လောကမှာ အရေးအကြီးဆုံး အရာဟာ အမှန်တရားပဲ ဖြစ်ပါတယ်။ လောက ရဲ့ တကယ့် အမှန်တရားကို သမုတိ မှာ ရှာလို့ မရနိုင်ပါဘူး။ သမုတိမှာ မှန်တယ် ဆိုတာဟာ မုသား မဖြစ်ယုံ မှန်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ သမုတိ တနည်း လောကီ မှာ လူတွေဟာ အမှန်တရား ဆိုတာနဲ့ ပါတ်သက်ရင် ကာမဂုဏ် အာရုံတွေနဲ့ ပါတ်သက်ပြီး များများခံစားရမှု နည်းနည်းခံစားရမှု ဆိုတာတွေရဲ့ အပေါ်မှာ မူတည်ပြီး အမှန်တရားကို သတ်မှတ်တာပါ။ ဒါဟာ ကာမာသဝ ဆိုတဲ့ ကာမဂုဏ်ရဲ့ မြုပ်ခြင်း မျောခြင်းကို ခံရမယ့် အမှန်တရားသာ ဖြစ်တာမို့ တကယ် တန်ဖိုးရှိတဲ့ အမှန်တရား မဟုတ်ပါဘူး။ ဘယ်သူ ဘယ်ဝါ ဆိုတာတွေကလဲ ဒိဋ္ဌာသဝ တွေရဲ့ နှစ်မြှုပ်မှုပါ။ ဘဝကို ဘယ်လို ဘယ်ချမ်းသာ ဆိုတဲ့ စီမံလိုမှုတွေက ဘဝါသဝတွေပါ။ အားလုံးဟာ သစ္စာလေးပါး မသိမြင်ခြင်းကြောင့် ဖြစ်တာ မို့ အဝိဇ္ဇာသဝ လဲ ပါပါတယ်။ ဒါဟာ ဝဲဩဂ တွေရဲ့ နှစ်မြှုပ်မှုတွေပါ။ အဲဒီတော့ လောကမှာ အမှန်တရားကို မြတ််နိုးပါတယ် ရှာပါတယ် ဆိုတဲ့ သူတွေဟာ တကယ့်အမှန်ကို မတွေ့နိုင်ပဲ ဒီ ဝဲဩဂ တွေထဲမှာသာ နစ်မြုပ်ရင်း ဘဝ ဇာတ်သိမ်းကြရပါတယ်။ နောက်တခေါက် နောက်တဘဝ မှာလဲ ဒီလိုပဲ မပြီးနိုင်တဲ့ ကြံစည်မှုတွေနဲ့ ဝဲဩဂ ထဲပဲ မြုပ်ရပြန်တာပါပဲ။ ဒီအဖြစ်ဟာ ဘယ်လောက် ကြာပြီလဲ ဆိုရင်တော့ မရေ မတွက်နိုင်အောင် ကြာခဲ့ပါပြီ။

အခုရော ဘာလုပ်နေကြလဲ ဆိုရင်တော့ အပေါ်က ပြောတဲ့ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ နဲ့ပဲ လည်ပါတ်နေကြတာပါ။ ပုထုဇဉ်နဲ့ အရိယာ ကွာခြားချက်က အဲဒါပါပဲ။ အရိယာက လွတ်ရက်တော့ ရှိသွားပါပြီ။ ပုထုဇဉ်ဘဝမှာလဲ မဖြစ်ဖူးတာ မရှိဘူးလို့ မြတ်စွာဘုရား ဟောတဲ့အတိုင်း လောက သမုတ်မှုနဲ့ မှန်တဲ့ဘက်မှာ နေလိုက်၊ မှားတဲ့ဘက်မှာ နေလိုက် နဲ့ မှန်သူ မှားသူ အကုန်လုံးဟာ တညီတညွတ်တည်း ဝဲဩဂ ထဲလည်ပြီး အပါယ်ချည်း ခဏ ခဏ ကျကြတာပါ။ အပါယ်ကျမှာခြင်းတူတူ အပေါ်အောက် လုမနေပါနဲ့။

အဲဒီတော့ လောကရဲ့ တကယ့် အမှန်တရား ဆိုတာဟာ ဘယ်တော့မှ သိခွင့်ရသလဲ ဆိုရင်တော့ မြတ်စွာဘုရား ပွင့်တော်မူတဲ့အခါမှ သိခွင့်ရပါတယ်။ ဒီနေရာမှာလဲ မြတ်စွာဘုရားနဲ့ ဘုရားအလောင်း ဆိုတာ နှစ်ခုကို သဿတ ဒိဋ္ဌိ ကွာပြီး မြင်ဖို့လိုပါတယ်။ ဘုရားပွင့်တော်မူတယ် ဆိုတာဟာ ကိလေသာ အကုန်လုံးမှ စင်ကြယ်တော် မူတာပါ။ တနည်းအားဖြင့် ဖြည့်ကျင့်လာခဲ့တဲ့ ပါရမီတော်တွေကြောင့် သံသရာက လွတ်ရာ အမှန်ကို ကိုယ်တိုင် သိတော် မူတာပါ။ ဆိုလိုတာက ဘုရားအလောင်းဘဝတွေမှာ အဲလို အမှန်သိမြင်မှုမျိုး မရှိခဲ့ပါဘူး။ ဒုက္ကရ စရိယာ ကျင့်တဲ့ထိ မြတ်စွာဘုရားဟာ ပုထုဇဉ်ပါ။ ပု၊ ဒိ၊ အာ ဆိုတဲ့ တရားအတိုင်း ဘုရား ဖြစ်တော်မူတဲ့ အခါမှသာ ကျနော်တို့က ကိုးကွယ် အတုယူ သင့်တာပါ။ ဒါဟာ သာသနာတွင်းသားတို့ရဲ့ ထုံးစံပါ။ သာသနာတွင်းသား တွေ အနေနဲ့ သိသင့်တာက မြတ်စွာဘုရားက ဘဝဆိုလျှင် လက်တဖျစ် စာမျှ ဘဝကိုပင် ငါမချီးမွမ်းလို့ ဟောထားခဲ့ တာပါ။ အဲလိုပါပဲ တရားတွေထဲမှာ အပြစ်ကင်းတဲ့ တရားဆိုလို နိဗ္ဗာန်သာ ရှိတယ်လို့လဲ ဟောထားပါသေးတယ်။

အဲဒီတော့ ပြောချင်တာက မြတ်စွာဘုရား ပွင့်တော်မူမှသာလျှင် အရိယာ သစ္စာ ဖြစ်တဲ့ သစ္စာလေးပါးက ပေါ်ထွန်း လာတာပါ။ အရိယာ သစ္စာ ကတော့ လူတိုင်း သိပြီးသားပါ။ သံသရာ ဝဲဩဂမှာ အဆက်မပြတ် နစ်မြုပ်နေတာ ဟာ ဒုက္ခသစ္စာပါ။ ဆင်းရဲခြင်း အမှန်ပါ။ သူကို ဖြစ်စေတာကတော့ တဏှာ လို့ခေါ်တဲ့ တွယ်ငြိခြင်း စွဲလမ်းခြင်း လိုချင်ခြင်း တနည်း ဒုက္ခသစ္စာ ဖြစ်ကြောင်း အမှန် သမုဒယ သစ္စာပါ။ လွတ်မြောက်ရာကတော့ နိရောဓ သစ္စာ ဆိုတဲ့ နိဗ္ဗာန်ပါ။

အဲဒီမှာ ကျနော်တို့အတွက် အရေးကြီးဆုံး နဲ့ လောကမှာ အမှန်တရား ရှာဖွေသူအားလုံး စမ်းသပ် လေ့လာ လို့ ရတာကတော့ မဂ္ဂသစ္စာ ခေါ်တဲ့ လွတ်မြောက်ရာ လမ်းအမှန်ပါ။ အဲဒီ မဂ္ဂသစ္စာ ဆိုတာကတော့ မဂ္ဂင် ရှစ်ပါးပါ။ သမ္မာ ဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ၊ သမ္မာ ဝါယာမ၊ သမ္မာ သတိ၊ သမ္မာ သမာဓိ၊ သမ္မာ ကမ္မတ၊ သမ္မာ အာဇီဝ နဲ့ သမ္မာ ဝါစာ ပါ။ အဲဒီမှာ ကျနော်တို့ဟာ မဂ္ဂင်ရှစ်ပါး ပြည့်စုံအောင် ကြိုးစားတာကို ဝိပဿနာ အားထုတ်တယ်လို့ ခေါ်ပါတယ်။ ဝိ ဆိုတာက အထူး၊ ပဿနာ ဆိုတာ ရှုခြင်းလို့ မှတ်သားဖူးပါတယ်။ အဲဒီတော့ အထူး ရှုခြင်း ဆိုတဲ့ အတိုင်း ရုပ်နာမ်ပေါ်မှာ သမ္မာ သင်္ကပ္ပ၊ သမ္မာ ဝါယာမ၊ သမ္မာ သတိ၊ သမ္မာ သမာဓိ တို့နဲ့ သမ္မာ ဒိဋ္ဌိ ဖြစ်အောင် ကြိုးစားရတာပါ။ တရား အားထုတ်သူများမှာ သမ္မာ ဝါယာမ ကနေစပြီး ရုပ် နာမ်တရားတွေရဲ့ အနိစ္စ ဒုက္ခ အနတ္တ တွေကို ဆင်ခြင်ပြီး မှန်ကန်တဲ့ သမ္မာ ဒိဋ္ဌိ ဖြစ်အောင် ကြိုးစား ကြတာပါ။ အဲဒီ အခါမှာ အမှန်မြင် မှု ပြည့်စုံ သွားတဲ့ အခါ ကျန်တဲ့ သီလ မဂ္ဂင် သုံးပါး ဖြစ်တဲ့ သမ္မာ ကမ္မတ၊ သမ္မာ အာဇီဝ နဲ့ သမ္မာ ဝါစာ တို့ဟာ ပြည့်စုံ သွားပါတယ်။ အဲဒီအခါ သူ့အတွက် မဂ္ဂ ပစ္စယော ဆိုတဲ့ သဘောနဲ့ အထက်မဂ်က နေ နိဗ္ဗာန်ကို တက်သွားမှာပါ။

အဲဒီတော့မှ လောက ရဲ့ အမှန်တရား ဖြစ်တဲ့ ဒုက္ခ သစ္စာကို ထိုးထွင်းသိပြီး သမုဒယကိုပါယ်ပြီး နိရောဓ ကို မျက်မှောက်ပြုရမှာပါ။ အဲဒီအခါမှာတော့ လောကရော လောကအလွန်ရော သိသွားပြီ ဖြစ်တဲ့အတွက် သို့လော သို့လော ဆိုတဲ့ တွေဝေမှုတွေ မရှိတော့ပါဘူး။ တရားအားထုတ်သူများ အနေနဲ့ ဒီနေရာက နေပဲ စရမှာပါ။

ဒီလောက်ဆိုရင်တော့ တရားအားထုတ်သူတွေအတွက် အမှန်တရား ဆိုတာဟာ လောကီ ကိစ္စတွေနဲ့ မရောပဲ လောကရဲ့ တကယ် အမှန်ဟာ ဒုက္ခ သစ္စာ ဆိုတာကို သဘောပေါက်ပြီ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *