အနတ္တဝါဒ ဆိုတာဟာ အင်မတန် အသိရခက်တဲ့ ဝါဒ ဖြစ်သလို လောကရဲ့ အမှန်တရားလဲ ဖြစ်ပါတယ်။ အနတ္တဝါဒကို တကယ် နားလည်တာသည် သောတာပန်က စလို့ ရဟန္တာထိ အရိယာ များပဲ ဖြစ်ပါတယ်။ လောကမှာ ပုဂ္ဂိုလ်သတ္တဝါ ဆိုတာ မရှိဆိုတဲ့ အယူအဆဟာ ကိုယ့်ကိုကိုယ်ရော တပါးသူများရော ရှိသမျှ သက်ရှိအားလုံးကို သတ္တဝါအဖြစ် နားလည်ထားတဲ့ အတ္တဝါဒအတွက်တော့ နားမလည်ချင်စရာ ကိစ္စပဲ ဖြစ်ပါတယ်။ အတ္တဝါဒ နဲ့ အသိပညာ ရှာခဲ့တဲ့ လူသားတယောက်အတွက်လဲ အနတ္တဝါဒဟာ အင်မတန်အံဩစရာ ကောင်းခဲ့ပါတယ်။ အတ္တနဲ့ကြံစည်ပြီး အဲဒီပေါ်ကနေဖြစ်တဲ့ စိတ်ခံစားချက်တွေ၊ အတွေးအခေါ်တွေ ဒါတွေအားလုံးနဲ့ ကြီးပြင်းခဲ့သူဖြစ်တာကြောင့် အနတ္တဝါဒက ကျနော့်ကို အင်မတန် နားလည်ရ ခက်ခဲစေခဲ့ပါတယ်။ အနတ္တဝါဒဟာ လူတယောက်ကို အယူဝါဒရေးရာ တခုသက်သက်တင် မကပဲ သံသရာက လွတ်စေတယ် ဆိုတဲ့ အကျိုးထိကိုပါ ပေးစေပါတယ်။ ဒီနေရာမှာလဲ သံသရာ ဆိုတာဟာ ယုံကြည်မှု စနစ်တခုဖြစ်ပြီး အတ္တဝါဒ အနေနဲ့က မသေချာမှု ဆိုတဲ့ ဘောင်ထဲမှာပဲ ရှိပါတယ်။ ဒါကြောင့် အတ္တဝါဒ သမားတွေက ဒီယုံကြည်မှုဘောင်ထဲကို ဝင်လာပြီး အဖြေရှာဖို့ဆိုတာဟာ မလွယ်ကူတဲ့ ကိစ္စတခုပါပဲ။

ဒီအကြောင်းတွေကို ပြောတဲ့အခါမှာ ကျနော့်ရဲ့ အတွေ့အကြုံနဲ့ ဆုံးဖြတ်ချက်တွေဟာ မရှောင်သာ မတိမ်းသာ ရှင်းပြရတဲ့ အခြေအနေကို ရောက်လာမှာပါပဲ။ ဒါကိုတော့ နည်းနည်း သည်းခံပြီး ဖတ်စေချင်ပါတယ်။ ကျနော့်အတွက် အစစအရာရာဟာ ဘဝအစမှာတင်ပဲ မေးခွန်းပေါင်းများစွာနဲ့ စိတ်မသက်သာစရာ အခြေအနေတွေ စခဲ့ပါတယ်။ ကျနော့်ဘဝမှာ အခုရောက်ခဲ့တဲ့ သောတာပန်ဆိုတဲ့ ဘဝကို မရောက်ခင်မှာ မေးခွန်းပေါင်းများစွာကို အဖြေရှာရာကနေပဲ အားလုံးဟာ စခဲ့တာပါပဲ။ ဒီအခြေအနေကိုလဲ ယုံကြည်မှုစနစ်ထဲမှာ မျောပါမှုတွေကနေပဲ အကျိုးပေးခဲ့တာပါ။ ကျနော့်ဘဝနဲ့ပါတ်သက်ပြီး နည်းနည်းပြောရရင် ကျနော်ငယ်စဉ်က ကျနော့်အဖေက စာရေးဆရာ တပိုင်း ကျောင်းဆရာတပိုင်းပါ ရုံးဝန်ထမ်းတပိုင်းပါ။ အမေကတော့ ရုံးဝန်ထမ်းပါ။ နှစ်ယောက်စလုံးက ဓာတုဗေဒနဲ့ ဘွဲ့ရခဲ့သူတွေချည်းပါပဲ။ ကျနော်မွေးတဲ့အချိန် ၁၉၇၉ ခုနှစ်လောက်အတွက်တော့ ခေတ်ပညာတတ် လူငယ်တွေလို့ ပြောလို့ရပါတယ်။ မဆလ လက်ထက်မှာ ကြီးပြင်းခဲ့သူတွေ ဖြစ်ပြီး အဲဒီစနစ်ထဲမှာပဲ အလုပ်လုပ်ခဲ့သူတွေပါ။ အဖေ့အတွက်ကတော့ သူရဲ့ပါတ်ဝန်းကျင်နဲ့ ဖြတ်သန်းရမှုတွေဟာ ကျေနပ်စရာမကောင်းခဲ့ပါဘူး။ ဒီလိုနဲ့ပဲ အဖေက ရုံးအလုပ်ကနေထွက်ပြီး နိုင်ငံတကာကူး သင်္ဘောမှာ ရေဒီယို အရာရှိအဖြစ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ရေဒီယိုအရာရှိ ဖြစ်ခဲ့ပါတယ်။ ကျနော့်အတွက် အဖေ နဲ့ အမေ့ ဆီက ရတဲ့ အကျိုးကျေးဇူးလို့ ပြောရမယ် ဆိုရင် အဖေ စုထားတဲ့ စာအုပ်စင်နဲ့ အမေ့ဆီက အစားအသောက်နဲ့ပါတ်သက်လို့ ဘယ်တော့မှ မဆူဘူး ဆိုတဲ့ ကတိပါပဲ။ ဒီနှစ်ခုကတော့ ကျနော့်ဘဝအတွက် ကြီးမားတဲ့ အထောက်အပံ့တွေပါ။ လူသားရဲ့ ဘဝဟာ ဘယ်လောက်တောင် သေးငယ်သလဲ ဆိုတာကို စဉ်းစားမိတဲ့ အခုအချိန်မှာ အဲဒီနှစ်ခုသာ မရှိခဲ့ဘူးဆိုရင် ကျနော်ဘာဖြစ်မလဲ ဆိုတာကို သေချာ မပြောနိုင်ပါဘူး။ ကူလီထမ်းတဲ့ လူတယောက်လဲ ဖြစ်ကောင်း ဖြစ်နေမှာပါပဲ။ စနစ်တွေရဲ့ အကြောင်းကိုလဲ နားလည်ခဲ့မှာ မဟုတ်ပါဘူး။

ကျနော် ငယ်ငယ် အသက် ၃ နှစ် နဲ့ ငါးနှစ်ကြားလောက်မှာပဲ စာစဖတ်တတ်ခဲ့တယ်လို့ ယူဆရမှာပါ။ ကျနော်မှတ်မိနေတာ အဖေပြန်ပြောတာအရ သိရသလောက်ကတော့ ကျနော် အတော်ငယ်တဲ့အရွယ် စာမဖတ်နိုင်တဲ့အရွယ်မှာပဲ အိမ်ကို သောကြာနေ့မှာ ဆိုရွေသွေး စာစောင်တွေ ဝယ်လာခဲ့ပြီး ကျနော့်ကို ဖတ်ပြပါတယ်။ ကျနော်က အဲဒါတွေကို အလွတ်မှတ်ထားပြီး ဇာတ်လမ်းတွေကို ညအိပ်ရာဝင်ချိန်မှာ ပြန်ပြောနေတတ်တယ်လို့ ပြောပါတယ်။ ကျနော်မှတ်မိသလောက်ကတော့ ရွေသွေးကို ကျနော် အင်မတန် စွဲလမ်းခဲ့တယ် ဆိုတာပါပဲ။ စာပေ ဆိုတာကို အင်မတန်စွဲလမ်းခဲ့တယ်လို့ ကြီးကြီးကျယ်ကျယ် ပြောနိုင်ပါတယ်။ တရားအရ နားလည်မှုနဲ့ ပြောရရင်တော့ ကိလေသာတွေ စပြီး ထကြွလာခဲ့တယ်လို့ပဲ ပြောရမှာပေါ့။ အဲဒီကနေ စာဖတ်တတ်အောင် အမေက သင်ပေးတယ်လို့ပဲ ထင်မိပါတယ်။ တနေ့မှာတော့ အမေ့ရုံးကို လိုက်သွားပြီး ရုံးမှာ လိုက်ဆော့တာ လုပ်ရင်းနဲ့ အမေ့ သူငယ်ချင်းတယောက်စီက သိုင်းစာအုပ်ကို ငှားလာခဲ့ပါတယ်။ အခုထိ မှတ်မိသေးတာက သိုင်းစာအုပ် နာမည်က သိုင်းကညာ ခုနှစ်ဖော်ပါ။ စာတွေချည်းပါတဲ့ စာအုပ်ကို ဖတ်နိုင်တယ် ဆိုတာမျိုး ဂုဏ်ယူတာအပြင် ကျနော့်အတွက် အသစ်အဆန်းအတွေ့အကြုံအနေနဲ့ အဲဒီစာအုပ်ကို အသေအလဲ ထိုင်ဖတ်ခဲ့ပါတယ်။ ကျနော်မှတ်မိသလောက်ကတော့ စာဖတ်တာနဲ့ ပါတ်သက်တဲ့ အခက်အခဲ ဆိုတာမျိုး မမှတ်မိပါဘူး။ ဒီစာအုပ်ကို အလွန်စွဲလမ်းခဲ့ပြီး အဲဒီအချိန်ကစလို သိုင်းစာအုပ်တွေဟာ ကျနော့်အတွက် အင်မတန်ကောင်းတဲ့ အဖော်ပဲ ဖြစ်ပါတယ်။ မကောင်းသူပါယ်၊ ကောင်းသူကယ်၊ သမီးရည်းစား ဇာတ်လမ်းတွေလဲပါ၊ ကြိုးစားအားထုတ်မှု၊ အရှုံးမပေးမှု၊ ဘဝရဲ့ အကောင်းဖက်သို့ ဘယ်လိုဖြစ်ဖြစ် အလှည့်အပြောင်း ဆိုတာတွေက ငယ်ရွယ်သေးတဲ့ ကျနော့်အတွက်တော့ အင်မတန်ကို စွဲလမ်းစေပါတယ်။ ဒါပေမယ့် သိုင်းစာအုပ် ဖတ်ခွင့်က အကန့်အသတ်ရှိပါတယ်။ ရနိုင်တဲ့စာအုပ်ကလဲ အကန့်အသတ်ရှိပါတယ်။ အဲဒီတော့ စာလဲ ဖတ်တတ်နေပြီ ဖြစ်ပြီး စာအုပ်ကို အရသာတွေ့နေတဲ့ ကျနော့်အတွက် အိမ်က စာအုပ်စင်တွေဟာ မျက်စောင်းထိုးစရာ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က ကျနော်ထင်တာ မမှားရင် အဖေ့ဆီမှာ စာအုပ်စင်ချည်းပဲ လေးစင်လောက် ရှိပါတယ်။ အမျိုးမျိုးသော စာအုပ်တွေကို စုထားတာပါ။ အဖေရော အမေရော စာဖတ်ဝါသနာ ပါကြလေတော့ အဖေစုတာနဲ့ အမေစုတာ ဆိုပြီး စာအုပ်စင်တွေမှာ စာအုပ်တွေ အများကြီးပါပဲ။ စာအုပ်တွေကလဲ အမျိုးအစားစုံလင်ပါတယ်။ ကျနော့်အတွက်ကတော့ မမှီမကမ်းနဲ့ပဲ အဲဒီက စာအုပ်တွေကို စာဖြစ်ရင်ပြီးရောသဘောနဲ့ ဖတ်ဖြစ်ခဲ့ပါတယ်။ စာဖတ်တာကို ဘိန်းစွဲသလို စွဲနေလေတော့ စာအုပ်တွေကို ဖတ်နေရတာကပဲ ဘဝမှာ အကြီးဆုံးအရသာကြီးလို ဖြစ်ခဲ့ပြီး ကျနော့်အတွက် စာအုပ်ပေါင်းစုံ ဖတ်ဖြစ်ခဲ့ပါတယ်။ ဆရာဆန်းလွင်ရဲ့ ကမ္ဘာတွေးခေါ်ပညာရှင်ကြီးများဆိုတဲ့ စာအုပ်တွေပါသလို၊ ရွှေဥဒေါင်း၊ သော်တာဆွေ စတဲ့စာအုပ်ပေါင်းစုံ၊ အချစ်ဝတ္ထုတချို့ (အချစ်ဝတ္ထုအတွက်ကတော့ စာရေးဆရာ မင်းလူ – အဖေ့သူငယ်ချင်း ဦးဉာဏ်က အမြဲ လက်ဆောင်ပေးပါတယ်။) ငမဲကျွန်တို့လို့ ခေတ်ဟောင်းဝတ္ထုတွေ ရှားပါး စာအုပ်တွေလဲ အများကြီးကို ဖတ်ခဲ့ရပါတယ်။ စာပေဗိမာန်စာမူဆုရတဲ့ မိုးအောက်မြေပြင်လိုမျိုး စာအုပ်တွေလဲ ဖတ်ဖြစ်ပါတယ်။ အဲဒီမှာ ကျနော်မသိလိုက်ပဲ ကျနော့်အတွက် ဘာဖြစ်ခဲ့လဲ ဆိုတော့ ဘဝမှာ ဘာကိုတန်ဖိုးထားရမလဲ ဆိုတာ၊ ဘဝမှာ ဘာကိုရအောင် တိုက်ခိုက်ယူရမလဲ ဆိုတာ၊ တနည်းအားဖြင့် ဘဝရည်မှန်းချက် ဆိုတာနဲ့ပါတ်သက်ပြီး ကျနော်ဟာ ပိုက်ဆံထက် ပိုတဲ့ကိစ္စကို အမြဲ ရှာနေခဲ့သလို ဖြစ်ခဲ့ပါတယ်။ အသက်အရွယ်တခုရောက်လာပြီး သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ ဆိုတာမျိုးတွေ ဖတ်ဖူးတဲ့အချိန်မှာတော့ လိင်ကိစ္စဖက်ကို နည်းနည်းလေး ယိုင်ခဲ့ပြီး အဲဒါတွေကပဲ ဘဝရဲ့ အနှစ်သာရ လိုချင်စရာလို ဖြစ်ခဲ့တာဟာ အခုအရွယ်ရောက်တဲ့ အချိန်အထိပါပဲ။ ဒါပေမယ့် ဘဝမှာ တခုခုကို လိုချင်ရမယ် ဆိုရင် ဘာကို လိုချင်ရမလဲ ဆိုတာကို စဉ်းစားလို့မရခဲ့ပါဘူး။ လူတော်တယောက် ဖြစ်ဖို့ဆိုတာကလဲ ကျနော့်ရည်မှန်းချက်မဟုတ်ပါဘူး။ ကျနော့်ရည်မှန်းချက်က ကျနော်ပျော်တာကို လုပ်နေရဖို့ပါပဲ။ ကျနော်ပျော်တာက စာအုပ်ဖတ်တာ ဖြစ်တဲ့အတွက် စာအုပ်ဖတ်နေရရင် ဘဝက ပြီးပြည့်စုံနေခဲ့တာပါပဲ။ အဲဒါတွေဟာ ဆယ်နှစ်မပြည့်ခင်အရွယ်မှာ ဖြစ်ခဲ့တာပါ။ အင်မတန်ကြီးမားတဲ့ လူသားရဲ့ အတွေ့အကြုံဆိုတဲ့ လောကကြီးထဲကို ကျနော်စပြီး ရောက်ခဲ့တယ် လို့ပဲ ပြောရမှာပါ။

ဒီလိုနဲ့ အမေက ကျနော့်ကို ညအိပ်ရာဝင်ခါနီးတိုင်း ပုံပြောပြလေ့ရှိပါတယ်။ ကျနော်စာဖတ်တာ အားမကောင်းသေးတဲ့အရွယ်အထိလို့ပဲ ပြောရမှာပါပဲ။ အဲဒီအရွယ်မှာ စာဖတ်တာကို လုပ်နိုင်လာပြီ ဖြစ်တဲ့အခါကျတော့ အမေ ပြောပြနေတဲ့ ပုံပြင်တွေကို နားထောင်ရတာ ကွန်ဗင်းနီးယန့်မဖြစ်လေတော့ ဘယ်စာအုပ်ထဲမှာ ဖတ်ရမလဲ လို့ မေးတဲ့အခါမှာ အမေက ငါးရာ့ငါးဆယ် ဇာတ်တော်ကို ညွှန်းပါတယ်။ ကျနော်ဘယ်လိုအတွေးအခေါ်နဲ့လဲတော့ မသိပါဘူး။ ငါးရာ့ငါးဆယ် ဇာတ်တော်ကို မေမေတို့နဲ့ သူငယ်ချင်းဖြစ်တဲ့ ဦးဉာဏ် (စာရေးဆရာ မင်းလူ) အိမ်ကိုသွားရင်းနဲ့ ဦးဉာဏ်ရဲ့အမေ (အမေညို) ကို ပူစာခဲ့ပါတယ်။ အမေညိုက ကလေးလေးက ငါးရာ့ငါးဆယ် စာအုပ်ဝယ်ခိုင်းတယ် ဆိုပြီး သဘောတွေကျပြီး ကျနော့်အတွက် ငါးရာ့ငါးဆယ် ဇာတ်တော် စာအုပ်ကို ဝယ်ပေးခဲ့ပါတယ်။ သိုင်းစာအုပ်ရဲ့ စံတွေထဲကနေ ထွက်လာပြီး မြတ်စွာဘုရားရဲ့ ဇာတ်တော်တွေထဲမှာ ကျင်လည်ခဲ့တဲ့အချိန်လို့ ပြောနိုင်ပါတယ်။ ကျနော်က စာဖတ်တာ မြန်လေတော့ ငါးရာ့ငါးဆယ် ဇာတ်တော်တွေကလဲ အချိန်အတိုင်းအတာ တခုထိပဲ အလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီကနေမှ ဘာသာရေး ဆိုတာကို ထိတွေ့လာပြီး ဘာကိုမှ မယုံကြည်ဖို့ (အင်တလက်ကျူရလီအရ စာအုပ်တွေက သွန်သင်ထားပေမယ့်) ဘာသာတရားကို အထူးယုံကြည်ဖို့ ကြိုးစားခဲ့ပါတယ်။ သဒ္ဓါတရားဆိုတာကို အားပေးတဲ့ ပါတ်ဝန်းကျင်လဲ ဖြစ်လေတော့ ယုံကြည်မှု စနစ်ထဲမှာပဲ အိမ်ပေါ်ကဆင်းတဲ့အချိန်အထိ အကောင်းဆုံးနေနိုင်အောင် ကြိုးစားခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါနလုပ်မယ်၊ ဘုရားတရား ကိုင်းရှိုင်းမယ်ဆိုတဲ့ အမြင်မျိုးနဲ့ လူအမြင်အကောင်းဆုံးဖြစ်အောင် နေခဲ့တယ်လို့ပဲ ပြောရမှာပါပဲ။ ကျနော့်အတွက်တော့ ဒီအချိန်မှ နားလည်လာတာက အဲဒီအချိန်တွေမှာ ဘာကိုယုံကြည်ရမလဲ ဘာကို တိုက်ခိုက်ရမလဲ ဘာဖြစ်အောင်ကြိုးစားရမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းမသိခဲ့လေတော့ ဘာကိုမှ သေသေချာချာ နှစ်ပြီး မကြိုးစားခဲ့ပါဘူး။ စာတွေဖတ်တဲ့အကျိုးလို့ ပြောချင် ပြောနိုင်ပါတယ်။ ကျနော့်အတွက် ကျောင်းမှာ စာတော်ဖို့ ဆိုတာကလဲ ရယ်စရာကောင်းတဲ့ ကိစ္စတခုလိုပါပဲ။ ဘာအဓိပ္ပါယ်မှ မရှိတဲ့ ကိစ္စတွေလို ခံစားခဲ့ရပါတယ်။ ကျောင်းမှာ သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိ အဆင့် ၁၀ နဲ့ ၁၅ ကြားမှာပဲ ရှိခဲ့တဲ့ အနေအထားပါ။ ဘာကိုမှ စိတ်ဝင်စားလို့ မရခဲ့ပါဘူး။ ကျောင်းစာတွေ ဆိုတာကလဲ ကျောင်းစာသင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ဖတ်ကြည့်ရင် အဆင့်တစ်ရဖို့ဆိုတာ မပါတာကြောင့် (လူတိုင်းလဲ အဆင့်တစ်မရနိုင်တာကြောင့်) ဘာအဓိပ္ပါယ်မှ မယ်မယ်ရရ မရှိပဲ သင်ခဲ့ရသလိုပါပဲ။ သမိုင်းနဲ့ ပါတ်သက်တာတွေကို သင်တာတွေ၊ မြန်မာစာနဲ့ပါတ်သက်တာ သင်တာတွေက ဟိန္ဒူပညာရှိတွေအကြောင်း၊ တရုတ်နိုင်ငံက သိုင်းသမားတွေအကြောင်း၊ ဘုရားအလောင်း အကြောင်းတွေကို ဖတ်ပြီး အားကျနေတဲ့ ကျနော့်အတွက်တော့ ရင်ခုန်စရာ မကောင်းပါဘူး။ ဦးကုလားရဲ့ ပါးစပ်ရာဇဝင် ဖော်မယ် ရာဇဝင် စတာတွေကိုလဲ စာတွေကနေ ဖတ်ထားတာ များခဲ့တဲ့ ကျနော့်အတွက် မဖြစ်စလောက် စာတွေကို ကျက်ပြီး ပြန်ဖြေပြီး အဆင့်တစ်ရတာမျိုးက စိတ်ဝင်စားစရာ လုံးဝမကောင်းပါဘူး။ ကျနော့်ရဲ့ စိတ်ခံစားချက်တွေကို ရှင်းမပြနိုင်တဲ့ အခြေအနေမှာ ရှိတာကြောင့် ကျနော့်ဟာ ကျနော်ရော အဖေကပါ အူကြောင်ကြောင်ကောင် တကောင်အနေနဲ့ မြင်ခဲ့ပါတယ်။ ကျနော့်အတွက်ကတော့ တခုခုတော့ တခုခုပဲ ဒါပေမယ့် ဘာလဲ မသိဘူးဆိုတာမျိုး စိတ်မှာ အမြဲ ဖြစ်နေခဲ့တာပါ။ အဖေက ကျနော့်ကို ကျောင်းစာနဲ့ပါတ်သက်ပြီး ထူးချွန်စေချင်တယ် သူ့ရဲ့ ဘဝ အတွေ့အကြုံအရ ချမ်းသာတဲ့သူတယောက် ဖြစ်စေချင်တာ ဖြစ်ပေမယ့် ကျနော့်အတွက်ကတော့ ကျောင်းစာမှာ ထူးချွန်ဖို့ဆိုတာက မလုပ်နိုင်တဲ့ ကိစ္စပါပဲ။ ဒီအချိန်မှာ ပြန်စဉ်းစားကြည့်ရင်တော့ အဲဒီအချိန်တုန်းက ကျောင်းစာကို ဘယ်လောက်တောင် စိတ်ဝင်စားမှု နည်းခဲ့သလဲ ဆိုတာဟာ ပေါ်လာခဲ့တာပါပဲ။ အဲဒီမှာ အဖေနဲ့ ကျနော့်ကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တိုက်ပွဲတိုင်းမှာ ကျနော်ဟာ ဆနွင်းလူးတာနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အဖေကတော့ အရိုက်ကြမ်းတဲ့ အဖေဘဝကို ခံယူခဲ့တယ်ပဲ ဆိုပါစို့။

အဖေနဲ့ ကျနော်နဲ့ ငယ်ငယ်က ရိုက်ပွဲတွေ ကျင်းပကြရင် အဖေအမြဲပြောတာက ကျနော်ဟာ တုတ်တိုးတယ် လို့ပဲ ဖြစ်ပါတယ်။ အဖေ့ကိုပါ အတွေးအခေါ်အရ ကိုယ့်ထက်နိမ့်ပါးတယ်လို့ ထင်မိတဲ့အချိန်တွေရှိသလို အဖေပြောတဲ့ အပြစ်တွေကို လုံးဝ မငြင်းဆန်နိုင်ပဲ ငါ့အမှားလို့ ယုံကြည်ယူဆခဲ့တဲ့ အချိန်တွေ အများကြီးပါပဲ။ ဒါပေမယ့်လည်း အဖေ ဘယ်လောက်ပဲ ရိုက်ရိုက် ဘယ်လောက်ပဲ နာရီပေါင်းများစွာဆုံးမ ဆုံးမ၊ ပြောနေတဲ့အချိန်မှာ ဟုတ်ပါတယ် ငါမှားပါတယ် အဖေပြောသလို ကျောင်းစာထူးချွန်အောင် လုပ်သင့်ပါတယ်လို့ မြင်ခဲ့ပေမယ့်လည်း စာအုပ်ပုံထဲ ပြန်ရောက်သွားတဲ့အခါမှာတော့ မဟုတ်သေးဘူး အဖေမှားနေတယ် ဆိုတာမျိုးနဲ့ အဆုံးသတ်သွားတာပါပဲ။ ကျနော့်အတွက်ကတော့ အဲဒီအချိန်မှာ ကိုယ့်ရဲ့ကိလေသာရဲ့ စွဲဆောင်မှုက စာအုပ်တွေ ဖြစ်ခဲ့ပြီး အဖေက ကျောင်းစာထူးချွန်မှု ငွေကြေးချမ်းသာမှုကို တန်ဖိုးလို့ မြင်နေပေမယ့် ကျနော့်အတွက်ကတော့ အဲဒါတွေ မဟုတ်ခဲ့တာပါ။ ကျနော့်အတွက် အဲဒီအချိန်တွေမှာ အရေးကြီးဆုံးကတော့ စာအုပ်တွေပါပဲ။ အဲဒီစာအုပ်တွေ ပေါင်းစုံဖတ်ချင်တဲ့ စိတ်တွေဟာ ဘယ်အချိန်ထိရောက်ခဲ့သလဲ ဆိုရင်တော့ ဆယ်တန်းအောင်ပြီးတဲ့အချိန်အထိ လို့ ပြောရမှာပါပဲ။ ဘဝမှာ အဖေဖြစ်စေချင်တဲ့ ကျောင်းစာထူးချွန်သူဆိုတာမျိုးကတော့ တခါမှ မဖြစ်ခဲ့ဘူးပဲ ပြောရမှာပါ။ ဒါပေမယ့်လည်း နောင်တတော့ မရပါဘူး။ အဖေနဲ့ ကျနော်ရဲ့ ပြသနာတွေဟာ အဲဒီအချိန်က ကျနော့်အနေနဲ့ ဘယ်လိုမှ ရှင်းပြလို့ မဖြစ်နိုင်တဲ့ အတွေးတွေ ပေါင်းစုံရှိနေခဲ့တာကြောင့် ကျနော့်ကိုယ်ကျနော် ရှင်းပြဖို့ဆိုတာက ဆယ်နှစ်သား ကလေးတယောက်အတွက် လုံးဝမဖြစ်နိုင်လွန်းတာကြောင့် ကြီးကျယ်တဲ့ ပြသနာကြီးတွေ ဖြစ်ခဲ့တာပါပဲ။ တကယ်တော့ အဖေက ခိုင်မာတဲ့ ဘဝနဲ့ပါတ်သက်တဲ့ စံတွေ သေချာတဲ့ လိုချင်မှုတွေ ရှိနေတဲ့အချိန်မှာ ကျနော့်အတွက်က အဲဒါတွေကို မေးခွန်းထုတ်ချင်နေခဲ့မိတာပါ။ ဘယ်လောက်ပဲ အဖေက ဘာတွေက မှန်တယ်လို့ ဆုံးမနေနေ အဲဒီမှန်တယ် ဆိုတဲ့အရာအတွက် ဆန့်ကျင်ဖက်မေးခွန်းတွေက ကျနော့်ဆီမှာ အမြဲ အပြည့်ရှိနေခဲ့ပြီး အဲဒါတွေကို အဖေနဲ့ ကျနော် လုံးဝ မပြောဖြစ်ခဲ့တာပါပဲ။ ဒီအချိန်မှာတော့ ဒါတွေ အားလုံးဟာ ဘာမှ မဟုတ်တဲ့ ကိစ္စတွေပါပဲ။ ဒါပေမယ့် ဒီအချိန်နားလည်လာတာကတော့ ဒါတွေဟာ ကိလေသာ ဆယ်ပါးရဲ့ လက်အောက်မှာ ဖြစ်ခဲ့တဲ့ မထူးဆန်းတဲ့ ကိစ္စတွေ ဆိုတာကိုပါပဲ။

ကျနော့်အနေနဲ့ လူတယောက်ရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေ ဆိုတာဟာ နောက်လူတယောက်အတွက် တန်ဖိုးတခုရှိတယ်လို့ ယုံကြည်တာက တကြောင်း၊ ဒီအကြောင်းတွေကို မှတ်တမ်းတခုအဖြစ်နဲ့ ရေးချင်တာ တကြောင်းတို့ကြောင့် ကျနော့် ဘဝ ဖြတ်သန်းမှုနဲ့ ပါတ်သက်ပြီး အတွေ့အကြုံတွေနဲ့ အတွေးအခေါ်တွေကို ရေးသွားဖို့ စိတ်ကူးထားပါတယ်။ တရားနဲ့ပါတ်သက်ပြီးသာ ဖတ်ချင်တယ် ဆိုတဲ့လူတွေအတွက်တော့ သည်းခံပါဦးလို့သာ ပြောချင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *