မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်အယူဝါဒ မှ မယှဥ်နိုင်တဲ့ အကြောင်း ကတော့ တရားတော်တွေရဲ့ ဧဟိ ပတ္တိကော၊ အကာလိကော ဆိုတော့ ဂုဏ်တော်ပါပဲ။ လာလှည့် ကျင့်လှည့်ပါ ဆိုတဲ့ ဂုဏ်တော်နဲ့ အခါမလပ် အကျိုးပေးတယ် ဆိုတဲ့ ဂုဏ်တော်ပါပဲ။ လာလှည့် ကျင့်လှည့်ပါ ဆိုတဲ့ နေရာမှာလဲ မျက်စိ စုံမှိတ်ပြီး လိုက်နာခိုင်းတာမျိုး မဟုတ်ပါဘူး။

အပြင်းအထန်ကို စမ်းစစ်လေ့လာခိုင်းတာပါ။ အဲလိုပါပဲ အခါမလပ် အကျိုးပေးတယ် ဆိုတဲ့ ဂုဏ်တော်ဟာလဲ ယုံကြည်မှ အကျိုးပေမယ်ဆိုတဲ့ ဂုဏ်တော်မဟုတ်ပါဘူး။ အပြင်းအထန် စမ်းစစ်ဝေဖန်ခြင်းကြောင့် အမှန်သိမြင် ခြင်းဆိုတာ ဖြစ်လာပြီး။ အမှန်သိခြင်းကြောင့် ပူလောင်နေတဲ့ ကိလေသာတွေ ငြိမ်းအေးခြင်း၊ အကုသိုလ်တရားများ မဖြစ်စေခြင်း၊ ကုသိုလ်တရားများ တိုးပွားစေခြင်းတို့ ဖြစ်စေပါတယ်။

ဒီတရားတော်များကို လေ့လာစမ်းစစ် ဝေဖန်တဲ့ အခါမှာ ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ ဒိဋ္ဌိဆိုတဲ့ ကိလေသာ ပါပဲ။ သူ့ကို တရားကိုယ်ကောက်ရင်တော့ တွေဝေခြင်း မိုက်မဲခြင်းဆိုတဲ့ မောဟပါပဲ။ သူနဲ့ ဆန့်ကျင်ဖက်ကတော့ အမှန်သိမြင်ခြင်း၊ မတွေဝေခြင်း ဆိုတဲ့ အမောဟပါပဲ။ ဘယ်ပေါ်မှာ တွေဝေနေတာလဲ မသိတာလဲ ဆိုရင်တော့ သက္ကာယ ဆိုတဲ့ ရုပ် နဲ့ နာမ် ခန္ဓာငါးပါးပေါ်မှာ မသိခြင်းကြောင့် ဖြစ်တဲ့ တွေဝေမှု မှားယွင်းစွာ ကြံစည်မှုပါပဲ။ အဲဒါကြောင့် ပထမဆုံးအနေနဲ့ ရုပ် နာမ် ဆိုတာကို သိဖို့လိုပါတယ်။ ရုပ် ဆိုတာ ဘာလဲ ဆိုတာနဲ့ ပါတ်သက်ပြီး အဋ္ဌကလာပ် အစရှိသဖြင့် ဇာချဲ့နေတာဟာ မလိုလားအပ်တဲ့ ကိစ္စဖြစ်ပါတယ်။ ရုပ်ဟာ အထည်မရှိဘူး၊ အထည်မရှိတဲ့ ရုပ်ကို မြင်မှ ပရမတ်ရုပ်ကို မြင်တယ် ဆိုတာမျိုးကို ကျနော်လုံးဝ လက်မခံပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီစကားကို မြတ်စွာဘုရားလဲ မဟောခဲ့သလို အဂ္ဂသာဝက၊ မဟာသာဝက တို့လဲ မဟောခဲ့လိုပါပဲ။ အဋ္ဌကလာပ်ဆိုတဲ့ အယူအဆကလဲ ရုပ်အကြောင်းကို ရှင်းပြထားတဲ့ အဘိဓမ္မ ဓမ္မသင်္ဂဏီမှာ မပါပါဘူး။ ဒီထက် ပိုပြောရရင် ပိဋိကတ်တော်မှာကို မပါပါဘူး။ ဋီကာမှာသာ ပါလာတဲ့ စကားဖြစ်ပါတယ်။ ထေရဝါဒ အနေနဲ့ အသစ်မထည့်သွင်းရ မပြုပြင်ရဆိုတဲ့ ခိုင်မာတဲ့ မူကို ဖောက်ဖျက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ အကျိုးရှိဖို့ထက် အကျိုးယုတ်မယ့်ကိစ္စလို့ မြင်ပါတယ်။ ဓမ္မ သင်္ဂဏီမှာ ရုပ်နဲ့ ပါတ်သက်ပြီး ထိပါး၍ ရသောရုပ်၊ မြင်ရသောရုပ် ဆိုပြီး အတိအကျပါပါတယ်။ ထိပါး၍ ရသောရုပ်ကို အထည်မရှိပါဘူး ဆိုရင်တော့ စကားက ရှေ့နောက်မညီ တဲ့အတွက် ဘယ်လိုမှ ဉာဏ်ဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ရုပ်ဆိုတာနဲ့ ပါတ်သက်ပြီး ဘာကို ရုပ်လို့ ရှုရမလဲ ဆိုတာနဲ့ ပါတ်သက်ရင် ကာယာနုပဿနာမှာ သေသွားတဲ့ အလောင်းကောင်ကို ရုပ်အဖြစ် ရှုရမယ်လို့ ပါပါတယ်။ ရုပ်ဆိုတာသည် အလောင်းကောင်ကဲ့သို့ သိတတ်သော သဘောမရှိ၊ ခံစားတတ်သောသဘောမရှိ၊ မှတ်သားမှု သဘောမရှိ၊ ပြုပြင်မှု စေ့ဆော်မှု သဘောမရှိ။ မြင်ရသော၊ ထိပါး၍ ရသော ဤကိုယ်ကောင်ကြီးကို ရုပ်ဟု ခေါ်သည် လို့ပဲ ပြောချင်ပါတယ်။ နာမ် ဆိုတာကတော့ အကောင်အထည်မရှိတဲ့ မမြင်ရတဲ့ ထိပါးလို့မရတဲ့ ခံစားတဲ့သဘော၊ မှတ်သားတဲ့သဘော၊ သိမှုသဘော၊ စေ့ဆော်မှု သဘောကို နာမ်လို့ ခေါ်ပါတယ်။

အဲဒီလို ရုပ်နဲ့ နာမ်ရဲ့သဘောကို သိရင်ပဲ ကျွန်တော်တို့အနေနဲ့ ငါ ဆိုတာဟာ ဘာကိုခေါ်တာလဲ ဆိုပြီး စမ်းစစ်ကြည့်နိုင်ပါပြီ။ အနတ္တပဲ အနတ္တပဲ ဆိုပြီး သဒ္ဓါတရားထက်ထက်သန်သန်နဲ့ ထိုင်ယုံနေမယ်၊ ထိုင်ရွတ်နေမယ် ဆိုရင် ကိစ္စပြီးမှာ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကနေ ငါဆိုတာ ဒါကို ခေါ်တာကွ ဒီလိုကွ ရှိတယ်ကွ ဆိုတဲ့သဘောနဲ့ အပြင်းအထန်သာ ငြင်းခုန်ကြည့်ပါ။ ကိုယ်သိထားတဲ့ ငါဆိုတာ ဘာကို ရည်ရွယ်တာလဲ တကယ်ရှိရဲ့လား ဆိုတာမျိုး စမ်းစစ်ကြည့်စေချင်ပါတယ်။

အဲဒီတော့ ရုပ်ကို ငါလို့ ခေါ်မလား၊ ဝေဒနာကို ငါလို့ခေါ်မလား၊ သညာကို ငါလို့ခေါ်မလား၊ သိမှု ဝိဉာဏ်ကို ငါလို့ ခေါ်မလား၊ စေ့ဆော်မှုစေတနာကို ငါလို့ ခေါ်မလား စဥ်းစားဖို့ လိုပါပြီ။ အဲဒီ ငါဆိုတဲ့ အတ္တဆိုတဲ့ အယူနဲ့ ပါတ်သက်ပြီးလဲ အထွေအထူး ဘာသာပြန်နေစရာ မလိုပါဘူး။ ဒိဋ္ဌိဆိုတဲ့ ကိလေသာဟာ အမြဲဆိုသလို ဖြစ်နေတတ်တဲ့ ကိလေသာပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ဆိုတဲ့သဘော ငါဆိုတဲ့သဘော အတ္တဆိုတဲ့သဘော ထင်နေတဲ့ အထင်ဟာ မှန်သလားလို့ စမ်းစစ်ယုံပါပဲ။ အထင်ရှားဆုံး ယူဆထားမှုကတော့ ခိုင်မြဲတယ်၊ ကိုယ့်အလို လိုက်တယ် ဆိုတဲ့သဘောပါပဲ။ အဲဒီတော့ ရုပ်ဟာ ခိုင်မြဲသလား စဥ်းစားပါ။ ရုပ်သာ ခိုင်မြဲနေရင် ဘယ်သူမှ အိုကြ နာကြ သေကြတော့မှာ မဟုတ်ပါဘူး။ လက်သည်းတွေလဲ ရှည်လာမှာမဟုတ်သလို ဆံပင်တွေလဲ ရှည်လာမှာ မဟုတ်ပါဘူး။ ရုပ်သာ ကိုယ့်အလိုလိုက်ရင် ပလတ်စတစ် ဆာဂျရီတောင် လုပ်စရာ လိုမှာ မဟုတ်ပါဘူး။ အဲဒီတော့ ရုပ်သည် သူ့သဘာဝအတိုင်း သူဖြစ်နေတယ်၊ ဖောက်ပြန်ပျက်စီးနေတယ်၊ မခိုင်မြဲဘူး၊ အလိုမလိုက်ဘူး ဆိုတာရှင်းသွားပါလိမ့်မယ်။ အဲဒါဆိုရင် ရုပ်ဆိုသည် ငါမဟုတ်၊ အတ္တမဟုတ်၊ ကိုယ်ဆိုတာလဲ မဟုတ် အနတ္တ ဆိုတာကို သိလောက်မယ် ထင်ပါတယ်။

အဲဒီနောက်မှာတော့ နာမ်တရားတွေကို စမ်းစစ်ကြည့်ပါ။ နာမ်တရားတွေဟာ မမြင်ရတဲ့၊ ထိပါးလို့မရတဲ့ တရားတွေသာ ဖြစ်တယ် ဆိုတာကို ပထမဆုံး နားလည်ထားဖို့ လိုပါတယ်။ အဒီတော့ ပထမဆုံး ခံစားမှု ဝေဒနာနဲ့ ပါတ်သက်ပြီးလဲ စမ်းစစ်ကြည့်ပါ။ ခံစားမှု ဝေဒနာဆိုတာ ခိုင်မြဲသလား၊ ကိုယ့်အလိုလိုက်သလား စဥ်းစားပါ။ ဝေဒနာ ဆိုတာသည် အမြဲဖြစ်ပျက်နေတာကို သိနိုင်ပြီး၊ ကိုယ့်အလိုကိုလဲ မလိုက် သူ့သဘောအတိုင်း သူဆောင်နေတယ် ဆိုတာကို သဘောပေါက်နိုင်ပါတယ်။ အဲဒီတော့ ဝေဒနာသည် ဘယ်လိုဖြစ်သလဲ ဆိုရင် အကြောင်းတိုက်ဆိုင်တဲ့ အခါမှာ ပေါ်လာတာ ဖြစ်ပြီး ပျက်သွားတတ်တဲ့ သဘောသာရှိနေပါတယ်။ အဲဒီတော့ ဝေဒနာ ဆိုတာသည်လည်း ကိုယ်စွဲယူထားတဲ့ ငါဆိုတာလဲ မဟုတ်၊ ကိုယ်ဆိုတာလဲ မဟုတ်၊ အတ္တဆိုတာလဲ မဟုတ်ကြောင်း သိသာပါတယ်။ အတ္တဆိုတာကတော့ ပြုပြင်စီရင်နိုင်စွမ်းရှိသော အမြဲတည်ရှိနေသော ဆိုတဲ့ အဓိပ္ပါယ် ယူရပါမယ်။ ငါဆိုတဲ့ အယူနဲ့တူတူပါပဲ။ အဲဒီတော့ ဝေဒနာသည်လည်း အတ္တမဟုတ် ငါမဟုတ်၊ အနတ္တ ဆိုတာထင်ရှားပါတယ်။

အဲဒီနောက်တော့ သိမှုဆိုတဲ့ ဝိဉာဏ်ကို ငါလို့ ခေါ်မလား စဥ်းစားကြည့်ပါ။ သိမှုဆိုတဲ့ သဘောသည်လည်း အကြောင်းတိုက်ဆိုင်ရင် ပေါ်လာပြီး ပျောက်သွားတာပါ။ ဒီစာကို ဖတ်တဲ့အချိန်မှာလဲ သိမှုဆိုတာတွေ ဆက်ခါ ဆက်ခါ ဖြစ်ပြီးပျက်နေတာပါ။ ဒါကို သဘောပေါက်မယ်ဆိုရင် သိမှုဆိုတာသည်လည်း အတ္တမဟုတ် မခိုင်မြဲ၊ ကိုယ့်အလိုကို မလိုက်၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြီး ပျက်သွားတဲ့ တရားသက်သက်သာ ဆိုတာကို နားလည်နိုင်ပါတယ်။ အဲဒီတော့ သိမှုဆိုတဲ့ ဝိဉာဏ်သည်လည်း အတ္တမဟုတ် အနတ္တပါ။

မှတ်သားမှုဆိုတဲ့ သညာ ဟာလဲ ဖြစ်ပြီးပျက်တဲ့တရားသာ ဖြစ်ပါတယ်။ သူသည်လဲ အကြောင်းတိုက်ဆိုင်တဲ့ အခါမှာ ပေါ်လာတာ ဖြစ်ပါတယ်။ ခိုင်မြဲနေတဲ့ တရားမဟုတ်ပါဘူး။ ခိုင်မြဲနေတယ်ဆိုတာကလဲ သဘာဝမကျပါဘူး။ ဘောလုံးဆိုတဲ့ ရုပ်ကို မြင်လိုက်ရင် မက်စီဆိုတဲ့ သညာ ဖြစ်ချင် ဖြစ်လာမှာပါ။ မက်စီ ဆိုတဲ့ သညာ ဖြစ်တဲ့အခါမှာလဲ တခြားသညာတွေ ဖြစ်မနေပါဘူး။ မက်စီဆိုတဲ့ သညာ သည်လည်း ခိုင်မြဲတဲ့ အလိုလိုက်တဲ့ အတ္တမဟုတ်၊ သူ့သဘော သူဆောင်ပြီး အကြောင်းတိုက်ဆိုင်တဲ့အခါမှာ ပေါ်လာပြီး ပျက်သွားတတ်တဲ့ တရားသာ ဖြစ်ပါတယ်။ အဲဒီတော့ သညာသည်လည်း အတ္တမဟုတ် အနတ္တဆိုတာ ရှင်းမယ်ထင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ စေ့ဆော်မှုဆိုတဲ့ စေတနာပါပဲ။ ဒီစေ့ဆော်မှုဆိုတဲ့ စေတနာလေးကိုပဲ ငါလုပ်တယ် ငါပြောတယ် ငါကြံတယ် ဆိုပြီး ထင်နေကြတာပါ။ တကယ်တော့ စေ့ဆော်မှုဆိုတဲ့ စေတနာသည် လိုချင်မှုကြောင့်သော်လည်းကောင်း၊ ငါဆိုတဲ့ အထင်မှားမှုကြောင့်သော်လည်းကောင်း ဖြစ်လာတဲ့တရားသာ ဖြစ်ပါတယ်။ ဒီစေ့ဆော်မှုလေးဟာ ခိုင်မြဲတဲ့သဘောလဲ မရှိပါဘူး။ သူသည် အကြောင်းတိုက်ဆိုင်တဲ့အခါမှာသာ ပေါ်လာတာဖြစ်ပြီး သူက ခိုင်မြဲတဲ့သဘောနဲ့ အရာရာကို စီရင်ဖန်တီးနေတာလဲ မဟုတ်ပါဘူး။ အဲဒီတော့ စေတနာဆိုတာသည်လည်း ငါမဟုတ်ပါဘူး။ အတ္တလဲ မဟုတ်ပါဘူး။ အနတ္တတရားသာ ဖြစ်ပါတယ်။

အဲဒီတော့ ငါဆိုတာသည် ဘာလဲ ဆိုရင်တော့ မှတ်သားမှုသညာ၊ ထပ်ခါထပ်ခါ အမှားယူစွဲထားမှု၊ မှားယွင်းစွာသိမှု ဝိဉာဏ်တို့ရဲ့ ဖြစ်ခဏလေးပဲ ဖြစ်ပါတယ်။ တကယ်တော့ ငါဆိုတာဟာ ရှိမနေပါဘူး။ လူဆိုတာ၊ သတ္တဝါ ဆိုတာလဲ ရှိမနေပါဘူး။ မျက်လုံးဆိုတဲ့ ရုပ်နဲ့ အဆင်းဆိုတဲ့ ရုပ်ထိပါးလိုက်တဲ့ အခါမှာ မြင်စိတ်ဆိုတဲ့ ဝိဉာဏ်လေး ဖြစ်လာတာပါ။ အဲဒီအခါမှာပဲ မှားယွင်းစွာ ကြံစည်မှုကြောင့် ငါဆိုတဲ့ အတွေးဟာ ပေါ်လာရတာ ဖြစ်ပါတယ်။ တကယ်တော့ ဖောက်ပြန်ပျက်စီးနေတဲ့ ရုပ်နဲ့၊ ဖြစ်ပျက်နေတဲ့ နာမ်တွေပေါ်မှာ မှားယွင်းစွာကြံစမှု ကြောင့် ငါဆိုတဲ့ အထင်၊ အသိ၊ အယူ ဆိုတာဟာ ဖြစ်လာတာပါ။ အဲဒီ အထင်၊ အသိ၊ အယူဆိုတာကလဲ ခိုင်မြဲတဲ့သဘော မရှိပါဘူး။ ဖြစ်ပြီးရင်ပျက်သွားတဲ့ တရားတခုသာ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီအထင်၊ အသိ၊ အယူ ကိုယ်တိုင်ကိုက အတ္တမဟုတ်၊ ငါမဟုတ်၊ အနတ္တသာ ဖြစ်ပါတယ်။

ပြောချင်တာကတော့ ခန္ဓာငါးပါးကို တရားတစ်ခုစီ အနေနဲ့ နားလည်ပြီး အဲဒီခန္ဓာငါးပါးရဲ့ အမြဲဖြစ်ပျက်နေမှုကို နားလည်မယ် ဆိုရင် ငါဆိုတဲ့ အတ္တဆိုတဲ့ သဘောဟာ ဘယ်မှာမှ ရှိမနေပဲ ခန္ဓာငါးပါးဟာ တစ်ခုစီ တစ်ခုစီ သူ့သဘောအတိုင်း သူဖြစ်ပျက်နေတဲ့ အနတ္တတရားတွေ ဆိုတာ နားလည်ဖို့ပါပဲ။ အဲဒါမှသာ ငါဆိုတဲ့ အယူအဆ ကြီးဟာ အင်မတန်ကိုပဲ မှားယွင်းနေကြောင်း တကယ်မရှိကြောင်းကို သဘောပေါက်လာမှာပါ။ အဲဒီလို မှန်ကန်စွာ သိခြင်းကလဲ အကြောင်းတိုက်ဆိုင်ပြီးပေါ်လာတဲ့ ပျက်သွားတတ်တဲ့ အနတ္တတရားဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ဒါဟာ မှန်ကန်စွာ ကြံစည်ခြင်း၊ မှန်ကန်စွာ သိမြင်ခြင်း၊ မှန်ကန်စွာ အားထုတ်ခြင်း၊ မှန်ကန်စွာ သတိရှိခြင်း၊ မှန်ကန်စွာ တည်ကြည်ခြင်းဆိုတဲ့ အနတ္တတရားများ ဖြစ်ပျက်ခြင်းပါပဲ။ ဒါတရားများ ထပ်ခါ ထပ်ခါ ပွားများစေသင့်တယ် ဆိုတဲ့ ပညာ ဆိုတဲ့ အနတ္တတရားဟာ အာရုံ နဲ့ ဒွါရ ဆိုတဲ့ စာဆိုတဲ့အဆင်းနဲ့ မျက်စိ ထိပါးခြင်းကြောင့် ဖြစ်လာရတယ်။ စာသည်လည်း အတ္တမဟုတ်၊ မျက်စိသည်လည်း အတ္တမဟုတ်၊ သိခြင်းသည်လည်း အတ္တမဟုတ်၊ အရာအားလုံးဟာ အနတ္တတရားများ အကြောင်းအကျိုး ဖြစ်ပျက်နေခြင်းသာ ဖြစ်တယ်။ အတ္တဆိုတာ ငါဆိုတာသည် မှားယွင်းစွာ ယူဆထားခြင်းသာ ဖြစ်တယ် ဆိုတာကို ခိုင်ခိုင်မာမာ သိလာပြီ ဆိုရင်တော့ အယူမှား အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ ဆိုတဲ့ အနတ္တတရားဟာ ပါးသထက် ပါးပြီး နောက်ဆုံးမှာ ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဥ်ကိုပဲ တရားအားထုတ်တယ်လို့ ခေါ်တာဖြစ်ပြီး အတ္တဒိဋ္ဌိ တနည်း သက္ကာယဒိဋ္ဌိ နဲ့ သို့လော သို့လော ဆိုတဲ့ ဝီစိကိစ္ဆာ မဖြစ်တော့တဲ့အခါမှာတော့ သောတာပန်လို့ ပညတ်တာပဲ ဖြစ်ပါတယ်။ အဲဒီတော့ အထူးအဆန်းကိစ္စကြီးတော့ မဟုတ်ပါဘူး။ ကြိုးစားသူတိုင်း ဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ အချိန်အနှေး အမြန်ကတော့ ဉာဏ်ပညာ သဒ္ဓါတရား ထိုးထွင်းနိုင်မှု စတာတွေပေါ်မှာ မူတည်ပါလိမ့်မယ်။ အဲဒါကြောင့်လဲ သောတာပန် ဖြစ််ကြောင်း အင်္ဂါနှစ်ချက်သာ လို့ ဟောထားခဲ့တာ ဖြစ်ပါတယ်။ တရားနာခြင်းနဲ့ နှလုံးသွင်းမှန်ခြင်း ဆိုတာပါပဲ။

အဲဒီတော့ ကိုယ်တိုင်ပဲ စဥ်စားပါ သောတာပန် ဖြစ်ဖို့ရာ ပါရမီ ဖြည့်နေရမလား၊ ဒါနတွေချည်း လှိမ့်လုပ်နေရင် သောတာပန် ဖြစ်မလား၊ ဒါမှမဟုတ် ကိုယ်တိုင် ကြိုးစားအားထုတ်ရမလား ဝေဖန် စမ်းစစ်ရမလား ဆိုတာကို အမှန်မြင်ခြင်း ဖြစ်ပါစေ။ အမှန်မြင်ခြင်းဟာ မှားယွင်းတဲ့ အမြင်ပျောက်ကွယ်ဖို့ ဖြစ်သလို၊ မှားယွင်းတဲ့ အမြင်ပျောက်ကွယ်သွားခြင်းဟာလဲ အမှန်မြင်ခြင်းပါပဲ။ တရားတွေအားလုံးဟာ အတ္တမဟုတ် အနတ္တပါ ဆိုတာကတော့ ကိုယ်တိုင် သေသေချာချာ နားလည်ဖို့ ကြိုးစားတော်မူကြပါ။ အဲဒီတော့ စာတွေထဲမှာ ကိုယ်ဆိုတဲ့ စကားလုံး ငါဆိုတဲ့ စကားလုံး တွေမြင်တဲ့အခါတိုင်းမှာ ဆောင်ပြီး ပြောထားတဲ့ စကားတွေ ဖြစ်တယ်ဆိုတာကို ထပ်ခါ ထပ်ခါ ဉာဏ်ဖြစ်အောင် ကြိုးစားနေခြင်းဖြင့်လဲ မှန်ကန်စွာအားထုတ်ခြင်း၊ မှန်ကန်စွာကြံစည်ခြင်း၊ မှန်ကန်စွာ မြင်ခြင်း၊ မှန်ကန်စွာ သတိရှိခြင်း၊ မှန်ကန်စွာ တည်ကြည်ခြင်းဆိုတဲ့ မဂ္ဂင်တွေ အမြဲ ပြည့်နေမှာပါပဲ။ ဒါကြောင့်လဲ မဂ္ဂဗြဟ္မ စရိယာလို့ ခေါ်ခြင်းဖြစ်ပြီး သံသရာက လွတ်မြောက်စေနိုင်တဲ့ မဂ္ဂသစ္စာပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *