အနတ္တ

အနတ္တ

ပထမ မဂ်ကျဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ဒါပေမယ့် မလွယ်လို့ဆိုပြီး တရား အားမထုတ် ရင်တော့ ဖြေစရာရှိတဲ့ စာမေးပွဲကို လှည့်ပတ်ရှောင်နေသလိုပါပဲ။ ဘယ်တော့မှ အောင်မှာ မဟုတ်ပါဘူး။ အဲလိုမအောင်မခြင်းလဲ အိုနာသေခြင်း ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနဲ့ နေရခြင်း စတဲ့ ဒုက္ခတွေကနေ ဘယ်တော့မှ လွတ်မှာ မဟုတ်ပါဘူး။ လောကကြီးက ဒုက္ခ ဒုက္ခ၊ ဝိပရိနာမ ဒုက္ခ၊ သင်္ခါရ ဒုက္ခ ဆိုပြီး ဒုက္ခအပြည့်နဲ့ လောကကြီးပါ။ ကိုယ့်ပေါ်မတရားတာတွေ လုပ်လို့ ဆိုပြီး တုန့်ပြန်ရတာပါဆိုပြီး ကံတရားကို လျောက်လှဲချက် တင်လို့ မရပါဘူး။ မကောင်းတဲ့ သူတွေနဲ့ ကြုံရတယ် ပြန်လုပ်ပြန်ရင်လည်း သူလုပ်တာ သူထံပြန်သလို ကိုယ်ပြုသမျှ ကိုယ့်ထံပြန်ဦးမှာပါပဲ။ လောကကြီးဟာ ပျော်မွေ့စရာ နေစရာကောင်းတဲ့ လောကကြီး မဟုတ်ပါဘူး။

လောကကြီးမှာ အယူဝါဒ အမှားတွေကလဲ တင်းကျမ်းပြည့်နှက်နေတာပါပဲ။ ဒါတွေပေါ် နှလုံးသွင်းမှားရင်လဲ ဒုက္ခရောက်ပါဦးမယ်။ ငယ်ငယ် မွေးလာကတည်းက လူကြီးမိဘတွေ သင်ပေးကြတဲ့ ဒါကတော့ မင်းလက်ကလေး မင်းခြေကလေး၊ ငါကတော့ မင်းအဖေ ငါကတော့ မင်းအမေ၊ ဒါကတေယ့ မင်း မောင်နှမပေါ့၊ ဒါကမင်းကစားစရာ မင်းဟာပေါ့ ဆိုတာတွေ ဒါတွေပေါ် ယုံမှတ်ပြီး ငါပဲ သူပဲ ငါ့ဥစ္စာပဲ အဖေပဲ အမေပဲ ဆွေမျိုးပဲ ဆိုတဲ့ အယူမှားတွေ ကိုယ့်ကိုကိုယ် ပိုင်တာပေါ့ဆိုတဲ့ သင်ကြားမှုတွေ နဲ့ ဒုက္ခတွေ ပူလောင်မှုတွေ ကြုံရပါဦးမယ်။ ဒါတွေဟာ ခုမှ သင်တာလားဆိုတော့ မဟုတ်ပါဘူး။ တသံသရာလုံးလဲ ဒါမျိုးတွေပဲ အသင်ခံလာရတာပါ။ ဒါတွေ ဒီအယူမှား ဒိဋ္ဌိတွေကြောင့်ပဲ ဝိပဿနာမှ အားမထုတ်ရင် ကောင်းတယ်ထင်တာတွေ လုပ်ရင်း သေခါနီး လက်လွတ်ခွက်ချွတ်နဲ့ အပါယ်ကျဖို့ များပါဦးမယ်။ ခုလို ဆုတ်ကပ်ကြီး ဟီရိဩတ္တပ္ပ အားနည်းတဲ့ ခေတ်ကြီးမှာ ငါပါးသီလ လုံဖို့ ဆိုတာကလဲ မသေချာ ပြန်ပါဘူး။ ဒါတွေကို ဖွင့်ထုတ်ဟောပြမယ့် ဆရာကလဲ ရှားပါသေးတယ်။ ဒီတော့ ရှိရှိသမျှဟာ ဒုက္ခကြီးပါပဲ။ ဒါဟာ ဒုက္ခ ဒုက္ခလို့ ခေါ်တဲ့ လူတိုင်း သိနိုင်တဲ့ ဒုက္ခပဲ ရှိပါသေးတယ်။

ဝိပရိနာမ ဒုက္ခကတော့ ပူရာကအေး အေးရာကပူ သုခဝေဒနာကနေ ဒုက္ခဝေဒနာ အမြဲမပြတ် ဖောက်ပြန်နေတဲ့ ဒုက္ခပါပဲ။ ဒီဒုက္ခကလဲ ကြည့်လိုက်ရင် မြင်သာတာပါပဲ။ အမြဲဖောက်ပြန်နေတဲ့ ဒုက္ခပေါ့။ သင်္ခါရ ဒုက္ခကတော့ ပိုနက်နဲသွားပါပြီ။ သင်္ခါရ ကို အဓိပ္ပါယ်လေးမျိုးထိ ဖွင့်နိုင်ပါတယ်။ ဒီထဲကမှ သင်္ခါရ ဒုက္ခဆိုတာကတော့ ရုပ်နာမ်ဆိုတာ ရှိနေတယ် သူသည် အကြောင်းမဲ့ ဖြစ်လာခြင်းမဟုတ် ပဋိသန္ဓေဝိဉာဏ်က စီမံလိုက်လို့ ဖြစ်တာမို့ သင်္ခါရတရား၊ ပဋိသန္ဓေဝိဉာဏ်ဆိုတာကလဲ အရင်ဘဝ အဝိဇ္ဇာ သင်္ခါရကြောင့် ဖြစ်လာတာမို့ သင်္ခါရတရား၊ ရုပ်နာမ်ပြုပြင်လိုက်လို့ ဝေဒနာ ဖြစ်လာတယ် ဝေဒနာသည်လည်း သင်္ခါရတရား၊ ဝေဒနာကြောင့် တဏှာမာနဒိဋ္ဌိ ဖြစ်လာတယ်၊ ဝေဒနာစီမံမှုကြောင့် ဖြစ်ရတာမို့ တဏှာမာနဒိဋ္ဌိသည်လည်း သင်္ခါရတရား၊ တဏှာမာနဒိဋ္ဌိကြောင့် ဥပါဒါန် ဖြစ်လာတယ် သူသည်လည်း သင်္ခါရတရား၊ ဥပါဒါန်က တခါ ကံ ကိုစီမံပြန်တယ် ကံသည်လည်း သင်္ခါရတရား၊ ကံသည် ဘဝကို စီမံဦးမှာမို့ နောက်ဘဝသည်လည်း သင်္ခါရတရား။ အဲဒီတော့ ငါပဲ သူပဲ ပုဂ္ဂိုလ်သတ္တဝါပဲ အသက်ဇီဝပဲ ဆိုတာ ရှာလို့ကို မရ ကြည့်လိုက်သမျှ သင်္ခါရတရားတွေချည်းပဲ မို့ ငါလုပ်တယ် သူလုပ်တယ် ပြောစရာလဲ မရှိ ငါသူဆုံးဖြတ်တယ် ဆိုတာလဲ မရှိ ငါသူ ပိုင်ဆိုင်တယ် ဆိုတာလဲမရှိ သင်္ခါရတရားတွေ ချည်းပဲမို့ အနတ္တပါပဲ။ အဲလို ငါသူမရှိပဲ သင်္ခါရတွေ အဆက်မပြတ်ဖြစ်နေတာသည် သင်္ခါရ ဒုက္ခ ပါပဲ။

