အကျင့် မပါပဲ အသိတမျိုးတည်းနဲ့ မဂ်ကျတယ် ဆိုတာဟာ ဖြစ်နိုင်မလား ဆိုတဲ့ မေးခွန်းရှိပါတယ်။ တကယ် တော့ အသိလဲ လိုအပ်သလို အကျင့်လဲ မရှိမနေ လိုအပ်တယ်လို့ပဲ အတွေ့အကြုံအရ ပြောရမှာပါပဲ။ တကယ်လို့ များ အသိနဲ့ပဲ တရားရနိုင်တယ် ဆိုရင်တော့ ကျနော့်အနေနဲ့ ပိုတောင် သဘောကျပါသေးတယ်။ ဖြစ်နိုင်အောင် လဲ ကြိုးစားပြီး စာရေးပါတယ်။

ဒါပေမယ့် ပြသနာက ဝိပ္ပလ္လာသ ဆိုတဲ့ တရား ဆယ့်နှစ်ပါးပါ။ ဝိပ္ပလ္လာသ ဆိုတာက မှောက်မှားခြင်းပါ။ တနည်းအားဖြင့် မှားယွင်းစွာ ယူဆမှု၊ မှားယွင်းစွာ သိမှု နဲ့ မှားယွင်းစွာ မှတ်သားမှု (ထင်မှု) ပါ။ ဝိပ္ပလ္လာသ မှာ ပါတဲ့ တရားတွေက နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဆိုတဲ့ လေးမျိုးပါ။

အဲဒီတော့ နိစ္စ ဝိပ္ပလ္လာသမှာပဲ သုံးမျိုးရှိပါတယ်။ နိစ္စ (မြဲတယ်) လို့ မှားယွင်းစွာ ယူဆထားမှု၊ မှားယွင်းစွာ သိမှု နဲ့ မှားယွင်းစွာ မှတ်သားမှုပါ။ နိစ္စ ဝိပ္ပလ္လာသ က လူတွေကို ဘယ်လောက်တောင် မှောက်မှားစေလဲ ဆိုတော့ မနေ့က ငါ နဲ့ ဒီနေ့ ငါ တူတူပဲ၊ ခုနဏ ငါနဲ့ အခုငါ တူတူပဲလို့ ယူဆထားပြီး လူတွေက သေသာ သွားကြတယ် ဘယ်သူမှ သေမယ်လို့ မထင်ကြ သိမနေကြပါဘူး။ ကိုယ်တော့ အသက်ရှည်ဦးမယ်ပဲ ထင်ကြတာပါ။ ဒီနေရာမှာ အနိစ္စ ဆိုတဲ့ အမှန်တရားကို လက်ခံ နိုင်ဖို့အတွက်က တရားဟောယုံနဲ့ ရပါတယ်။ အယူ အနေနဲ့ စင်ကြယ်နိုင်ပါတယ်။ ဒါပေမယ့် အသိ နဲ့ အထင် စင်ကြယ် ဖို့ ဆိုရာမှာတော့ ဖြစ်ပျက် ကို ရှုမှတ် ခြင်း ဆိုတာ လိုအပ်ပါတယ်။ ဖြစ်ပျက် ရှုမှတ်တယ် ဆိုတာက ခန္ဓာမှာ ရှိတဲ့ မမြဲခြင်း သဘောကို စိတ္တ နဲ့ သညာ ဝိပ္ပလ္လာသတွေ ပျောက်စေဖို့အတွက် ရှုမှတ်ရခြင်းပါ။ လောကကြီးမှာ ဘာပဲ ဖြစ်ဖြစ် ဖြစ်ပျက်များ သက်သက်သာ ဆိုတာကို သဘောပေါက်လာတဲ့ အထိ ကြိုးစားရပါတယ်။ ဒီအပိုင်းက အားမထုတ်ပဲ မရနိုင်ပါ။ သွားရင် လာရင်း ဆင်ခြင်တာကလဲ ပထမဆုံး အားထုတ်ထားမှ ဆင်ခြင်နိုင်မှာပါ။

အတ္တ ဝိပ္ပလ္လာသ မှာလဲ သုံးမျိုးရှိပါတယ်။ ကိုယ့်ကို ကိုယ် ငါလို့ ယူဆ ထားတယ်၊ ငါလို့ သိထားတယ်၊ ငါလို့ မှတ်သားတယ် (ထင်တယ်) ဆိုတဲ့ သုံးမျိုး ပါ။ အနတ္တ ဆိုတဲ့ သဘောက ဆင်ခြင်လို့ရပါတယ်။ တရားနာရင်း နာလည်အောင် လုပ်လို့ ရပါတယ်။ ဒါပေမယ့် နောက်ဆုံး မဂ်ကျ ဖို့ အပိုင်းမှာတော့ အနိစ္စ နဲ့ အနတ္တကို အရှင်းလင်းဆုံး မြင်ဖို့ လိုအပ်ပါတယ်။ ဒါမှပဲ သုခ ဆိုတဲ့ အယူ ပျောက်မှာပါ။

အရေးအကြီးဆုံးကလဲ သုခဆိုတဲ့ အယူ ပျောက်ဖို့ပါပဲ။ ရုပ်နာမ် ဆိုတဲ့ သင်္ခါရ တရားတွေဟာ မြဲလဲ မမြဲဘူး ငါ သူ လို့လဲ ဆိုလို့မရဘူး။ အဲဒီအတွက် သင်္ခါရ တရားဟာ ဒုက္ခသက်သက်ပဲ ဆိုတာကို ကောင်းစွာ သဘောပေါက် သွားတာ မဂ်ပါ။

အတိုချုပ်ပြောရရင် သုခ ဆိုတဲ့ အယူ ပျောက်သွားတဲ့ထိ ရှုမှတ်ရမှာမို့ ကျနော့်အတွက်တော့ အနိစ္စနဲ့ အနတ္တ ကို ဉာဏ်ပေါက်မှုက အရေးကြီးပါတယ်။ အနတ္တ ဆိုတာကို သဘောပေါက် နားလည်အောင် လုပ်နိုင်ပေမယ့် တကယ် ပြုတ်တာက ရှုမှတ်မှုနဲ့မှ ပြုတ်တာပါ။

အလွယ်လမ်းမလိုက်ပဲ လမ်းအမှန်ကို လိုက်ပါလို့ပဲ ပြောရင်း နိဂုံးချုပ်ပါရစေ။


Leave a Reply

Your email address will not be published. Required fields are marked *