အနတ္တ နဲ့ ပါတ်သက်ပြီး တချို့က ငါမပိုင်ဘူး၊ င့ါအလိုအတိုင်း မဖြစ်ဘူး၊ သူသဘောသူ ဆိုတာမျိုး ပြောကြပါတယ်။ အဲဒီမှာ မေးစရာက မပိုင်တဲ့ ငါဆိုတာက ဘယ်သူလဲ၊ ငါ့အလိုအတိုင်း ဆိုတဲ့နေရာမှာ ပါတဲ့ ငါက ဘာကို ပြောတာလဲ။ သူ့သဘောသူ မှာပါတဲ့ သူဆိုတာက ဘာကို ပြောတာလဲ သိဖို့ လိုပါတယ်။
သိကြတဲ့အတိုင်း မရှိတာက ငါ၊ သူ ဆိုတာ မရှိတာပါ။ အလိုအတိုင်း မဖြစ်တာ မဟုတ်ပါဘူး။ ဒါကို နားလည်ဖို့ လိုပါတယ်။ ဆိုလိတာက လိုချင်မှု ဆိုတာက တရားပါ။ သူသည် အနတ္တပါ။ အတ္တမဟုတ်ဘူး၊ သတ္တဝါ မဟုတ်ဘူးလို့ ဆိုလိုတာပါ။ စိတ်မှာ လိုချင်မှု တခုဖြစ်တယ်။ ပြီးရင် ပျက်သွားတာပါပဲ။ သူကအကြောင်းအနေနဲ့ အကျိုးပေးမှု တပါးသောတရားကို ဖြစ်စေပါတယ်။ ဆိုတော့ အနတ္တပဲ မပိုင်ဘူး၊ ကိုယ်လိုသလို ဘာမှ မဖြစ်ဘူး ဆိုပြီး ငုတ်တုတ်ထိုင်ပြီး ငါလိုချင်တာ အလကားပဲ ဆိုတဲ့ သဘောမျိုး ထိုင်ဆင်ခြင်နေရင် ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ အားစိုက်လွန်းရင် အမောတောင် ဖောက်ပါဦးမယ်။ ဘာလို့လဲ ဆိုတော့ ဒိဋ္ဌိကို မပါယ်ပဲ တဏှာကို သွားသတ်တဲ့ သဘောဖြစ်နေလို့ပါ။ အဲလို လုပ်နေလို့ကတော့ ခရီးမရောက်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သင်္ခါရတရားရဲ့ သဘောကို မသိတာပါ။ တရား တစ်ခု အကြောင်းတခုကြောင့် ဖြစ်မယ်။ ပြီးရင် ပျက်မယ်။ သူကနေပြီး နောက်တရား တခုကို အကျိုးပေး (ဖြစ်စေ) မယ် ဆိုတာဟာ သင်္ခါရရဲ့ သဘောပါ။ အဲဒီတော့ ကိုယ်က မပိုင်ဘူး၊ အလိုအတိုင်း မဖြစ်ဘူး ဆိုတဲ့ ကောက်ချက်ချရင် ခန္ဓာက လိုချင်မှုနဲ့ ဖြစ်မှု ကိုက်တာတွေ သိထားလေတော့ ဘယ်လောက်ပဲ ထိုင်ဆင်ခြင်နေ ဆင်ခြင်နေ ဒီကနေ ကျော်မှာ မဟုတ်ပါဘူး။ ခန္ဓာကို လိမ်လို့မရပါဘူး။ အဲဒါကြောင့်လဲ တရားအားထုတ်သူဟာ ရိုးသားမှု၊ အထူးရိုးသားမှု လိုတယ်လို့ ပြောတာပါ။
အဲဒါဟာ ကြီးမားတဲ့ ပြသနာပါ။ အများစုကြီး ဆက်မတက်တာ အဲဒါကြောင့်ပါ။ အဲဒီတော့ ပထမ အဆင့်အနေနဲ့ ဘာလုပ်ရလဲ ဆိုတော့ ကျနော် ပြောနေကျအတိုင်းပဲ စိတ်၊ စေတသိတ်၊ ရုပ် ဆိုတဲ့ တရားတွေ (ခန္ဓာငါးပါး) တနည်း ရုပ်တရား၊ နာမ်တရားတွေ တခုချင်းစီရဲ့ အတ္တမဟုတ်ပုံကို ဖြစ်ပြီးပျက်နေတဲ့ အတွက်ကြောင့် သော်လည်းကောင်း (အနိစ္စမှ အနတ္တ)၊ တခုချင်းစီဟာ သတ္တဝါလို့ ကိုယ်သတ်မှတ်တဲ့ ကိုယ်သိတဲ့ သဘော မရှိ မဟုတ်တာကို သိခြင်းအားဖြင့် အတ္တ ဆိုတဲ့သဘော၊ သတ္တဝါ ဆိုတဲ့ သဘောဟာ လောကမှာ လုံးဝကို မရှိတာ၊ ဘယ်တုန်းကမှလဲ မရှိတာကိုသဘောပေါက်ဖို့ လိုပါတယ်။ အတ္တ ကို ပါယ်လိုက်တာ မဟုတ်ပါဘူး။ တရားတခုခြင်းစီကို စစ်ဆေးရင်းမှ နောက်ဆုံးမှာ သိမှုသည် ကိုယ်သိခြင်း မဟုတ်ဆိုတာကို သဘောပေါက်ပြီး၊ အတ္တဆိုတာ က ဘယ်တုန်းကမှ မရှိ ဘယ်လိုမှမရှိနိင်တာကို သဘောပေါက်ပြီး အတ္တဒိဋ္ဌိ အလုံးစုံ ကုန်စင်သွား ရတာပါ။
ခန္ဓာမှာ ဖြစ်နေတဲ့ နာမ်တရားတိုင်းလိုလိုမှာ နာမ်တရား တခုချင်းစီကို ငါလို့ ထင်နေတဲ့ သဘော အကုန် ကုန်စင်သွားရမှာပါ။ ဆိုလိုတာက လိုချင်မှု၊ လိုချင်မှုသည် နာမ်တရား ဖြစ်တယ်လို့ သိရပါမယ်။ လိုချင်မှုသည် ဖြစ်ပြီးပျက်တယ်လို့ သိရပါမယ်။ လိုချင်မှု မှသည် အပြင်းအထန် လိုချင်မှု ဖြစ်စေတယ်လို့ သိရပါမယ်။ လိုချင်မှု သည် တရားသာ ဖြစ်ပြီး ကိုယ်မဟုတ်ဆိုတာကို သိရပါမယ်။ အဲလိုပဲ ကြံတွေးမှု၊ ကြံတွေးမှုသည် နာမ်တရား ဖြစ်တယ်လို့ သိရပါမယ်။ ကြံတွေးမှုသည် ဖြစ်ပြီးပျက်တယ် ဆိုတာ သိရပါမယ်။ ကြံတွေးမှုသည် အမှန်မြင်မှုကို ဖြစ်စေတယ် ဆိုတာကို သိရပါမယ်။ ကြံတွေးမှုသည် ကိုယ်မဟုတ်၊ ကိုယ်ကြံတာမဟုတ် တရားနာခြင်း အကြောင်းကြောင့် ပေါ်လာတာကို သိရပါမယ်။ တရားနာခြင်း၊ တရားနာခြင်းသည် ရုပ်နာမ် ဖြစ်ပျက် မှန်းသိရပါမယ်။ သတိထား အာရုံစိုက်မှု ဆိုတဲ့ တရား၊ သညာ ဆိုတဲ့တရား၊ တည်ကြည်ခြင်း ဆိုတဲ့တရား၊ သိမှုဆိုတဲ့ တရား၊ ကြည်ညိုမှုဆိုတဲ့တရား၊ အမှန်မြင်ခြင်းဆိုတဲ့တရား၊ သို့လော သို့လော ဆိုတဲ့တရား။ ဒီတရားတွေ အကြောင်းအကျိုး ဖြစ်ပျက်တာကို တရားနာတယ်လို့ ခေါ်တယ်လို့ ပညတ်တာကို သိရပါမယ်။ ပညတ်တိုင်းဟာလဲ အနတ္တ (ပညတ် ဆိုတာသည် သတ္တဝါမဟုတ်၊ အဓိပ္ပါယ်သိစေသော စကားလုံး) ဆိုတာကို သိရပါမယ်။ ကျနော် စိတ်၊ စေတသိတ် အကုန်လုံးကို မပြောနိုင်ပေမယ့်။ စိတ်၊ စေတသိတ် မှာပါတဲ့ တရားတခု ခြင်းစီတိုင်းဟာ အတ္တမဟုတ်၊ သတ္တဝါမဟုတ်ဆိုတာကို သိဖို့လိုပါတယ်။ ဒါမှပဲ သိမှုသည် ခန္ဓာဖြစ်တဲ့အတွက် မှန်ကန်တဲ့ သိမှု ဖြစ်တဲ့အခါမှာ ဓမ္မရဲ့သဘောအတိုင်းပဲ မဂ်ဆီကို ဆောင်မှာပါ။ ဆောင်မှု ဆိုတာကလဲ ဓမ္မ က သတ္တဝါမို့ ဆောင်နိုင်တာမဟုတ်ပါဘူး။ ဓမ္မ ဖြစ်စဉ်ထဲမှာ အမှန်သိမှု (ပညာစေတသိတ်၊ အမောဟ) ဖြစ်တဲ့အခါမှာ ဒိဋ္ဌိ ဆိုတဲ့ အယူမှား ကိလေသာ အညစ်အကြေး စင်ကြယ်သွားတာပါ။
အနတ္တကို သေချာမသိတဲ့ ပုထုဇဉ်က သူအားထုတ်နေကြအတိုင်း အကုန်လက်လျော့ထားရမယ် ဆိုတာမျိုး တွေးတာဟာ တကယ်တော့ မသိလို့ပါ။ အနတ္တကို သေချာသိတဲ့ အရိယာက အကုန်အနတ္တမှန်း သဘောပေါက် ပါတယ်။ အတ္တဆိုတာ ဘယ်တုန်းကမှ မရှိတာလဲ သဘောပေါက်ပါတယ်။ အားလုံးဟာ ရုပ်နာမ်တွေမို့ လောကမှာ မကွာခြားတဲ့ တရားတွေ (လိုချင်မှုမှာ လိုချင်တဲ့ သဘောဟာ ဘယ်သူမှာ ဖြစ်ဖြစ် ဒီသဘော၊ ဒီတရား၊ ဒီဓမ္မ ပါပဲ) အဲဒါကြောင့် သူငါတွေ ခွဲလိုမရ ဘူးဆိုတာလဲ သဘောပေါက်ပါတယ်။ ဒါပေမယ့် လိုချင်မှုနဲ့ ပါတ်သက်ပြီး သင်္ခါရ နဲ့ပါတ်သက်ပြီး အလုံးစုံ ဉာဏ်မပေါက်နိုင်ပါဘူး။ ကျနော်လဲ အလုံးစုံ နားမလည်သေးပါဘူး။ အဲဒါကိုပါ သိချင် ရင်တော့ ပဋ္ဌာန်းကိုပါ နားလည်အောင် ကြိုးစားရမယ်လို့ ရှေ့မှာ ပြောခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီနေရာမှာ အကုန်လက်လျော့တယ်ဆိုတာ မမှန်ကြောင်းကိုပဲ ပြောမှာပါ။ အကုန်လက်လျော့ ထားရမယ် ဆိုတဲ့နောက်မှာ ဘယ်ထိ လိုက်လာလဲဆိုတော့ ပါရမီ မပါလို့ ဆိုတာမျိုးထိ လိုက်လာပါတယ်။ အကုန်လုံးကလဲ မိန်ရည် လျက်ရည်ကို အဲလိုပဲ ပြောကြတာပါ။ ဘာမှ မပိုင်ဘူးဆိုတဲ့ စိတ်ပျက်မှုနဲ့ နေနေ မှတော့ ဘယ်လိုလုပ် မဂ်ကျပါ့မလဲ။ လုပ်ရမှာက ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ပညာ (ဝီမံသာ) ဆိုတဲ့ တရားတွေကို ကိုယ်မဟုတ် ဆိုတာကို သဘောပေါက်ဖို့ လိုသလို၊ ဒီတရားတွေဟာ အကြီးအမှုးအနေနဲ့ လိုချင်မှု ဆိုတဲ့တရား အတိုင်း ပြည့်စုံ အောင် အကျိုးပေးတတ်တယ် ဆိုတာကို သိဖို့လိုပါတယ်။ ကိုယ့်ဆရာတို့ ကြားဖူးမှာပေါ့။ ဗိုလ် ငါးဗိုလ် ညီရတယ် ဆိုတဲ့ ကိစ္စကို။ ဗိုလ်ငါးဗိုလ် ဆိုတာက သဒ္ဓါဗိုလ်၊ ပညာဗိုလ်၊ ဝီရိယ ဗိုလ်၊ သမာဓိဗိုလ်၊ သတိဗိုလ် ဆိုပြီး ဖြစ်ပါတယ်။ အဲဒီမှာ ပညာဗိုလ်ဆီကို ကိုယ့်ဆရာတို့ မတက်ကြတာပါ။ လိုနေတာ အဲဒါပါပဲ။ သဒ္ဓါကတော့ ကိုယ့်ထက် ကောင်းကြမှာပါ။ သန့်ကြမှာပါ။ ပညာအကူအညီမပါရင်တော့ မဂ်ကျတဲ့ထိ မဖြစ်နိုင်ပါဘူး။ ဒါဟာ မလွဲမသွေ ကျော်ဖြတ်ရမှာပါ။ သဒ္ဓါ အားကောင်းလွန်းတယ်ဆိုလေလေ ပညာအားနည်းလေလေ ဖြစ်တတ်ပါ တယ်။ ယုံပြီးသားဆို မစဉ်းစားတော့ဘူးပေါ့ ဒီသဘောမျိုးပါ။ အဲဒီယုံကြည်မှုမှာ တကယ်ယုံထားတာလား အမှား တွေယုံထားလား ဆိုတာ အရေးကြီးပါတယ်။ အကုန်လက်လျော့ထားရမယ် ဆိုတာမျိုး အမှားတွေ ယုံထား ရင်တော့ ထိုင်နေတာသာ ရှိပါလိမ့်မယ်။ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ ဆိုတော့ လိုချင်မှု ဖြစ်တဲ့အခါမှာ ဒီလိုချင်မှု ပြည့်စုံအောင် ဒီလို ပညာလိုတယ် ဆိုတာမျိုး သိတာဟာ ပညာ (ဝီမံသာ) ပါ။
ဆိုလိုတာက ပုထုဇဉ်ဘဝကနေ သောတာပန်ဘဝ ရောက်အောင် ဘာမှ လုပ်လို့မရဘူး လက်လျော့ထားရမယ် ဆိုတဲ့စိတ်နဲ့ ဘယ်သောအခါမှ မရောက်ပါဘူး။ ဒါပေမယ့် ကြိုးစားမှု၊ ဆန္ဒပြင်းပြမှု၊ ကြီးမားတဲ့ ပညာတို့နဲ့ ကြိုးစား နိုင်တယ် ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ဒီနေရာမှာ ရှေ့က ပြောခဲ့တဲ့အတိုင်း ဆန္ဒဆိုတာလဲ ကိုယ်မဟုတ်၊ သတ္တဝါမဟုတ်။ ကြိုးစားမှုဆိုတာသည်လည်း ကိုယ်မဟုတ်၊ သတ္တဝါမဟုတ်။ ပညာဆိုတာလဲ ကိုယ်မဟုတ်၊ သတ္တဝါမဟုတ်။ ဒီသုံးခု စလုံးဟာ အနတ္တ ဆိုတာကို သိဖို့လိုပါတယ်။ သက်သေ ပြောနိုင်တာက ဒီလိုသုံးမျိုး ပြည့်စုံအောင် အားထုတ်ခဲ့ရင်တော့ ဘယ်သူမဆို သောတာပန် ဖြစ်နိုင်တာပါပဲ။ ဘာမှ လုပ်လို့မရဘူး လက်လျော့ထားရမယ် ဆိုတဲ့ အတွေးမျိုးနဲ့က သောတာပန်တောင် ဖြစ်လာမှာမဟုတ်ပါဘူး။ ဘာမှ လုပ်မရဘူး လို့ မှားယွင်းစွာ သိနေမှတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ သဘောက ဒါပါပဲ။
သောတာပန် ဖြစ်တယ်ဆိုတာကလဲ အတ္တဖြစ်သွားတာ မဟုတ်ပါဘူး။ သောတာပန် ဆိုတာ မရှိပါဘူး။ ရုပ်နာမ် တရားသာ ရှိပါတယ်။ သဘောပေါက်ဖို့ အင်မတန် အရေးကြီးပါတယ်။ ပထမ မဂ်အတွက် ဒါဟာ အင်မတန် အရေးကြီးတဲ့ ကိစ္စပါ။ ပထမ အဆင့် အကုန်လုံးကို အနတ္တ ဆိုတာ သိတာက မဂ်ပါ။ မဖြစ်သေးရင် ခုနက ဗိုလ်တွေ လိုလိုပါ။ နောက်တဆင့် တရားတွေရဲ့ ဦးစီးဦးဆောင် ပြုပုံနဲ့ ဒီပေါ်ကနေ စေတနာပေါ်မူတည်ပြီး လုပ်ဆောင်မှုတွေ ဖြစ်တာကို နားလည်ပြီး လိုအပ်သလို စီရင်တာက ထပ်ပိုးရတဲ့ ပညာပါ။
သေသေချာချာ ဖတ်ပါ။ နားမလည်ရင် မေးပါ။ အရေးကြီးလို့ပါ။

Leave a Reply