“အိမ်မှုကိစ္စဆိုတာ ဘယ်တော့မှ မပြီးနိုင်ဘူး” လို့ ညည်းတွားတတ်ကြတာ သဘာဝပါပဲ။ ဟိုဟာလုပ်ပြီးရင် ဒီဟာက ပေါ်လာစမြဲ၊ တံမြက်စည်းလှည်းပြီးရင် အဝတ်လျှော်ရမယ်၊ ချက်ပြုတ်ပြီးရင် ပန်းကန်ဆေးရမယ်။ ဒီလို အဆုံးမရှိတဲ့ အလုပ်တွေကြားထဲမှာ စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး “ငါပဲ လုပ်နေရတယ်”၊ “ငါပဲ ပင်ပန်းနေတယ်” ဆိုတဲ့ အစွဲတွေ ဝင်လာတတ်ပါတယ်။
ဒါပေမဲ့ အိမ်မှုကိစ္စတွေ လုပ်နေတဲ့အချိန်ဟာ ဝိပဿနာ တရားအားထုတ်ဖို့ အကောင်းဆုံး အချိန်တစ်ခု ဖြစ်နိုင်တယ်ဆိုတာကိုရော သတိထားမိကြပါသလား။
တံမြက်စည်းလှည်းနေတဲ့ အခိုက်အတန့်ကိုပဲ နမူနာကြည့်ရအောင်။ လက်က တံမြက်စည်းကို ကိုင်ပြီး လှုပ်ရှားနေတယ်။ အဲဒီ လှုပ်ရှားမှုက ရုပ်တရား ပါ။ အဲဒီ လှုပ်ရှားမှုကို သိနေတဲ့ စိတ်ကလေးက နာမ်တရား ပါ။ တံမြက်စည်းနဲ့ ကြမ်းပြင် ထိတွေ့တဲ့အသံကို ကြားလိုက်ရတယ်။ အဲဒါ ကြားသိစိတ် (နာမ်တရား) ပါ။ ဖုန်တွေ ပြောင်စင်သွားလို့ စိတ်ထဲမှာ ကျေနပ်သွားတယ်။ အဲဒါ ခံစားချက် (နာမ်တရား) ပါ။
ဒီဖြစ်စဉ်တစ်ခုလုံးကို သေသေချာချာ သတိကပ်ပြီး စောင့်ကြည့်လိုက်ရင် “ငါ” ဆိုတဲ့ ပိုင်ရှင် လုံးဝ မပါဝင်တာကို တွေ့ရပါလိမ့်မယ်။ အကြောင်းတိုက်ဆိုင်လို့ ရုပ်တရားက လှုပ်ရှားတယ်၊ နာမ်တရားက သိတယ်၊ ပြီးရင် သူ့သဘာဝအတိုင်း ပြန်ပျက်သွားတယ်။ ဒါပါပဲ။
ဖုန်တွေ ပြောင်သွားလို့ ကျေနပ်တဲ့စိတ် ပေါ်လာတဲ့အခါမှာလည်း အဲဒီ ကျေနပ်မှုကို “ငါ့ကျေနပ်မှု” လို့ မစွဲဘဲ “ကျေနပ်တဲ့ သဘောတရားလေး ဖြစ်ပေါ်လာပါလား” လို့ အရှိကို အရှိအတိုင်း မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။ အဲဒီလို ကြည့်တတ်ရင် အစွဲအလမ်း (ဒိဋ္ဌိ) ကင်းပြီး တကယ့်ကို အေးချမ်းသွားပါလိမ့်မယ်။
ဒါကြောင့် နောက်တစ်ခါ အိမ်မှုကိစ္စတွေ လုပ်နေတဲ့အခါ၊ ချက်ပြုတ်နေတဲ့အခါ၊ အဝတ်လျှော်နေတဲ့အခါ “ငါ လုပ်နေတယ်” ဆိုတဲ့ အစွဲမပါဘဲ ရုပ်နဲ့နာမ်ရဲ့ အလုပ်လုပ်ပုံသက်သက်ကို ဉာဏ်နဲ့ သိလိုက်တာဟာ အကောင်းဆုံးသော လက်တွေ့ ဝိပဿနာပါပဲ။
ကျနော်ရေးတဲ့ စာတွေရဲ့ ရည်မှန်းချက်ကတော့ လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပါပဲ။ အားလုံးပဲ အစွဲအလမ်းကင်းကင်းနဲ့ အိမ်မှုကိစ္စတွေကြားမှာ တကယ့်ကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။


Leave a Reply