ကျနော်တို့ နိုင်ငံဟာ သာသနာထွန်းကားတယ်ဆိုတဲ့ သဘောနဲ့ ကိုယ့်ဟာကိုယ် ဂုဏ်ယူနေကြသူ များပါတယ်။ ဘုန်းကြီး အရေအတွက် များတာကို၊ ဘုန်းကြီးတွေအတွက် ရုပ်ဝတ္ထုပစ္စည်း တိုးတက်တာကို၊ ဘုန်းကြီးတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်လာတာကိုပဲ “သာသနာ တိုးတက်တယ်” လို့ ထင်နေကြတာက အများစုပါ။ ဘုရားနဲ့ စေတီ အရေအတွက်ကလည်း တစ်နိုင်ငံလုံး အပြည့်ဆိုတော့၊ အမှတ်တမဲ့ ကြည့်လိုက်ရင် နတ်ပြည်တက်မယ့် နိုင်ငံလိုလိုပါပဲ။

ဒါပေမယ့် ‘သာသနာ’ ဆိုတာ တကယ်တော့ အဆုံးအမပဲ ဖြစ်ပါတယ်။ သံသရာဆိုတာက အပြောင်းအပြောင်း အပြန်ပြန် အပါယ်မှာပဲ ကျင်လည်ရတာများတယ်၊ လူပြည် နတ်ပြည်ဆိုတာကလဲ ခဏတာ အနားရယုံပါပဲ၊ ပြီးရင် အပါယ်ပဲ ပြန်ကျကြဦးမှာ ဒါကြောင့် မဂ္ဂင်ရှစ်ပါးဆိုတဲ့ လွတ်လမ်းနဲ့ ကြုံတုန်းမှာ သံသရာက လွတ်အောင် လုပ်ပါ အနည်းဆုံး သောတာပန် ဖြစ်အောင်လုပ်ပါ ဆိုတာက သာသနာဆိုတဲ့ အဆုံးအမတွေထဲက လူတွေအတွက် အခြေခံအကျဆုံး အဆုံးအမပါ။ အဲဒီ အဆုံးအမနဲ့ မြန်မာပြည်နဲ့ ဘယ်လောက်တောင် ကိုက်ညီသလဲ ဆိုတာကို စဉ်းစားလိုက်ရင်၊ မြန်မာပြည်ဟာ နတ်ပြည်တက်မှာလား၊ ငရဲပြည်ဆင်းမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း မြင်သာပါတယ်။

နောက်ထပ် သာသနာရဲ့ အနှစ်သာရ အဆုံးအမကတော့ ရဟန်းများ ‘နိဗ္ဗာန်’ ကို ရောက်ရေး ဖြစ်ပါတယ်။ တကယ်တော့ ဘုန်းကြီးဆိုတာဟာ “တရားအားထုတ်ရင် မဂ်ဉာဏ်ရမယ်” ဆိုတဲ့ ယုံကြည်ချက်နဲ့၊ တစ်သက်လုံးပဲ ဖြစ်ပါစေ တရားရတဲ့အထိ အားထုတ်မယ်ဆိုတဲ့ စိတ်နဲ့ သာသနာဘောင် ဝင်ကြရမယ့် သူတွေပါ။ ဒါပေမယ့်လည်း စကတည်းက ယဉ်သလိုဆိုသလို၊ အဲဒီနေရာကနေ စပြီး ပျက်တာပါပဲ။ ဘုန်းကြီးအစဉ်အဆက်က ဓမ္မပဒထဲက မခိုင်လုံတဲ့ အကိုးအကားကို ယူပြီး “စာကျက်ပြီး နေလို့ရတယ်” ဆိုတာမျိုး ပြောတာဟာ သာသနာကို ဖျက်လိုက်တာပါပဲ။ အရိယာအဆက်ကို သတ်ပစ်လိုက်တာပါပဲ။ အရိယာ မထွက်လာတော့အောင် လုပ်လိုက်သလိုပါပဲ။

ပြီးတဲ့နောက်မှာ လူတွေကို တရားဟောတဲ့ ဘုန်းကြီးတွေ အကုန်လုံးလိုလိုဟာ ပုထုဇဉ်တွေ ဖြစ်တာနဲ့အညီ ထင်ရာတွေကို လက်ဆင့်ကမ်း ဟောတော့တာပါပဲ။ ဒီလိုဟောတဲ့ နေရာမှာ “အနန္တော အနန္တငါးပါး” ဆိုတာမျိုး ဟောလိုက်တော့ လူတွေရဲ့ စိတ်ထဲမှာ “ငါတို့က အနန္တော အနန္တငါးပါးထဲမှာ ပါတယ်။ ငါတို့ကတော့ အပါယ်လွတ်ပြီ” ဆိုတာလောက် ထင်သွားကြပါတယ်။ အပါယ်လွတ်ပြီလို့ တိုက်ရိုက် မပြောပေမယ့် “သက်ရှိဘုရား” လို့ သူတို့ကို တင်စားပြောမှတော့၊ သူတို့ကိုယ်သူတို့ ဘုရားတောင် ဖြစ်နေမှ အပါယ်တော့ လွတ်ပြီလို့ ထင်တာ မမှားပါဘူး။ အဲဒီတော့ မိဘနဲ့ ဆရာဖြစ်ဖူးသူတွေက အပါယ်လွတ်ပြီဆိုတဲ့ ခံစားချက်မျိုး၊ တစ်ဆင့်မြင့်တဲ့ ခံစားချက်မျိုးနဲ့ပဲ ဘဝက ကုန်သွားကြတာ များပါတယ်။

ဘုန်းကြီးတွေ ဆိုတာကလည်း သူတို့ကိုယ်သူတို့ မဂ်ဖိုလ် မရသေးဘဲ ‘သံဃာ့ရတနာ’ ထဲမှာ ပါတယ်ဆိုပြီး အပါယ်လွတ်မယ်လို့ပဲ အောက်မေ့ထားကြတာပါ။ တကယ်တော့ ပုထုဇဉ်ဟာ သံဃာ့ရတနာမှာ မပါပါဘူး။ ပုထုဇဉ်ပီပီ အပါယ်ကို တောက်လျှောက်ဆင်းမယ့် အထဲမှာ ဘုန်းကြီးတွေ ထိပ်ဆုံးက ပါပါတယ်။ သံသရာမှာ ပုထုဇဉ်ဟာ အပါယ်ကို ပရမ်းပတာ ကျရောက်တတ်တဲ့ ဘေးသင့်နေသူတွေပါ။

ဒါကို မသိတဲ့အခါကျတော့ နေရာတိုင်းမှာ မြတ်စွာဘုရားကို မရိုသေတဲ့အပြစ်၊ တရားတော်ကို မရိုသေတဲ့အပြစ်၊ သံဃာတော် (ရဟန်းအရိယာ) ကို မရိုသေတဲ့ အပြစ်တွေ အမြဲသင့်နေတာပါပဲ။ အဲဒီလို သင့်နေတဲ့အခါကျတော့ ဆရာ၊ ဒကာ အားလုံးဟာ အပါယ်ကို ကျရောက်ဖို့အတွက် တာစူနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်ဟာ “အပါယ်တံခါးဝက တိုင်းပြည်” ဖြစ်နေတာပါပဲ။

ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *