လူ၊ ရဟန်း အရိယာများ အမြန်ဆုံး ပေါ်ထွန်းလာရေးကို ရှေးရှုပြီး၊ မိမိတို့ ရင်ဆိုင်ရမယ့် အနာဂတ် သံသရာရဲ့ ကြောက်မက်ဖွယ်ရာ အရှိတရားကို ပြင်းပြင်းထန်ထန် သံဝေဂ ရယူကာ၊ သောတာပန် ဖြစ်ရေးအတွက် ဝိပဿနာ အလုပ်ကို ကြိုးစားအားထုတ်ကြပါစို့လို့ လေးလေးနက်နက် တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။


Leave a Reply