ကျနော်က အယူဝါဒ အမှားတွေနဲ့ ပါတ်သက်ပြီး အကျွမ်းတဝင်မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တရားအမှား နာမိမှာကို ကျနော့်အနေနဲ့ အလွန်စိုးရိမ်ပြီး ရှောင်ခဲ့တာမို့ပဲ ဖြစ်ပါတယ်။ ကျနော့်အတွက်ကတော့ ဆရာနဲ့ ပါတ်သက်ရင် မိုးကုတ်ဆရာတော်ကြီး တရားတွေကိုပဲ အဓိကထားပြီး နာခဲ့ပါတယ်။ ကျန်တဲ့ တရားတွေကို ဘာဆို ဘာကိုမှ မနာခဲ့ပါဘူး။ ဒါဟာလဲ တရားအားထုတ်သူတွေ အနေနဲ့ အလေးအနက်ထားသင့်တဲ့ ကိစ္စဖြစ်ပါတယ်။ တရားအားထုတ်သူတွေ အနေနဲ့ တရားနာမှားမှာကို အထူးသတိထားဖို့ လိုပါတယ်။ အထူးသဖြင့် သဒ္ဓါအားကောင်းသူတွေဟာ တရားအမှားနောက် လိုက်မိသွားခဲ့ရင် ပြန်ပြင်နိုင်ဖို့ ခက်ပါတယ်။ အဲဒီတော့ တရားနာမှားမှာကို အထူးအရေးထားသင့်ပါတယ်။

တရားအားထုတ်နည်းနဲ့ ပါတ်သက်ရင်တော့ ကျနော် သိခဲ့တာတွေက မိုးကုတ်၊ မဟာစည်၊ စွန်းလွန်း၊ ဦးဂိုအင်ကာ တို့ပဲ ဖြစ်ပါတယ်။ မိုးကုတ်ကတော့ ၈ တန်းလောက်မှာ တခါ ဝင်ခဲ့ဖူးတာပါ။ မဟာစည် ကတော့ နာမရူပဉာဏ်ကို ရစေဖို့ အကျိုးပေးခဲ့ပါတယ်။ စွန်းလွန်းကတော့ ကျနော်လုံးဝ မကြိုက်ပါ။ ဦးဂိုအင်ကာ ကလဲ ကျနော် သိပ်မကြိုက်တဲ့ အထဲမှာပါ ပါတယ်။ ဒါပေမယ့် နည်းလမ်းမှားတယ်လို့ ပြောနိုင်လောက်အောင် နောက်ဆုံး နှစ်ခုကို သေသေချာချာ မလိုက်ခဲ့ဖူးပါဘူး။ အဲဒီတော့ တရားအားထုတ် သူတွေ အနေနဲ့ မိုးကုတ်၊ မဟာစည် နဲ့ ကျနော့်စာတွေထဲက တခုခုကို ရွေးတာက ပိုသေချာမယ်လို့ ယူဆပါတယ်။ မဟာစည်နည်းကတော့ ကာယာနုပဿနာ ကို အဓိက သွားတာ ဖြစ်ပြီး၊ မိုးကုတ်နည်းကတော့ စိတ္တာနုပဿနာ နဲ့ ဝေဒနာနုပဿနာကို အဓိကသွားပါတယ်။ မိုးကုတ်နည်းကတော့ သိစရာ ရှိတာတွေ သိအောင် အကြိမ်ကြိမ်ဟောပြီး တရားနာမှု နဲ့ နှလုံးသွင်းမှန်မှုကို အဓိက ထားပါတယ်။ မဟာစည်ကတော့ ရိပ်သာဝင်ပြီး ခိုင်းတဲ့အတိုင်း လိုက်လုပ်သွားရာက ဉာဏ်စဉ်ကို အဆင့်ဆင့် တက်သွားတဲ့ နည်းလို့ ယူဆပါတယ်။ ဒါကလဲ အကြမ်းဖျင်းပြောတာသာ ဖြစ်ပြီး မဟာစည်နည်း အပေါ်မှာ သေချာ သဘောပေါက်တာမျိုး မရှိပါဘူး။

မိုးကုတ်နဲ့ မဟာစည်ကတော့ ဘယ်ဟာကို လုပ်လုပ် အားပေးပါတယ်။ သဒ္ဓါသမားကတော့ မဟာစည်နဲ့ ပိုကိုက်ပြီး ပညာလွန် ကွန့်တတ်သူတွေကတော့ မိုးကုတ်နည်းနဲ့ ပိုကိုက်တယ်လို့ ထင်ပါတယ်။ ကျန်တဲ့ နည်းတွေ ကတော့ သေချာလဲ မသိတာမို့ မှတ်ချက်လဲ မပေးလိုပါဘူး။ ဒါပေမယ့် ကျနော့် အနေနဲ့ တရား အမှား အမှန် ဆိုတာကို ဆုံးဖြတ်တဲ့ နည်းကတော့ စကားလုံးတွေကို မူရင်း အဓိပ္ပါယ်ကနေ ထွင်ပြီး သုံးလာပြီ ဆိုခဲ့ရင်၊ ကြားဖူးနားဝ လောကီ စကားပုံတွေနဲ့ တရားကို ချည်းကပ်လာပြီ ဆိုရင်၊ ဉာဏ်စဉ်နဲ့ မကိုက်တော့ဘူး ဆိုရင် ကျနော်ကတော့ ဝေးဝေးရှောင်တာပါပဲ။

အခုခေတ်မှာ တရားအမှားတွေ ဆိုတာက အတွေ့များလာပါတယ်။ တရား အမှားတွေကို လိုက်မိတဲ့ သူတွေဟာ အင်မတန်ပဲ နစ်နာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရားအားထုတ်မယ် တရားကိုလိုက်မယ် ဆိုတဲ့ စိတ်ကူး ဆိုတာက ကိုပဲ ပေါ်ဖို့ ဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ ဒီလို တရားကို အားထုတ်မယ် ဆိုတဲ့ စိတ်ကူးရှိလာတဲ့ နောက်မှာ အလွယ်လမ်း ဆိုပြီး လိုက်ကြတဲ့သူတွေ၊ ပင်ပန်းဆင်းရဲခံမယ် ဉာဏ်သုံးစရာ မလိုဘူး ဆိုတဲ့ လမ်းတွေကို ရွေးချယ်လိုက်မိတဲ့ သူတွေဟာ တရားလမ်း ကြောင်းနဲ့ လွဲတော့တာပါပဲ။ သံသရာမှာ ကြုံခဲလှတဲ့ သာသနာနဲ့ ကြုံတဲ့အချိန်မှာ လမ်းလွဲသွားတယ် ဆိုတာဟာ အရမ်းကို နှမြောဖို့ ကောင်းပါတယ်။

အဲဒီတော့ ကျနော့်အနေနဲ့ အကြံပေးလိုတာက တရားအားထုတ်တော့မယ် ဆိုရင် ဘာကို ဘယ်လို အားထုတ် ရမှာလဲ ဘယ်လိုဉာဏ်စဉ်တွေနဲ့ သွားမှာလဲ စသဖြင့် တွေကို သိထားဖို့ လိုပါတယ်။ အပြောကောင်းတဲ့နောက် မလိုက်ပါနဲ့၊ မှန်မမှန် စမ်းစစ်တတ်တဲ့ ပညာရှိပါစေ။ ဝိနိစ္ဆယ တွေကိုလဲ သေသေချာချာ လေ့လာပါ။ အနည်းဆုံးတော့ ဝိနိစ္ဆယ တွေနဲ့ ပါတ်သက်တဲ့ ကြားဖူးနားဝ ရှိပါစေ။ ကိုယ်ယူတဲ့ အယူ ကိုယ်လုပ်တဲ့ အလုပ်က ဝိနိစ္ဆယ ကျထားတဲ့အယူ ဖြစ်နေခဲ့ရင် အမြန်ဆုံး‌ရှောင်ပါ။ ဥပမာ ပညာဝိမုတ္တိလမ်း ဆိုပြီး ပျဉ်းမနား ဦးမောင်မောင် ထွင်ထားတဲ့ နည်းဆိုရင် ကျောက်သင်္ဘော ဝါဒ ကနေ အခြေခံလာတာပါ။ ဝိနိစ္ဆယ ဆိုတာက စာတတ် ပေတတ် ရဟန်းတွေ (အရိယာများလဲ ပါနိုင်) ရဲ့ ဆုံးဖြတ်ချက်တွေမို့ အကြောင်းအကျိုး စီလျော်စွာ စီမံထားတဲ့ ကိစ္စမို့ အလေးထားပါ။ ရှောင်သင့်တဲ့ လမ်းကို ရှောင်ပါ။

ဘာနည်းနဲ့ လုပ်ရမှန်းမသိဘူး ဆိုရင်တော့ မိုးကုတ်နဲ့ မဟာစည် ကြိုက်ရာ ရွေးပြီး လုပ်ပါ။ ကျနော်ရေးခဲ့တဲ့ စာတွေကလဲ အထောက်အကူပြုမယ်လို့ ယူဆ ပါတယ်။ မိုးကုတ်နဲ့ မဟာစည်လို့ ပြောပေမယ့် တကယ့် တရားကိုယ် အတိုင်းပြောရရင်တော့ ကာယာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဝေဒနာ နုပဿနာ၊ ဓမ္မာ နုပဿနာ ဆိုတဲ့ အထဲပဲ ဝင်သွားမှာပါ။ လူတဦးချင်းစီရဲ့ အနုသယ ကိလေသာကို သိတော်မူနိုင်တဲ့ မြတ်စွာဘုရားလဲ မရှိတော့ပြီမို့ မဂ္ဂင်ရှစ်ပါး အကျင့်ဖြစ်တဲ့ သတိပဌာန် ကိုပဲ အားထုတ်ဖို့ စဉ်းစားပါ။

တကယ်တော့ ကျနော် အကြိမ်ကြိမ် ပြောခဲ့တဲ့ အတိုင်းပါပဲ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မှာ အနိစ္စ နဲ့ အနတ္တကို အဆုံးထိ သိတဲ့အခါ ဒုက္ခ ဆိုတာကို သိပြီး ဒုက္ခသစ္စာအဖြစ် ဆုံးဖြတ်ချက် ချနိုင်တဲ့အခါမှာ သမုဒယသစ္စာ (တဏှာ) ကို ပါယ်ပြီး မဂ်ကျတာပါပဲ။ လမ်းကလဲ ဒီတလမ်းတည်းရှိပါတယ်။ စကားလုံးတွေနဲ့ လှည့်ပါတ်ပြောဆိုတာမျိုး နောက်ကိုတော့ ပါမသွားစေဖို့ သတိထားပါ။ တရားက အားထုတ်ရတာ အချိန်ပေးရတာ မှန်ပါတယ်။ နားလည်ဖို့ ကြိုးစားရတယ် ခက်ခဲတယ် ဆိုတာလဲ မှန်ပါတယ်။ ဒါပေမယ့် တရားက မရှုပ်ထွေးရပါဘူး။ ရှုပ်ထွေးနေပြီ ဆိုရင်တော့ တရားစစ် မဟုတ်ဖို့ အတော် သေချာနေပါပြီ။ တရားအားထုတ်တာနဲ့ ပါတ်သက်ပြီး ဆင်ခြင်နိုင်အောင် ရေးရခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *