လောကမှာ လူတွေကို သံသရာထဲ နစ်မြုပ်စေတတ်တဲ့ အာသဝတရား လေးပါး ရှိပါတယ်။ အဲဒါတွေကတော့ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ နဲ့ အဝိဇ္ဇာသဝ တို့ပါပဲ။ အဝိဇ္ဇာသဝ ဆိုတာကတော့ သစ္စာလေးပါးကို မသိတဲ့အတွက် သံသရာထဲ နစ်မြုပ်နေရတာ ဖြစ်ပါတယ်။ ဒီ အဝိဇ္ဇာသဝကနေ လုံးဝ ကင်းစင်လွတ်မြောက်ချင်ရင်တော့ ရဟန္တာဖြစ်မှသာ ရမှာပါ။ သောတာပတ္တိ ပထမမဂ်မှာတော့ အဝိဇ္ဇာသဝရဲ့ လေးပုံတစ်ပုံကို ပယ်သတ်နိုင်ပါတယ်။

နေ့စဉ်ဘဝမှာ လူတွေကို အများဆုံး ဒုက္ခပေးပြီး အပါယ်ကျအောင် လှည့်စားနေတာကတော့ ကာမာသဝ၊ ဘဝါသဝ နဲ့ ဒိဋ္ဌာသဝ တွေပါပဲ။ ကာမာသဝ ဆိုတာ ကာမဂုဏ်အာရုံတွေကို လိုချင်နှစ်သက်တာပါ။ ဥပမာ- ကိုယ့်သားသမီးလေးတွေ အဆင်ပြေတာကို မြင်ချင်တယ် ဆိုပါစို့။ “ငါ့သားသမီး” လို့ ထင်နေတာက ဒိဋ္ဌာသဝ ဖြစ်ပြီး၊ “အဆင်ပြေတာ မြင်ချင်တယ်” ဆိုတဲ့ ဆန္ဒက ကာမာသဝ ပါ။ ဒီတရားနှစ်ပါး ပေါင်းပြီး နစ်မြုပ်သွားတဲ့အခါ သံသရာက လွတ်မြောက်ဖို့ထက် လောကီအဆင်ပြေရေးအတွက်ပဲ လုံးပန်းနေကြတော့တာပါပဲ။

သားသမီးက မိဘအပေါ် ခင်တွယ်တာပဲဖြစ်ဖြစ်၊ မိဘက သားသမီးအပေါ် ခင်တွယ်တာပဲဖြစ်ဖြစ် အားလုံးဟာ ဒိဋ္ဌာသဝ နဲ့ ကာမာသဝ တွေချည်းပါပဲ။ မိုးကုတ်ဆရာတော်ဘုရားကြီး အမြဲဟောလေ့ရှိသလို “ကိုယ့်သားသမီး ကိုယ်ခင်တာ ဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်ပါဘူး၊ အပါယ်သွားတာပေါ့” ဆိုတဲ့ စကားလိုပါပဲ။ “ငါ့ဟာ၊ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဇနီး” ဆိုတဲ့ စွဲလမ်းမှုစိတ်တွေဟာ သေလွန်တဲ့အခါ ပြိတ္တာဘဝကို အကျိုးပေးတတ်ပါတယ်။ မသိမှု မောဟနဲ့ တွေတွေဝေဝေ သေဆုံးရရင်လည်း တိရစ္ဆာန်ဘဝကို ရောက်ရတတ်ပါတယ်။

ဒါပေမယ့် ဒိဋ္ဌာသဝတိုင်းကတော့ အပါယ်ကိုချည်း ပို့တာ မဟုတ်ပါဘူး။ “ငါ လှူထားတယ်၊ ငါ သီလလုံတယ်” ဆိုတဲ့ ကြည်နူးတဲ့စိတ်မျိုးကတော့ သုဂတိနတ်ပြည်ကို ရောက်စေနိုင်ပါတယ်။ ဒါကတော့ ငြင်းစရာမရှိပါဘူး။ သို့သော် သံသရာဝဋ်ဆင်းရဲကနေ အပြီးတိုင် လွတ်မြောက်ဖို့ ဆိုရင်တော့ ဒီ ဒိဋ္ဌာသဝကို အရင်ဆုံး ပယ်သတ်နိုင်အောင် ကြိုးစားရမှာပါ။ “ငါ၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ” ဆိုတဲ့ ဒိဋ္ဌာသဝ ခေါင်းဆောင်ကြီးကနေတဆင့်၊ လိုချင်တပ်မက်တဲ့ ကာမာသဝနဲ့၊ ဘဝကို တွယ်တာတဲ့ ဘဝါသဝတွေ အားကောင်းလာပြီး သံသရာကနေ မလွတ်မြောက်နိုင်အောင် ဆွဲချနေတာ ဖြစ်ပါတယ်။ ဒီ ဒိဋ္ဌာသဝ ခေါင်းဆောင်ကြီးကိုသာ ပယ်သတ်နိုင်ခဲ့ရင်၊ သူ့နောက်က ပါလာမယ့် အပါယ်ကျစေနိုင်တဲ့ ကာမာသဝ၊ ဘဝါသဝတွေ အလိုလို ပယ်ကျသွားမယ့်အပြင်၊ အဝိဇ္ဇာသဝရဲ့ လေးပုံတစ်ပုံပါ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ပုထုဇဉ်တွေကြားထဲ နေထိုင်ရတဲ့အခါ သူတို့က ကိုယ့်ကို ကန့်လန့်တိုက်တယ်ပဲ ပြောပြော၊ ကိုယ့်ဘက်ကတော့ “ငါ၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ၊ ငါ့သားသမီး၊ ငါ့ဆွေမျိုး၊ ငါ့ဘဝ” ဆိုတဲ့ အစွဲအလမ်းတွေကို ပြတ်ပြတ်သားသား စွန့်လွှတ်ပယ်ခွာဖို့ လိုအပ်ပါတယ်။ ရုပ်နာမ် ခန္ဓာငါးပါးအပေါ်မှာ “ငါ” လို့ ထင်နေတဲ့ အစွဲကို ကျွတ်ထွက်သွားအောင် ကြိုးစားရပါမယ်။

တစ်ခု လိုချင်ရင် တစ်ခုကိုတော့ လက်လွှတ်ရမှာပါပဲ။ လောကဝတ်ဆိုတဲ့ အရာတွေနဲ့ အလှည့်စားခံမနေပါနဲ့တော့။ ရခဲလှတဲ့ ဒီလူ့ဘဝလေးမှာ ရှိသမျှ သံယောဇဉ် အကုန်လုံးကို စိတ်ထဲကနေ ခွာချထားပြီး၊ ဝိပဿနာ သမ္မာဒိဋ္ဌိ အမြင်မှန်ကိုသာ မြဲမြံနေအောင် ကြိုးစားကြပါ။ လူမှုရေးအရ မကင်းနိုင်လို့ ဆက်ဆံနေရတာတွေ ရှိရင်တောင်၊ စိတ်ထဲမှာတော့ “ငါ”၊ “သူ” ဆိုတာ လုံးဝမရှိကြောင်း ရှင်းလင်းပြတ်သားနေပါစေ။ ရှေ့မှာ ရေးခဲ့သလိုပဲ အားလုံးဟာ ရုပ်နာမ် ဖြစ်ပျက် သင်္ခါရတရားတွေမျှသာ ဖြစ်တယ်လို့ မြင်အောင်ကြည့်ပါ။ သင်္ခါရတရားတွေသာ ဖြစ်တဲ့အတွက် ဘာမှ တုန်လှုပ်စရာ၊ တောင့်တစရာ၊ ကြောင့်ကြစရာ မလိုတော့တဲ့ စိတ်အခြေအနေ (သင်္ခါရုပေက္ခာဉာဏ်) လောက်နဲ့ ဒီဘဝကို အဆုံးသတ်နိုင်အောင် ကြိုးစားပါ။ အကောင်းဆုံးကတော့ ယခု လက်ရှိဘဝမှာတင် အနည်းဆုံး မဂ်တစ်ပါး၊ ဖိုလ်တစ်ပါး (သောတာပတ္တိမဂ်ဖိုလ်) ရရှိအောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *