စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဆိုတဲ့ ပရမတ္တတရားလေးပါး အကြောင်းကို ကြားဖူးကြပါလိမ့်မယ်။ လောကဆိုတာဟာ အမြဲတမ်း ဖြစ်လိုက်၊ ပျက်လိုက် ဖြစ်နေတဲ့ သဘောရှိလို့ “လောက” လို့ ခေါ်တာပါ။ ဘာကြောင့် ဒီလို အမြဲ ဖြစ်ပျက်နေရသလဲ ဆိုရင်၊ လောကမှာ ရှိသမျှ အရာအားလုံးဟာ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရားတွေ (သင်္ခါရတရားတွေ) ချည်းပဲ ဖြစ်နေလို့ပါ။
စိတ်၊ စေတသိက် နဲ့ ရုပ် ဆိုတာတွေဟာ ဖြစ်ပြီးရင် ပျက်တတ်တဲ့ “သင်္ခါရတရား” တွေ ဖြစ်ပြီး၊ ဒီတရားတွေကိုပဲ “လောက” လို့ ခေါ်တာပါ။ ဒီလောကရဲ့ အလွန်ကိုတော့ “လောကုတ္တရာ” လို့ ခေါ်ပြီး၊ လောကုတ္တရာ ဆိုတာကတော့ နိဗ္ဗာန်တရားပါပဲ။ နိဗ္ဗာန်တရားဟာ ဘယ်အကြောင်းတရားကမှ ပြုပြင် ဖန်တီးထားတာ မဟုတ်တဲ့အတွက် “ဝိသင်္ခါရတရား” လို့ ခေါ်ပါတယ်။ ဖြစ်ခြင်း ပျက်ခြင်း လုံးဝ မရှိ၊ နဂိုရှိပြီးသား တရားဖြစ်တဲ့အတွက် အမြဲတမ်း တည်မြဲပါတယ်။
ရုပ်တရား (အသိအာရုံ ကင်းမဲ့ခြင်း)
“ကျနော်တို့၊ သူတို့” ဆိုတဲ့ စကားလုံးတွေဟာ တကယ်တော့ လူအချင်းချင်း နားလည်မှု၊ သိမှု လွယ်ကူအောင် သုံးနှုန်းထားတဲ့ ပညတ်ချက်တွေ သက်သက်ပါ။ တကယ်တမ်း အရှိတရား အနေနဲ့ ရှိနေတာကတော့ “ရုပ်တရား” နဲ့ “နာမ်တရား” ဖြစ်ပျက်နေမှု သက်သက်သာ ဖြစ်ပါတယ်။
ရုပ်ဆိုတာဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရား လေးပါးရဲ့ ပြုပြင်မှုကြောင့် ဖြစ်လာတဲ့ သင်္ခါရတရားပါ။ ရုပ်မှာ ဘာကိုမှ “သိတတ်တဲ့” သဘော လုံးဝ မရှိပါဘူး။ လက်ရှိ ရုပ်ခန္ဓာကိုယ်ကြီးကို အနီးစပ်ဆုံး နှိုင်းယှဉ် လေ့လာခြင်း ပြုကြည့်မယ် ဆိုရင်၊ အသက်ကင်းမဲ့နေတဲ့ အသုဘ အလောင်းကြီးနဲ့ ဖြစ်စေ၊ သစ်ပင်ကြီး တစ်ပင်နဲ့ ဖြစ်စေ နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။
• ဥပမာ – ငှက်ပျောတုံးကြီး တစ်တုံးကို ခုတ်ထစ်လိုက်ရင် နာကျင်မှန်း မသိသလိုပါပဲ။ သစ်ပင်တွေ၊ အသုဘ လောင်းတွေ ဆိုတာ ရုပ်တရားတွေ ချည်းပါပဲ။ အဲဒီရုပ်တွေမှာ လက်ရှိ ကျနော်တို့ရဲ့ ရုပ်ခန္ဓာလို ကံ နဲ့ စိတ်ရဲ့ ပြုပြင်မှု မခံရတာပဲ ကွာပါတယ်။ ဥတု နဲ့ အာဟာရရဲ့ ပြုပြင်မှုကိုပဲ ခံရတဲ့ ရုပ်တွေပါ။
ရုပ်မှာ သိတတ်တဲ့ သဘော၊ ခံစားတဲ့ သဘော၊ မှတ်သားတဲ့ သဘော၊ စေ့ဆော်တဲ့ သဘော လုံးဝ မရှိပါဘူး။ ငှက်ပျောတုံးလို၊ သစ်ပင်လို ဘာမှမသိတတ်ဘဲ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောသာ ရှိတာ ရုပ်ပါပဲ။
