အနတ္တဆိုတာနဲ့ ပါတ်သက်ရင် အစိုးမရ၊ သူ့သဘောသူဆောင် ဆိုတဲ့ စကားတွေ အပြောများပါတယ်။ ကျနော်လဲ ပြောခဲ့ဖူးပါတယ်။ မမှန်ဘူးလားဆိုတော့ မှန်ပါတယ်။ မှားတယ်ပြောလို့မရပါ။ ဒါပေမယ့် ပြည့်စုံမှုတော့ မရှိပါဘူး။ အနတ္တရဲ့ တကယ့် အမှန်သဘော ဖြစ်တဲ့ ပုဂ္ဂိုလ် သတ္တဝါမဟုတ်ဆိုတာက ပိုပြီး မှန်ပါတယ်။
စိတ်ဟာ အစိုးမရ ဖြစ်နေတယ် ဆိုတာကို အနတ္တရဲ့ သဘာဝလို့ ပြောပါတယ်။ ဒါပေမယ့် သမထ အားထုတ်ပြီး စိတ်ကို ကိုယ်ထားချင်တဲ့ အာရုံမှာထားလို့ရတဲ့အခါမှာ ဖြစ်ဖြစ်၊ ကိုယ်ပြောချင်တာကို ပြောနိုင်တာ၊ ကိုယ်လုပ်ချင်တာကို လုပ်နိုင်တာကို မြင်တဲ့ အခါမှာ ဖြစ်ဖြစ် အစိုးမရဆိုတာဟာ မမှန်သလိုမျိုး မြင်လာနိုင်ပါတယ်။ ဒါဟာ အနတ္တရဲ့ သဘောကို သေသေချာချာ နားမလည်သေးလို့ပါ။ တကယ်တော့ အစိုးမရဆိုတာဟာ စိတ်ရဲ့ ဖြစ်စဉ်ကို အစိုးမရတာပါ။ အတ္တဆိုတာ မရှိတဲ့အတွက် အတ္တစီရင်သလို မဖြစ်တာကို အစိုးမရလို့ ပြောတာ ဖြစ်ပါတယ်။ အတ္တဆိုတဲ့ အထင်ဟာ တကယ်တော့ အထင်မှားမှုဆိုတဲ့ ကိလေသာတရားသာ ဖြစ်ပါတယ်။ ဒီတရားဟာ အကြောင်းအကျိုးအတိုင်း ဖြစ်နေတာ ဖြစ်ပါတယ်။
အဲလိုပါပဲ သူ့သဘောသူဆောင် ဆိုတာကလဲ တရားတခုချင်းစီဟာ သူ့ရဲ့ သဘောသဘာဝအတိုင်း ဆောင်ရွက်နေတယ်လို့ ပြောခြင်းဖြစ်ပါတယ်။ လောဘစိတ် ဖြစ်မယ် သူအားကောင်းတဲ့အခါ ဥပါဒါန်ခေါ်တဲ့ လောဘ အကြီးစားဖြစ်မယ်၊ အဲဒီကတဆင့် ကာယကံ ဝစီကံ မနောကံ ဖြစ်မယ် စတဲ့ ဖြစ်စဉ်မှာ လောဘစိတ်ကလဲ သူ့သဘာဝအတိုင်း ဥပါဒါန်ကို ဖြစ်စေမှု ဆောင်ရွက်ပြီး၊ ဥပါဒါန်ကလဲ ကာယကံ ဝစီကံ မနောကံကို ဖြစ်စေမှု (စေ့ဆော်မှု) ကို ဆောင်ရွက်ပါတယ်။
အနတ္တနဲ့ ပါတ်သက်ပြီး ဒီတရားတခုစီဟာ ပုဂ္ဂိုလ်တွေ သတ္တဝါတွေမဟုတ်၊ ပုဂ္ဂိုလ် သတ္တဝါဆိုတာ မရှိပဲ သဘော သဘာဝမတူညီသော တရားများ (အနတ္တတရားများ) အကြောင်းအကျိုးအတိုင်း ဖြစ်ပျက်နေတယ်ဆိုတာအဓိက နားလည်ဖို့လိုပါတယ်။ ဒီလို နားလည်မှသာပဲ အနတ္တကို သေချာစွာ နားလည်မှာ ဖြစ်ပါတယ်။
အနတ္တလက္ခဏာ ကိုရှုမှတ်တဲ့ အခါမှာ သူ့သဘောသူဆောင်နေတာပဲ အစိုးမရဘူး ဆိုတာပဲ ဆင်ခြင်နေရင် ဘာမှ လုပ်လို့ မရဘူးဆိုပြီး အဲဒီနေရာတင် ရပ်သွားတတ်ပါတယ်။ တကယ်တော့ တရားတခုဖြစ်တဲ့ အခါတိုင်းမှာ အဲဒီတရားရဲ့ အကြောင်းအကျိုး ဖြစ်ပျက်နေပုံ သက်သက်သာ ဖြစ်ခြင်း၊ တရားတခုစီရဲ့ မိမိမဟုတ်ပုံ၊ သတ္တဝါမဟုတ်ပုံကို သေချာစွာနားလည်အောင်ရှုမှတ်ခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီရှုမှတ်မှုဟာလဲ မည်သို့ ရှုမှတ်ရမည်ကို သိခြင်းအကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတရားသာ ဖြစ်ပုံ၊ သိခြင်းကလဲအနတ္တတရားသာ ဖြစ်ပုံကိုပါ ရှုမှတ်ရမှာပါ။
ဒီလောက်ဆိုရင် အနတ္တကို ရှုမှတ်ပုံနဲ့ ပါတ်သက်ပြီး နားလည်မယ် ထင်ပါတယ်။ မရှင်းတာရှိရင်လဲ မေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply