ပထမ မဂ်ဟာ အနတ္တကို အဆုံးထိ မြင်ရတယ်လို့ ပြောစကားရှိပါတယ်။ တကယ်လဲ အနတ္တကို အဆုံးထိ မြင်တာပါပဲ။ အဲလို အနတ္တကို အဆုံးထိ မြင်မှလဲ ငါကြိုးစားတယ်၊ ငါရတယ် ဆိုတာမရှိတော့ပဲ သူရဲ့ ဦးတည်ချက်ဟာ နိဗ္ဗာန်သာ ဖြစ်သွားတာပါ။ ပထမ မဂ် သမားအနေနဲ့ နေရာ ရာထူး ဆိုတာမျိုးတွေဟာ သူနဲ့ မဆိုင်တဲ့ ကိစ္စတွေပါပဲ။ စကြဝတေးမင်းစည်းစိမ် ကိုတောင် မမက်မှတော့ သူ့မှာ မက်စရာ မရှိပါဘူး။ အကုသိုလ် ကုသိုလ် နဲ့ ပါတ်သက်ပြီးလဲ မှားမှားယွင်းယွင်း မပြောပါဘူး။

အနတ္တကို ဘယ်လို အဆုံးထိ မြင်ရလဲ ဆိုတော့ ကျနော့် အတွေ့အကြုံအရ ဘယ်နေရာမှာ ဘာကို ငါ ငါ့ဥစ္စာလို့ ထင်နေလဲ ဆိုတာကို သိဖို့ လိုပါတယ်။ ဥပမာ ကျနော်ဆိုရင် သိမှုပေါ်မှာ ငါလို့ ထင်နေတာ နှစ်နဲ့ ချီပါတယ်။ ဘယ်လို ဖြေရှင်းရမှန်းလဲ မသိ လုပ်သာ လုပ်နေတယ် အဖြေမရှိတဲ့ အခြေအနေမျိုး ကြုံဖူးပါတယ်။ မိုးကုတ်ဆရာတော်ကြီး ဟောတာကို စွန့်ပြီး သင်္ခါရုပေက္ခာဉာဏ်ကို တက်အောင် လုပ်ရမယ် ဆိုပြီး ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပြီး ကိုယ့်ဟာကိုယ် ဆရာ ရှာခဲ့ရတာပါ။ ကံကောင်းစွာနဲ့ တရားအားထုတ်ဖက်က လမ်းပြ လို့ အဆင်ပြေသွားခဲ့တာပါ။

တရားအားထုတ်နေတဲ့သူ ယောဂီတွေ အနေနဲ့က လောကီ ကိစ္စတွေကို ကိုယ်နဲ့ မဆိုင်လို့သာ သဘောထားရပါ မယ်။ အနိစ္စ နဲ့ အနတ္တကိုပဲ ရှင်းသည်ထက် ရှင်းအောင် ဆင်ခြင်ဖို့ လိုပါတယ်။ အနိစ္စ အကြောင်းကတော့ ဖြစ်ပျက် ရှုတာပဲမို့ လူသိများပါတယ်။ အနတ္တ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ကိုယ်က ဘာကို ငါ ငါဥစ္စာလို့ ထင်နေလဲ ဆိုတာ သိရင် ထင်နေတဲ့ အရာကို ခွဲခြမ်းစိတ်ဖြာကြည့် ပြီး အသေးစိတ် တစ်ခုစီရဲ့ ကိုယ်မဟုတ်တဲ့ သဘော၊ သတ္တဝါ မဟုတ်တဲ့ သဘောကို ဉာဏ်သက်ဝင်ဖို့ပါပဲ။ ဒီနေရာမှာ ကိုယ့်ကိုကိုယ် လိမ် ညာလို့လဲ မရပါဘူး။ အမှား အမှန်တွေကို ခွဲခြား သိပြီး အနတ္တကို ဉာဏ်သက်ဝင်ဖို့ ကြိုးစားရမှာပါ။ အဲဒီတော့မှ လောကကြီးဟာ အနှစ်သာရ ဘယ်မှာမှ ရှာမရ၊ ဒုက္ခမှ လွဲပြီး ဘာမှ မဟုတ်တာကို သဘောပေါက် သိမြင်သွားတဲ့ အခါမှာ သုခ ဆိုတဲ့ အယူ ကပျောက်သွားပါတယ်။

အဲဒီတော့ ယောဂီတို့အနေနဲ့ လုပ်ရမှာက အနိစ္စ အတွက် ဖြစ်ပျက်ကို ပိုင်နိုင်နေအောင် ရှုရပါမယ်။ ပီတိတွေ သုခတွေ ပါ ကြုံလာရပါဦးမယ်။ ပြီးရင်တော့ အပျက်ကြီးပဲ မြင်လာပါလိမ့်မယ်။ မုန်းတာတွေ ငြီးငွေ့တာတွေလဲ လာပါလိမ့်မယ်။ အဲဒီနောက်ကျတော့မှ ရှုဉာဏ်ကိုပါ အနတ္တ အနေနဲ့ သိမ်းဆည်းလိုက်တဲ့အခါမှာ ရှုမှတ်မှုပေါ် မှာ ငါ မဂ်ကျအောင် ဆိုပြီး အပြင်းအထန်အားထုတ်မှုတွေ ကနေ သင်္ခါရတွေကို လျစ်လျှူရှုတဲ့ သဘောတွေ ပေါ်လာ တာပါပဲ။ အဲဒီနောက်မှာတော့ ယောဂီတာဝန်တောင် မဟုတ်တော့ပါဘူး။ ဓမ္မတာဝန် ဆိုတဲ့အတိုင်း ဓမ္မက ဆောင် သွားမှာပါ။ လုပ်နည်းက မခက်ပါဘူး။ ဉာဏ်စဉ် ၁၆ ဉာဏ်အတိုင်း သွားလိုက်ယုံပါပဲ။

ကျေးဇူးတင်ပါတယ်။ မရှင်းတာ ရှိလဲ မေးပါ။


Leave a Reply

Your email address will not be published. Required fields are marked *