ရုပ်၏ အထည်ဒြပ် နှင့် သဘောတရား
တချို့က “ရုပ်ကို ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာမို့၊ ရုပ်နဲ့ ပတ်သက်ရင် အထည် (ဒြပ်) မရှိတဲ့ သဘောကို မြင်မှသာ တရားနည်းလမ်းကျမယ်” လို့ ယူဆတတ်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ ရုပ်မှာ အထည်မရှိတဲ့ ရုပ် ရှိသလို၊ အထည် (ဒြပ်) ရှိတဲ့ ရုပ်လည်း ရှိပါတယ်။
အကိုးအကား အနေနဲ့ ဓမ္မသင်္ဂဏီ (ရုပ်ပိုင်း) မှာ ဟောထားတာလေးကို ကူးယူ ပြပါရစေ-
(၁) မြင်ခြင်း မြင်အပ်သည်၏ အဖြစ်နှင့် တကွဖြစ်သော ရုပ်သည်ရှိ၏ ‘သနိဒဿနရူပ’ (မြင်အပ် သောရူပါရုံ)။ (၆၅၆)
(၂) မြင်ခြင်း မြင်အပ်သည်၏ အဖြစ်နှင့် တကွမဖြစ်သော ရုပ်သည်ရှိ၏ ‘အနိဒဿနရူပ’ (ရူပါရုံမှတစ်ပါးသော ရုပ်များ)။ (၆၅၇)
(၁) ထိပါး (တိုက်ခိုက်) ခြင်း ထိပါး (တိုက်ခိုက်) တတ်သည်၏အဖြစ်နှင့် တကွဖြစ်သော ရုပ်သည် ရှိ၏ ‘သပ္ပဋိဃရူပ’ (ဩဠာရိကရုပ်)။ (၆၅၈)
(၂) ထိပါး (တိုက်ခိုက်) ခြင်း ထိပါး (တိုက်ခိုက်) တတ်သည်၏အဖြစ်နှင့် တကွမဖြစ်သော ရုပ်သည် ရှိ၏့ ‘အပ္ပဋိဃရူပ’ (သုခုမရုပ်)။ (၆၅၉)
ဒါကြောင့် ရုပ်မှန်သမျှကို အထည်မရှိဘူးလို့ချည်း နှလုံးသွင်းနေတာဟာ နည်းလမ်း အမှားပါ။
အဓိက သိဖို့က ရုပ်သည် အတ္တမဟုတ်၊ ရုပ်မှာ အတ္တ (ငါ၊ အမာခံကောင်) မရှိဘူး ဆိုတာကို သိဖို့ကသာ ပဓာန ကျပါတယ်။ ရုပ်ကို အထည်ဒြပ် ရှိနေလျက်နဲ့ ဘာကြောင့် ‘တရား’ လို့ ခေါ်ရသလဲ ဆိုရင်၊ ရုပ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ရဲ့ ပြုပြင်ဖန်တီးမှုကြောင့်သာ ဖြစ်ပေါ်လာရတဲ့ ‘သင်္ခါရတရား’ ဖြစ်နေလို့ပဲ တရားလို့ ခေါ်ရတာပါ။ ဒါကြောင့် ရုပ်ဆိုတာ ငါ၊ သူတစ်ပါး၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်ဘဲ “တရား သက်သက်သာ” ဆိုတာ ရှင်းလင်းပြီ ထင်ပါတယ်။ ရုပ်ရဲ့ လှုပ်ရှားမှု ဖြစ်စဉ် အားလုံးဟာလည်း ကံကြောင့်ဖြစ်စေ၊ စိတ်ကြောင့်ဖြစ်စေ၊ ဥတု၊ အာဟာရ ကြောင့်ဖြစ်စေ လှုပ်ရှားမှု ဖြစ်ခြင်း သက်သက်ပါပဲ။
နာမ်တရား (သိမှု၊ ခံစားမှု၊ မှတ်သားမှု)
ရုပ်တရားကို ဖယ်လိုက်ရင် ကျန်တဲ့ သိသမျှ၊ ခံစားသမျှ၊ မှတ်သားသမျှ၊ စေ့ဆော်သမျှ အားလုံးဟာ “နာမ်တရား” တွေ ဖြစ်ပါတယ်။
နာမ်တရားကတော့ ဉာဏ်နဲ့ကြည့်ရင် ပိုပြီး ရှင်းပါတယ်။ မျက်လုံးမှိတ်ပြီး ခန္ဓာကို သတိထား ကြည့်လိုက်တာနဲ့ ခံစားရသမျှတွေဟာ တရားတွေချည်းပါပဲ။
• လိုချင်မှု (တဏှာ) ဆိုတာလည်း တရားပါပဲ။