ပြောခဲ့တဲ့ အစကို ပြန်ကောက်ရရင် အနိစ္စကို မြင်ခြင်းအားဖြင့်လဲ ဒုက္ခ အနတ္တကို မြင်ပြီး မဂ်ကျနိုင်ပါတယ်။ အဲလိုပဲ အနတ္တကို မြင်ခြင်းအားဖြင့်လဲ အနိစ္စနဲ့ ဒုက္ခပါမြင်ပြီး မဂ်ကျနိုင်ပါတယ်။ အနတ္တဘက်က သွားသူတွေအတွက် ရှင်းစရာလေးနှစ်ခု ရှင်းပေးချင်လို့ပါ။ အဲဒါကတော့ ရှုဉာဏ်ကို ငါထင်တဲ့ ကိစ္စနဲ့ လိုချင်မှုကို ငါထင်တဲ့ ကိစ္စပါပဲ။ ရှေ့မှာ ပြောခဲ့တဲ့အတိုင်း အားလုံးဟာ သင်္ခါရ ဆိုတဲ့ အထဲမှာ ရှုဉာဏ်သည်လည်း သင်္ခါရပဲ ဆိုတာ သိဖို့ လိုပါတယ်။ ရှုဉာဏ်ကို သင်္ခါရပဲဆိုတာ သိတဲ့ထိ ပြန်ရှုပါ။ ရှုဉာဏ်ဟာ ပဋိစ္စသမုပ္ပာဒ်အတိုင်း ဝေဒနာ နောက်မှာ တဏှာမာနဒိဋ္ဌိ အစား အစားထိုးဝင်လာတဲ့ သင်္ခါရတရားပဲဆိုတာ သိပြီး အဲဒီလို ရှုဉာဏ်ပေါ်ရတာဟာလဲ အသေဝနာပစ္စည်းအရ သာသနာနဲ့ကြုံ မဂ္ဂင်ရှစ်ပါးကို သိခြင်းဆိုတဲ့ သင်္ခါရတရား ကြောင့် ဖြစ်လာတဲ့ သင်္ခါရတရားပဲဆိုပြီး သမ္မာဒိဋ္ဌိကိုရော သမ္မာသင်္ကပ္ပကိုရော သင်္ခါရတရားပဲ အနတ္တပဲလို့မြင်ပြီး ငါတရားအားထုတ်တာမဟုတ်၊ သင်္ခါရတရားတွေ သူ့သဘောသူဆောင်နေတာအနတ္တပဲလို့ ငါလုံးလုံးပြုတ်တဲ့ထိမြင်ဖို့ပါ။ နောက်တခုကတော့ လိုချင်မှုတွေကို ငါလိုချင်တာလို့ မြင်တတ်ပါတယ်။ ဒီနေရာမှာလဲ လိုချင်မှုသည် ဝေဒနာကြောင့် ဖြစ်တဲ့ သင်္ခါရတရားပဲ ဆိုတာ သိပြီး အားလုံးဟာ အနတ္တ ဒုက္ခ အနိစ္စ အဖြစ် ဆုံးဖြတ်ဖို့ပါပဲ။

ဆုံးဖြတ်ချက်သည်လည်း တရားသဘောအရ ဖြစ်တဲ့ သင်္ခါရတရားပဲလို့ မြင်ပြီး အနတ္တကို အဆုံးထိ မြင်ဖို့ လိုပါတယ်။ ဒီနေရာမှာ ဒုက္ခသစ္စာမြင်ပုံကတော့ ငါသူ ပုဂ္ဂိုလ်သတ္တဝါမရှိ ငါသူလိုချင်မှုမဟုတ် ငါသူရတယ်ဆိုတာမရှိ တရားသက်သက်တွေ တစ်ခုအကြောင်းကြောင့်တစ်ခု မဆုံးနိုင်အောင် ဖြစ်ပျက်နေခြင်းကို အပြင်ကနေ တစိမ်းအမြင်နဲ့ ကြည့်လိုက်ရင် ဒါဟာ ဒုက္ခသစ္စာ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ကြီးပဲ ဆိုပြီး မြင်ဖို့ပါ။

အနိစ္စပဲလို့ ရှုမယ့် လူတွေ အတွက်ကတော့ အရှုခံ အရှုဉာဏ်အားလုံး အနိစ္စပဲလို့ ရှုရင်း ဒုက္ခရော မပိုင်လို့ပျက်နေတဲ့အတွက် အနတ္တပါအမြင်ရှင်းသွားမှာပါ။ အနိစ္စကတော့ ဆရာသမားသင်ပြမှုကို ပြန်ဖောက်သည်ချရရင် ရှုခံ ရှုဉာဏ် ရှုခံ ရှုဉာဏ် မဆုံးအောင် ဖြစ်ပျက်နေတာ ဒုက္ခသစ္စာပါ။ တရားအားထုတ်နေသူတွေအတွက် အကျိုးရှိမယ် မျှော်လင့်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *