ရှေ့မှာ ကျနော်ပြောခဲ့တာက နတ်၊ ဗြဟ္မာနဲ့ ပါတ်သက်တဲ့ အကြောင်းကိုပြောဖို့ ဖြစ်ပါတယ်။ ဒါကို မပြောခင်မှာ သတ္တဝါဆိုတာကို မြင်ရတဲ့ လူနဲ့ တိရိစ္ဆာန်တို့အကြောင်းကနေ စပြီး ပြောဖြစ်နေတာလဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ဟာ လူသားသမိုင်းဆိုတာကို လျစ်လျူရှုလို့ မရပါဘူး။ လူတွေဟာ တချိန်က ကျောက်တုံးတွေ ဂူတွေကြားထဲမှာ နေခဲ့ကြတယ်လို့ ယူဆထားကြပါတယ်။ အဲဒီကနေပြီးတော့ မှ စုပေါင်းလယ်ယာ စနစ်ဆိုတာကို ရောက်လာခဲ့ကြပါတယ်။ စုပေါင်းစိုက်ပျိုးပြီး စုပေါင်း စားသောက်ကြတာပါ။ လူသားဟာ သမိုင်းတလျှောက်မှာ စနစ်ပေါင်းစုံကို တီထွင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ပိုက်ဆံ ဆိုတဲ့ စနစ်ကို တီထွင်ပြီးတဲ့အခါမှာတော့ မညီမျှမှုတွေ လူသားမျိုးနွယ်စု ကောင်းဖို့ ဆိုတာတွေကို နောက်ကိုပို့လာပြီး တဦးတယောက်၊ တစုတဖွဲ့ကောင်းစားဖို့ စည်းစိမ်ခံစားဖို့ ဆိုတာကိုပဲ ဦးတည်လာခဲ့ကြပါတယ်။ တီထွင်ခဲ့သမျှ စနစ်တွေအားလုံးဟာ တကယ်တော့ လူသားမျိုးနွယ်စုရဲ့ ကောင်းကျိုးကို ရည်ရွယ်တာမျိုး ဖြစ်သင့်ပါတယ်။ ကျနော်တို့ဟာ အခုအချိန်မှာ လူသားမျိုးနွယ်စုရဲ့ အခြေအနေကို ပြန်ကြည့်မယ် ဆိုရင် အိမ်မှာ လျှပ်စစ်မီးရှိနေရင် သောက်ဖို့အတွက် သောက်ရေ သန့်သန့် ရှိနေရင် လူဦးရေ ရဲ့ ထိပ်ဆုံး ၇၄ ရာခိုင်နှုန်းထဲမှာ ပါဝင်နေတယ် ဆိုတာဟာ အင်မတန် ကြောက်ဖို့ကောင်းတဲ့ အခြေအနေလဲ ဖြစ်ပါတယ်။ ကျန်တဲ့ လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်း (သန်းထောင်ပေါင်း ၂.၁) က ဒါတွေမပြည့်စုံဘူးလို့ ပြောရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒီအပြင်လူတွေဟာ လူအချင်းချင်း သတ်ဖို့ တပါးသော သတ္တဝါတွေကို သတ်ဖို့၊ သတ္တလောကမှာ ထင်သလို လုပ်ကြဖို့ဆိုတာကို ဝန်မလေးကြပါဘူး။ မရှောင်နိုင်တဲ့ သဘာဝ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဉာဏ်ပညာ နည်းပါးစွာနဲ့ စစ်ပွဲပေါင်းများစွာ ဖြစ်နေကြတာပါပဲ။ ဒါတွေအားလုံးဟာ တကယ်တော့ အုပ်ချုပ်ရေး ဆိုတဲ့ စနစ်၊ ပိုက်ဆံဆိုတဲ့ စနစ်၊ ပညာရေး ဆိုတဲ့ စနစ် ဒီစနစ်တွေ အားလုံးရဲ့အောက်မှာ အဖြစ်မှန်ကို မသိမှု ဆိုတဲ့ မောဟ အောက်မှာ ဉာဏ်နည်းစွာနဲ့ လည်ပါတ်နေကြတာပါပဲ။ ဒါကို တနည်းအားဖြင့် ယဉ်ကျေးမှုလို့ ခေါ်ပြီး လူသား ဆိုတဲ့ သတ္တဝါဟာ ယဉ်ကျေးမှု အရ တိရိစ္ဆာန်ထက် သာတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်။ ကောင်းမွန်တဲ့ အများအတွက် အကျိုးရှိတဲ့ ဒေါသ မဖြစ်တဲ့ မဖြစ်သင့်တဲ့ လောဘတွေ မဖြစ်တဲ့ ယဉ်ကျေးမှု အဆင့်အတန်းမျိုးကို မရောက်ကြပါဘူး။ တနည်းအားဖြင့် လူသားရဲ့ ယဉ်ကျေးမှု ဆိုတာဟာ ရုပ်ဝတ္ထုပစ္စည်း တခုတည်းပေါ်မှာ တည်တာမဟုတ်ပဲ သတ္တဝါရဲ့ မရှောင်တိမ်းနိုင်တဲ့ သဘာဝ ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ပေါ်မှာ တည်တာပဲ ဖြစ်ပါတယ်။
ရှေ့စာမှာ ပြောခဲ့တဲ့အထဲက အရေးကြီးတာက တိရိစ္ဆာန်ဟာ အစကတည်းက တိရိစ္ဆာန်ဖြစ်ပြီး၊ လူဟာ အစကတည်းက လူသာ ဖြစ်တယ် ဆိုတဲ့ အယူအဆပါပဲ။ အဲလိုပါပဲ လူသားထက် ယဉ်ကျေးမှု အဆင့်မြင့်တဲ့ သတ္တဝါတွေဟာလဲ အနန္တ စကြဝဠာ ထဲမှာ ရှိနေပါတယ်။ အဲဒါကိုတော့ ကျနော်တို့က နတ်၊ ဗြဟ္မာလို့ သိထားကြပါတယ်။ ဒီနေရာမှာလဲ ဒီနတ်၊ ဗြဟ္မာဆိုတာကလဲ လူတွေဘဝကနေ အတတ်ပညာတွေ တိုးတက်လာပြီး ဖြစ်လာတဲ့ ဂြိုလ်သားတွေ ဆိုတာမျိုး မြင်ကြည့်နိုင်ပေမယ့် လူဟာ အစကတည်းက လူဖြစ်သလို လူအဖြစ်ကနေလဲ နတ်အဖြစ်ကို တိုးတက်သွားဖို့ မဖြစ်နိုင်ပါဘူး။ အတတ်ပညာ တွေ ဘယ်လောက်တိုးတက် တိုးတက် လူ့သက်တမ်းတွေကို ဆွဲဆန့်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လူသားရဲ့ ခန္ဓာကိုယ်တည်ဆောက်ထားတဲ့ အရာတွေက အင်မတန်ကိုပဲ ခံနိုင်ရည်အားနည်းလို့ပါ။ ခန္ဓာကိုယ်ထဲက နှလုံး ကျောက်ကပ် စတဲ့ အရာရာဟာလဲ သက်တမ်းဆိုတာရှိပြီး သက်တမ်းကုန်တဲ့အချိန်မှာ ကျနော်တို့က ဘာမှ လုပ်လို့မရပါဘူး။ အဲဒီတော့ ပြောချင်တာက နတ်ဟာ လဲ အစကတည်းက နတ်ပဲ ဖြစ်ပါတယ်။ ဗြဟ္မာဆိုတာကလဲ အစကတည်းက ဗြဟ္မာသာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ တန်ခိုးရှင်တွေ လူတွေကို အုပ်စိုးနိုင်တဲ့သူတွေ ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ တိရိစ္ဆာန်တွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်းနဲ့ လူတွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကွာသလိုပဲ နတ်တွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကလဲ လူတွေအတွက် အလွန်ကို မြင့်လွန်းပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ သူတို့ကို နားလည်ဖို့ ဆိုတာက အင်မတန်ခက်ခဲပါတယ်။ တိရိစ္ဆာန်တွေက လူတွေကို နားမလည်သလိုပါပဲ။
ဒီနေရာမှာ ကျနော်တို့က သတ္တလောက ဆိုတာ ပါလာပြီပဲ ဖြစ်ပါတယ်။ သတ္တလောကမှာ ပါလာတာတွေကတော့ အပါယ်လေးပါး၊ လူ၊ နတ်၊ ဗြဟ္မာလို့ အလွယ်ပြောနိုင်ပါတယ်။ ကျနော်တို့ အခုထိ အပြည့်အဝ နားမလည်နိုင်တဲ့ စကြဝဠာကိစ္စတွေမှာ နတ်တွေ ဗြဟ္မာတွေက အများကြီး နားလည်ကြပါတယ်။ လူတွေမှာ တိုးတက်မှုတွေ အဆုံးမဲ့ ဖြစ်ဖို့ လိုအပ်တဲ့ သက်တမ်း ဆိုတာမှာ နတ်တွေဟာ အင်မတန်ကိုပဲ သက်တမ်းရှည်ကြပါတယ်။ ဒီလိုမျိုး နတ်ဘဝကို ရောက်ကြောင်းဆိုတာနဲ့ ပါတ်သက်ရင် ဘုရားပွင့်လာတဲ့အခါမှသာ တိတိကျကျ သိရတာ ဖြစ်ပေမယ့် ဘုရားမပွင့်တဲ့အချိန်တွေမှာလဲ လူတွေဟာ ယဉ်ကျေးမှု အဆင့်အတန်း မြင့်သထက် မြင့်လာပြီး ငါးပါးသီလ ဖြစ်တဲ့ (သတ္တဝါအသက်ကိုသတ်မှု၊ သတ္တဝါဆီမှ ခိုးမှု၊ သတ္တဝါအချင်းချင်း သူတပါးသားမယား ဖောက်ပြားမှု၊ လိမ်မှု နဲ့ အရက်သေစာ သောက်စားမှု) ကို ရှောင်ကြည်ခြင်း ဆိုတာတွေ ဖြစ်လာတဲ့အခါမှာ၊ လူလူချင်း အများအကျိုးကို ကြည့်ပြီး ကိုယ့်အကျိုးကိုစွန့်တဲ့သူတွေ များလာတဲ့အခါမှာလဲ ဘုရားမပွင့်ပေမယ့် နတ်တွေဟာ မဆိတ်သုဉ်းခဲ့ပါဘူး။ အဲလိုပဲ လူတွေဟာ နာမ်တရားမှာ ထူးခြားမှု ရှိရမယ် ဆိုပြီး နာမ်တရားနဲ့ပါတ်သက်ပြီး စိတ်ကို တည်ကြည်အောင် ကြိုးစားခြင်း စတဲ့ ဈာန်တရားတွေကိုလဲ ဘုရားမပွင့်ပေမယ့် ကြိုးစားခဲ့ကြသူတွေ ရှိပါတယ်။ အဲလိုလူတွေကလဲ ဗြဟ္မာဆိုတဲ့ သတ္တဝါဘဝကိုရောက်ကြပါတယ်။ ဒီနေရာမှာ လူ့ဘဝကနေ နတ်ဘဝရောက်တာ၊ ဗြဟ္မာဘဝကိုရောက်တာ၊ တိရိစ္ဆာန်ဘဝ ကိုရောက်တာ ဟာ လောဘ၊ ဒေါသ၊ မောဟ နဲ့ ဆိုင်တဲ့ ယဉ်ကျေးမှု အဆင့်အတန်းပေါ်မူတည်ပြီး ရောက်ကြရတာပါပဲ။ အလွန်တရာ ကိုမှ လောဘ၊ ဒေါသ၊ မောဟ အားကြီးလွန်းတဲ့ သူတွေကတော့ တိရိစ္ဆာန်ထက်ပိုပြီး ဒုက္ခကြီးတဲ့ ငရဲ၊ ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ ဘဝတွေကို ရောက်ကြရပါတယ်။ မိမိကိုယ်မိမိ အလွန်တရာကို မာနထောင်လွှားတဲ့သူတွေဟာ အသူရကာယ်ဆိုတဲ့ဘဝ ကိုရောက်ကြပြီး၊ မောဟ အားကြီးလွန်းတဲ့ သူတွေကတော့ တိရိစ္ဆာန်ဘဝကို ရောက်ကြပါတယ်။ ဒေါသအားကြီးလွန်းတဲ့သူတွေကတော့ ငရဲကို ရောက်ကြပါတယ်။ ဒေါသအားကြီးယုံသက်သက်နဲ့ ရောက်တာတော့ မဟုတ်ပဲ ဒေါသအလျှောက် သတ္တဝါကို သတ်မှု စတာတွေကို ကျူးလွန်းလို့ ရောက်ကြတာပဲ ဖြစ်ပါတယ်။
အဲဒီတော့ လူတွေဟာ မိမိတို့ ပြုမူသမျှသော ကံရဲ့ အကျိုးအတိုင်း ဘဝတွေကို ရောက်ကြရတယ်လို့ ပြောရမှာပါပဲ။ ကျနော်တို့ နတ်တွေအကြောင်းကို ဆက်ပြီး ပြောရရင် နတ်တွေ ဆိုတာကလဲ သတ္တဝါတွေပါပဲ။ သူတို့ဟာ ယဉ်ကျေးမှု အဆင့်မြင့်လွန်းတဲ့အတွက် တဦးကို တဦးသတ်မှု ဆိုတာလဲ မရှိပါဘူး။ သူတို့မှာ ပိုက်ဆံစနစ် ဆိုတာလဲ မရှိပါဘူး။ နာမ်တရားရဲ့ ထူးခြားမှုနဲ့ မွေးရာပါ ဉာဏ်ရည်အဆင့်အတန်းမြင့်လွန်းတဲ့အတွက် သူတို့မှာ မွေးရာပါ တန်ခိုး(ဖန်ဆင်းနိုင်စွမ်း စကြဝဠာအတွင်းသွားလာနိုင်စွမ်း လေ့လာနိုင်စွမ်း လူထက် အဆပေါင်းများစွာ ခိုင်မြဲသော ခန္ဓာ) ဆိုတာ ရှိပြီး တန်ခိုးအလျှောက် အစားအသောက်အတွက် မပူပန်ကြရပါဘူး။ နတ်တွေမှာ ဘဝ ဦးတည်ချက် ဘာဖြစ်မလဲ ဆိုတာတွေကတော့ နတ်တွေလဲ လူတွေလိုပဲ စဉ်းစားမှုတွေ အမျိုးမျိုး လုပ်ကြမယ့်သဘောရှိပါတယ်။ ကာမဂုဏ်အာရုံနဲ့ ပါတ်သက်ရင်တော့ နတ်တွေဟာ အင်မတန်ကိုပဲ ကောင်းမွန်တဲ့ ကာမဂုဏ်အာရုံ ခံစားမှုတွေ ရှိကြပါတယ်။ ဒါဟာ နတ်တွေနဲ့ပါတ်သက်လို့ သိနိုင်သမျှပါပဲ။
လူတွေမှာ မပြည့်ဝနိုင်တာကတော့ တဦးကိုတဦး ချစ်ခင် ကြင်နာခြင်းတွေ စွဲလမ်းခြင်းတွေ ဖြစ်တဲ့အခါမှာ ဒီစွဲလမ်းမှုတွေနဲ့ အကြာကြီး မနေရတဲ့သဘောရှိပြီး နှစ် ၄၀ လောက်ပဲ မိမိချစ်တဲ့ မိဘ၊ ဆွေမျိုး၊ သားသမီး စတာတွေနဲ့ အတူနေရတာ ဖြစ်ပြီး နတ်တွေအတွက် တော့ နှစ်သန်းနဲ့ချီပြီး ချစ်ခင်မှု ကြင်နာမှု တွေကို ခံစားကြရတာပါပဲ။ နတ်ပြည်ဆိုတာဟာ သွားချင်စရာ ဘယ်လောက်ကောင်းလဲ ဆိုတော့ မာသာထရီဇာ လို ပုဂ္ဂိုလ်မျိုးတွေ လူ့လောက တလျှောက် လူ့ကောင်းကျိုး ဆောင်ခဲ့တဲ့သူတွေ သီလ လုံခြုံတဲ့သူတွေ၊ ဒါန အားကောင်းတဲ့ သူတွေ ချည်းပဲ ရှိနေတဲ့ သတ္တဝါလောက တခု ဖြစ်နေလို့ပါပဲ။ ကမ္ဘာပေါ်မှာ ရှိခဲ့တဲ့ အကောင်းဆုံးဆိုတဲ့ လူတွေ နဲ့ တွေ့ရမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားစရာ လောက တခုပဲ ဖြစ်ပါတယ်။ နတ်ပြည်ဆိုတာဟာ ဒိုင်မေးရှင်းဆိုတဲ့ သဘောနဲ့ တည်ရှိနေတယ်လို့ ယူဆရပြီး သာမန်လူများ အနေနဲ့ မမြင်နိုင်ပါဘူး။ နတ်တွေကလဲ သူတို့ထက် ယဉ်ကျေးမှု နိမ့်ပါးလွန်းတာ ဖြစ်တဲ့အတွက် လူတွေနဲ့ ဆက်သွယ်ဖို့ဆိုတာဟာ မဖြစ်နိုင်တဲ့ ကိစ္စလဲ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တိရိစ္ဆာန်တွေကို ဆက်သွယ်ဖို့ မကြိုးစားသလိုပါပဲ။ ဒါပေမယ့်လည်း နတ်တွေရော လူတွေရောမှာ တူညီတာကတော့ စိတ်ရဲ့ အညစ်အကြေးဖြစ်တဲ့ ကိလေသာ တရားတွေပါပဲ။ နောက်တခုကတော့ နတ်တွေဟာလဲ မွေးခြင်းဒုက္ခ၊ သေခြင်းဒုက္ခ၊ ချစ်ခင်သူနဲ့ ကွေကွင်းရသော ဒုက္ခ၊ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်း ဆိုတဲ့ ဒုက္ခတွေကနေ မလွတ်ကင်းပါဘူး။ ဒီလိုမျိုး စိတ်ရဲ့ အညစ်အကြေးတရားတွေ ဟာ ဘာတွေဖြစ်တယ်၊ ဒီတရားတွေကနေ လွတ်မြောက်အောင် ဘယ်လိုလုပ်ရမယ်၊ သေခြင်းတရားကနေ ဘယ်လိုလွတ်မြောက်အောင် လုပ်ရမယ် ဆိုတာကတော့ သတ္တလောက တခုလုံးမှာ မသိကြပါဘူး။ ဒီလို မသိကြတဲ့ ဘဝတွေနဲ့ပဲ သတ္တဝါတွေဟာ အဖြေမရှိတဲ့ အခြေအနေတွေနဲ့ နေထိုင်ကြပါတယ်။ ဒီလို အဖြေမရှိတဲ့ အခြေအနေမှာနေထိုင်နေရတယ် ဆိုတာနဲ့ ပါတ်သက်ရင် လူတွေထက် စာရင် ယဉ်ကျေးမှု အဆင့်အတန်းမြင့်တဲ့ နတ်တွေက ပိုပြီး သိကြပါတယ်။
ဒီနေရာမှာတော့ ကျနော်တို့က မြတ်စွာဘုရား ဆိုတာနဲ့ ပါတ်သက်ပြီး ပြောရမှာပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရား အကြောင်းကို မပြောခင်မှာ ကံနဲ့ပါတ်သက်တဲ့ အကြောင်းကို အရင်ပြောရပါမယ်။ သတ္တဝါတွေဟာ လူ့ဘဝကနေ နတ်ဘဝ၊ တိရိစ္ဆာန်ဘဝ၊ ဗြဟ္မာဘဝ၊ ငရဲဘဝ၊ ပြိတ္တာဘဝ၊ အသူရကာယ် ဘဝ စတဲ့ဘဝတွေ အမျိုးမျိုး ဖြစ်ကြရတာဟာ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အနေဉ္စာဘိ သင်္ခါရ ဆိုတဲ့ သင်္ခါရတရား သုံးမျိုးကြောင့် ဖြစ်ပါတယ်။ ပုညာဘိ သင်္ခါရတွေကို ပြုတာ များတဲ့အခါမှာ ယဉ်ကျေးမှု အဆင့်အတန်းမြင့်လာပြီး အပုညာဘိ သင်္ခါရတွေကို ပြုတာ များတဲ့အခါမှာတော့ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်လာတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ယဉ်ကျေးမှု အဆင့်အတန်းမြင့်သွားတဲ့အခါမှာ အပုညာဘိသင်္ခါရတွေ ဆက်ပြုဖို့ ဖြစ်နိုင်ပေမယ့်၊ လွယ်ပေမယ့်၊ ယဉ်ကျေးမှု အဆင့်အတန်းနိမ့်ကျတဲ့ သတ္တဝါဖြစ်သွားတဲ့အခါမှာတော့ ပုညာဘိသင်္ခါရတွေ ပြုဖို့ မလွယ်ကူတော့ပါဘူး။ ဒါကြောင့်လဲ သတ္တဝါတွေဟာ အပါယ်လေးပါးလို့ခေါ်တဲ့ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဘဝတွေကို ရောက်သွားတဲ့အခါမှာ ပြန်တက်လာဖို့ အင်မတန်ခက်ခဲတယ် ဆိုတဲ့အကြောင်းပါပဲ။ အဲဒီတော့ မြတ်စွာဘုရား ဆိုတာကတော့ ပုညာဘိသင်္ခါရ တွေကို အဆုံးစွန်ထိ အမျိုးမျိုးကြိုးစားခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်တော့ နတ် ဗြဟ္မာဆိုတဲ့ ဘဝတွေထက် သေခြင်းတရားကို ဖျက်စီးဖို့ပါပဲ။ သတ္တဝါတွေတိုင်းမှာ မရှောင်နိုင်တဲ့ သေခြင်းတရာကနေ လွတ်ရာကို ရှာဖွေ့ဖို့ဆိုတာက သတ္တဝါအားလုံးအတွက် မဖြစ်နိုင်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး သေခြင်းတရား လွတ်ရာကို ကိုယ်တိုင်ရှာဖွေပြီး ညွှန်ပြနိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကို မြတ်စွာဘုရားလို့ ခေါ်ပြီး မြတ်စွာဘုရားနဲ့ တွေ့တဲ့အချိန်မှာ ဒီအဖြစ်ကို အားကျပြီး မွေးလိုက် သေလိုက် လောကကြီးထဲမှာပဲ ညွှန်ပြနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်အောင် ကြိုးစားသူတွေကိုတော့ ဘုရားအလောင်းလို့ ခေါ်ပါတယ်။ ဘုရားအလောင်းတွေဟာ ဒါနပါရမီ၊ သီလပါရမီ (ကိုယ်ကျင့်တရားကောင်းမွန်မှု)၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ဝီရိယ ပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီ စတဲ့ ပါရမီ ဆယ်ပါးကို ဖြည့်ဆည်းကြပါတယ်။ ဒါရဲ့ ဦးတည်ချက်ကတော့ လောကမှာ မသိတာမရှိပဲ အကုန်လုံးကို သိတယ် ဆိုတဲ့ သဗ္ဗညုတဉာဏ်တော်ကို ရည်ရွယ်ပြီး ဖြည့်ဆည်းကြတာလဲ ဖြစ်ပါတယ်။ သဗ္ဗညုတဉာဏ်တော် ကိုရမှာသာလျှင်လည်း သတ္တဝါတွေကို အပါယ်လေးပါးက လွတ်အောင်၊ သေခြင်းတရား ရဲ့ အဆုံးသတ်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတာကို ရောက်အောင် ပို့ဆောင်နိုင်တာလဲ ဖြစ်ပါတယ်။ ပို့ဆောင်တယ် ဆိုတာက တန်ခိုးနဲ့ စီမံတာမျိုးမဟုတ်ပဲ သတ္တဝါတွေကို ဉာဏ်ပညာ အလင်းပွင့်အောင် တရားဟောပြီး သတ္တဝါရဲ့ အကျင့်အကြံပေါ်မှာ မူတည်ပြီး ရောက်ရတာလဲ ဖြစ်ပါတယ်။ ပါရမီ ဆိုတာကတော့ အထပ်ထပ် ပြုမှုပဲ ဖြစ်ပါတယ်။ အထပ်ထပ်အခါခါ စိတ်ကောင်းထားခြင်း စတဲ့သဘောပါပဲ။ မြတ်စွာဘုရား ကတော့ လူ့ပြည်မှာပဲ ပွင့်လေ့ရှိပါတယ်။ မြတ်စွာဘုရားဟာ ပြောခဲ့တဲ့အတိုင်း ပါရမီတွေကို ဖြည့်ကျင့်ပြီး ဘုရားဖြစ်မယ့်ဘဝမှာ အကောင်းဆုံးသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါတယ်။ ဒါကလဲ သဗ္ဗညုတဉာဏ်တော်ကို ဆောင်နိုင်ဖို့အတွက် လိုအပ်ချက် ပြည့်စုံတဲ့ သဘောလဲ ဖြစ်ပါတယ်။ အဲဒီတော့ မြတ်စွာဘုရား ပွင့်လာတဲ့အခါမှာတော့ သတ္တလောကမှာ အထွတ်အထိပ်ဘဝ ကိုရောက်ပြီး (သိခြင်းတရား အဆုံးစွန်ဆုံးဟာ အမြင့်ဆုံးသော ယဉ်ကျေးမှု ဖြစ်ပါတယ်) သတ္တဝါအားလုံးဟာ မိမိတို့ သိခြင်တာတွေကို လာပြီး မေးခွင့်ရကြပါတယ်။ မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်မှာ အိန္ဒိယ နိုင်ငံမှာ ပွင့်ထွန်းခဲ့ပြီး ဂေါတမ ဗုဒ္ဓလို့ခေါ်ပါတယ်။ မြတ်စွာဘုရားဟာ ဘုရားဖြစ်တယ်ဆိုတာကို ဝန်ခံသလို အနှစ်သာရကတော့ ဗုဒ္ဓဆိုတဲ့ သိသူ ဆိုတဲ့အမည်ကို ခံယူပါတယ်။ မြတ်စွာဘုရားဟာ ပိုက်ဆံဆိုတဲ့ စနစ်ရဲ့ အပြင်မှာလဲ ရှိပါတယ်။ ဒါကို ဆွမ်းခံစားခြင်း ပံသကူ အဝတ်ကို ဝတ်ခြင်း သစ်ပင်ရင်းအောက်မှာ နေခြင်း စတာတွေနဲ့ မြင်သာပါတယ်။
မြတ်စွာဘုရား ပွင့်တော်မူတဲ့အခါမှာမှ ကျနော်တို့ဟာ ကုသိုလ်၊ အကုသိုလ်၊ ဈာန် စတဲ့ တရားတွေရဲ့ အနှစ်သာရတွေ ပြုကျင့်မှုတွေ အဆင့်အတန်းမြင့်တဲ့ ယဉ်ကျေးမှုတွေ ဆိုတာကို မိမိတို့ တဦးစီရဲ့ ဉာဏ်ရှိသလောက် သိခွင့်ရကြပါတယ်။ မြတ်စွာဘုရား လမ်းညွှန်တဲ့ သေခြင်းတရားကို ကျော်လွန်နိုင်တဲ့ တခုတည်းသော နည်းလမ်းကတော့ မဂ္ဂင်ရှစ်ပါးလို့ ခေါ်တဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ သမ္မာကမ္မတ၊ သမ္မာအာဇီဝ၊ သမ္မာဝါစာ တို့ပဲ ဖြစ်ပါတယ်။ ဒီအကျင့်ကို ကျင့်တဲ့ လူနတ်ဗြဟ္မာတွေ အကုန်လုံးဟာ သံသရာက လွတ်ရာလမ်း သေခြင်းတရားကို အနိုင်ယူခြင်း ဆိုတဲ့အခြေအနေကို ရောက်ကြမှာပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ ဝါဒကတော့ အနတ္တဝါဒ ပဲ ဖြစ်ပြီး လောကမှာ အတ္တဝါဒ နဲ့ အနတ္တဝါဒ ဆိုပြီး ဝါဒဟာ နှစ်မျိုးတည်း ရှိတယ်လို့လဲ ပြောနိုင်ပါတယ်။ မြတ်စွာဘုရား ပွင့်တယ် ဆိုတဲ့အချိန်မှာပဲ လူတွေထက် ယဉ်ကျေးမှု အဆမတန် မြင့်မားလှတဲ့ စကြဝဠာပေါင်းစုံမှာ နေထိုင်ကြတဲ့ နတ်၊ ဗြဟ္မာတွေဟာ လူ့ပြည်ကိုရောက်လာကြပြီး မြတ်စွာဘုရား အပါအဝင် မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတွေနဲ့ တွေ့ဆုံကြပါတယ်။ ဒါကြောင့်လဲ ဗုဒ္ဓသာသနာမှာ လူတွေမမြင်နိုင်တဲ့ သက်သေပြလို့ မရတဲ့ နတ်တွေ ဗြဟ္မာတွေ ဆိုတာဟာ ပါနေတာပါပဲ။
ဒါနဲ့ပါတ်သက်ပြီး သိပ္ပံပညာရဲ့ ရှာဖွေ့လေ့လာမှု တခုရှိပါတယ်။ အဲဒါကတော့ သေပြီးတဲ့နောက် ဘဝ ကူးတယ် ဆိုတာပါပဲ။ အဲဒီ သုသေသနကို နှစ်ပေါင်း ၅၀ လောက် လုပ်ခဲ့တာ ဖြစ်ပြီး လူဝင်စားတွေကို အင်တာဗျုးလုပ် အချက်အလက် စုဆောင်းထားတာပါပဲ။ ဒါဟာလဲ ခန့်မှန်းချက်မဟုတ်ပဲ အချက်အလက်ပဲ ဖြစ်ပါတယ်။ အချက်အလက်တွေ့ရှိချက်အရတော့ လူတယောက်ဟာ သေသွားပြီးတဲ့နောက်မှာ သူရှင်သန်ခဲ့စဉ်က အကြောင်းကို ပြန်ပြောနိုင်တဲ့ တခြားသော (သူ့နောက်မှမွေးဖွားလာတဲ့) နောက်ထပ် လူတယောက်ရှိတယ် ဆိုတာပါပဲ။ အဲဒီလူနှစ်ယောက်ဟာလဲ ဘာမှ ဆက်စပ်ပါတ်သက်မှု မရှိပါဘူး။ ဒါကို ထောက်ရှုခြင်းအားဖြင့် လူတွေဟာ သေသွားပြီးတဲ့ နောက်မှာ ပြတ်စဲသွားတာ မဟုတ်ပဲ နောက်ထပ် ဘဝ တခုကို ကူးပြောင်းသွားတယ် ဆိုတာ လက်ခံလို့ ရတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီကနေ ဆင့်ပွားလိုက်ရင် လူဟာ လူပြန်ဖြစ်နိုင်သလို၊ တိရိစ္ဆာန်ဘဝကိုလဲ ရောက်နိုင်တယ်လို့ ပြောရမှာလဲဖြစ်ပါတယ်။ လူဟာ လူပြန်ဖြစ်တဲ့အဖြစ်အတွက် ကောင်းမှုတွေကို လုပ်ခဲ့တာ ဖြစ်ရင်၊ မကောင်းမှုကို လုပ်တဲ့ သူတွေအတွက်၊ ကောင်းမှုတွေကို အထူးလုပ်တဲ့သူတွေအတွက် တိရိစ္ဆာန်ဘဝ နဲ့ နတ်ဘဝ ဆိုတာတွေဟာလဲ ရှိနေမှာ ဖြစ်ပါတယ်။


Leave a Reply