• ထောင်လွှားမှု (မာန) ဆိုတာလည်း တရားပါပဲ။
• ငါ၊ သူ လို့ အထင်မှားမှု (ဒိဋ္ဌိ) ဟာလည်း တရားပါပဲ။
• အပြင်းအထန် လိုချင်မှု၊ လုပ်ချင်မှု၊ စေ့ဆော်မှု (စေတနာ/သင်္ခါရ) တွေဟာလည်း တရားပါပဲ။
စေ့ဆော်မှု ဖြစ်တဲ့အခါ မနောကံ ဆိုရင် နာမ်တရား သက်သက် ဖြစ်ပါတယ်။ ကာယကံနဲ့ ဝစီကံ ဆိုရင်တော့ အဲဒီ စိတ်ကြောင့် ဖြစ်လာတဲ့ ရုပ်တရားရဲ့ ဖောက်ပြန်မှု (စိတ္တဇရုပ်) တွေပါပဲ။ ဒီနာမ်တရားတွေ အားလုံးဟာလည်း အတ္တ မဟုတ်ပါဘူး။ အာရုံ နဲ့ ဒွါရ တိုက်မိတယ် ဆိုတဲ့ “အကြောင်း” ကြောင့် ဖြစ်လာတဲ့ “အကျိုးတရား (သင်္ခါရတရား)” များ သက်သက်သာ ဖြစ်ပါတယ်။
• ဥပမာ – သိမှု (ဝိဉာဏ်) ဆိုတာလည်း အာရုံတစ်ခု ပေါ်လာလို့သာ ဖြစ်လာတာမို့ သူဟာလည်း အတ္တ မဟုတ်ပါဘူး။
နိဂုံးချုပ်
အဓိက ပြောချင်တာကတော့၊ ရုပ်နဲ့ နာမ်ကို ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာပြီး ကြည့်လိုက်တဲ့ အခါမှာ “အတ္တ” ဆိုတာ လုံးဝ မရှိပါဘူး။ ဘယ်တုန်းကမှလည်း မရှိခဲ့ပါဘူး။ တရားတွေချည်းပဲ အကြောင်းကြောင့် အကျိုး အဆက်မပြတ် ဖြစ်နေခြင်း သက်သက်သာ ဖြစ်ပါတယ်။ (အသေးစိတ် သတ္တိတွေနဲ့ အကျိုးပေးပုံတွေကိုတော့ ပဋ္ဌာန်းတရားတော်မှာ လေ့လာ မြင်တွေ့နိုင်ပါတယ်)။
အခု ဒီစာကို ဖတ်လိုက်လို့ ဖြစ်လာတဲ့ “အမှန်သိမှု” ဆိုတာဟာလည်း၊ စာဆိုတဲ့ အာရုံက ကျေးဇူးပြုလိုက်လို့ ဖြစ်ပေါ်လာတဲ့ သင်္ခါရတရား သက်သက်သာ ဖြစ်ပါတယ်။ သင်္ခါရတရား တွေဟာ အမြဲတမ်း ပျက်နေပါတယ်။ သင်္ခါရတရား (ရုပ်နာမ်) တွေနဲ့ ဝိသင်္ခါရတရား (နိဗ္ဗာန်) တရားများ အားလုံးသည် အတ္တမဟုတ်၊ အတ္တမရှိ၊ အနတ္တ သက်သက်သာ ဖြစ်ပါတယ်။ သင်္ခါရတရားတိုင်းဟာ စက်ဆုပ်စရာ အသုံးမကျသော ဒုက္ခ (ဒုက္ခသစ္စာ) ကြီး ဖြစ်တယ် ဆိုတာကို နားလည်ဖို့က အဓိကပါပဲ။
အရာအားလုံးသည် တရားများသာ ဖြစ်ပါတယ်။ လောကမှာ အကြောင်းအကျိုး ဖြစ်ပျက်နေခြင်း (သင်္ခါရ) သာ ရှိပြီး၊ လောကရဲ့ အလွန်မှာတော့ ငြိမ်းချမ်းသော သုညတဓမ္မ ဝိသင်္ခါရ အသင်္ခတ နိဗ္ဗာန် ရှိပါတယ်။ လောက နဲ့ လောကအလွန် သာ ရှိပြီး၊ ငါ၊ သူတစ်ပါး၊ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ အသက်ဇီဝ ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို၊ ဘယ်သောအခါမှလည်း ရှိလာမည် မဟုတ်ဆိုသည်ကို ပိုင်ပိုင်နိုင်နိုင် သဘောပေါက် သိမြင်လျှင် ဤစာကို ရေးရကျိုး နပ်ပြီ ဖြစ်ပါသည်။ ကျေးဇူးတင်ပါတယ်။


Leave a Reply