ဒီအပိုင်းနဲ့ ရှေ့အပိုင်းမှာတော့ ဝိပဿနာ အားထုတ်နည်းအကြောင်းကို အဓိကထားပြီး ရေးထားပါတယ်။ ဝိပဿနာ အားထုတ်လိုသူတွေအတွက်ကတော့ အပိုင်း (၅) (၆) နဲ့ အပိုင်း (၇)ကို အထပ်ထပ် ဖတ်ဖို့လိုပါတယ်။
ဒီလိုမျိုး ရုပ်၊ ဝေဒနာ၊ ဝိဉာဏ်၊ သညာ၊ သင်္ခါရ တို့ကို ဘယ်ဟာတွေက ဘာတွေ ဆိုတာကို သိပြီဆိုရင် တခုခြင်းစီရဲ့ အနိစ္စအဖြစ်၊ ဒုက္ခအဖြစ် နဲ့ အနတ္တ အဖြစ်တွေကို ကိုယ်တိုင်သဘောပေါက်အောင် လုပ်ဖို့လိုပါတယ်။ ဒီနေရာမှာ လိုက်နာရမယ့် စည်းကမ်းကတော့ တကယ်မှန်တယ် လို့ သိမှ၊ ခေါင်းညိမ့်လက်ခံဖို့ပါပဲ။ လက်ခံတဲ့နေရာမှာ ရိုးသားမှု အထူးရိုးသားမှု လိုပါတယ်။ ရိုးသားမှုဆိုတာက ကိုယ်က အနိစ္စဆိုတာကို လက်မခံနိုင်ရင် လက်မခံနိုင်ဘူး ဆိုတာကို အသိအမှတ်ပြုဖို့၊ ဒုက္ခကို မသိရင် လက်မခံနိုင်ရင် လက်မခံနိုင်ဘူးဆိုတာ အသိအမှတ်ပြုဖို့၊ အတ္တမရှိ ကိုယ်မရှိ ဆိုတာကို လက်မခံနိုင်ရင် လက်မခံနိုင်ဘူးလို့ အသိအမှတ်ပြုဖို့ပါပဲ။ ဒါကို ကုသိုလ်ရလိုစိတ်တွေ ခေါင်းငုံလိုစိတ်တွေနဲ့ ဒါတွေဟာ မှန်ပါတယ် ဆိုပြီး လက်ခံပါတယ်။ လက်ခံနိုင်ကြောင်းသေချာအောင်လဲ ကိုယ့်ဟာကိုယ် အကြောင်းပြချက်တွေ ထင်သလို ပေးနေမယ် ဆိုရင် အမှန်အတိုင်း သိမြင်မှုဆိုတဲ့ သမ္မာဒိဋ္ဌိ မဂ္ဂင်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီလို သမ္မာဒိဋ္ဌိ မဖြစ်သ၍လဲ မဂ်ဖိုလ် ဆီကိုရောက်မှာ မဟုတ်ပါဘူး။ မဂ်ဖိုလ် ဆိုတာကတော့ မဂ်ဆိုတာက အနိစ္စ၊ ဒုက္ခ၊ အနတ္တ နဲ့ ပါတ်သက်ပြီး ခန္ဓာသိအနေနဲ့ ဆုံးဖြတ်ချက်ချတာကို ဆိုလိုတာ ဖြစ်ပြီး ဖိုလ်ဆိုတာကတော့ ဒီလိုဆုံးဖြတ်ချက်ချခြင်းရဲ့ အကျိုး သမုဒယသစ္စာလို့ခေါ်တဲ့ အဆက်မပြတ်လိုချင်မှုကြီးရပ်တန့်သွားပြီး နိရောဓ ဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတာပါပဲ။ ဒီလို ရိုးရှင်းလွယ်ကူတဲ့အတွက်ကြောင့်လဲ ငှက်ပျောသီး အခွန်နွှာစားရတာက ခက်တယ် မဂ်ဖိုလ်က မခက်ဘူး လို့ ပြောတဲ့စကား ပေါ်လာတာပါပဲ ဖြစ်ပါတယ်။ တရားတော်က အင်မတန် ရိုးရှင်းပါတယ်။ သဘာဝလွန် ဖြစ်ရပ်တွေလဲ မပါပါဘူး။ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်မှပဲ မဂ်ဖိုလ်ရမယ် ဆိုတာမျိုးလဲ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သဘာဝလွန်ဖြစ်ရပ်တွေထဲက အများစု (အားလုံးနီးပါးဟာ) တီထွင်ပြီး လျှောက်ပြောထားကြတာ စိတ်မှာ ထင်ယောင်ထင်မှား ဖြစ်ကြတာတွေကို မဟုတ်မှတ်ပြီး ပြန်ပြောကြတာတွေပါ။ တကယ်တော့ တရားက ရိုးရှင်းပါတယ်။ မိတ်ဆွေမှာ နိစ္စဆိုတဲ့ ကိုယ့်ဟာကိုယ် မြဲတယ် (ဒီနေ့ငါနဲ့ မနေ့ကငါတူတူပဲ၊ အခုငါနဲ့ နောက်ငါတူတူပဲ) ဆိုတဲ့ အမြင်ကြီးရှိနေပါတယ်။ အဲဒီအမြင်ဟာ မှားယွင်းနေပါတယ်။ အဲလိုပဲ လောကမှာ တက်မက်မောစရာ သုခဆိုတာရှိတယ်လို့ အမြင်ရှိနေပါတယ်။ အဲဒီအမြင်ကလဲ မှားနေပါတယ်။ အဲလိုပဲ ဒီသုခကိုခံစားတဲ့ ခိုင်မြဲတဲ့ ငါဆိုတာရှိတယ်လို့လဲ ယူဆထားပါတယ်။ အဲဒီ အယူအဆ အမြင်ကလဲ မှားယွင်းနေပါတယ်။ အဲဒီအမြင်မှားယွင်းနေမှုဟာ ကြောင်တောင်ကန်းမှားယွင်းနေမှု ဖြစ်ပြီး အဲဒါကို မောဟလို့ခေါ်ပါတယ်။ အဲဒီတော့ ဘာလုပ်ရမလဲ ဆိုတဲ့အခါမှာ မိမိက ကိုယ်လို့ ယူဆထားတာကို ရုပ်နာမ် ခန္ဓာငါးပါးအဖြစ် ခွဲမြင်ဖို့ ပထမ ကြိုးစားရပါတယ်။ အဲဒီနောက်မှာတော့ ရုပ်နာမ် ခန္ဓာငါးပါးထဲက ရုပ် သို့မဟုတ် စိတ် စေတသိတ် တခုခုကို အနိစ္စဖြစ်ကြောင်း၊ ဒုက္ခဖြစ်ကြောင်း၊ အနတ္တဖြစ်ကြောင်း နားလည်အောင် ကြိုးစားရပါတယ်။ ပြီးရင်တော့ တကယ်မှန်ရဲ့လား တကယ်ပဲ အနိစ္စဖြစ်ရဲ့လား ဆိုတာကို ကိုယ့်အထင်အတိုင်း ရိုးရိုးသားသားနဲ့ (ကိုယ့်အထင်ဘာကြောင့်မှားနေသလဲ ဆိုတာကို) အဖြေရှာရမှာပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ကိုယ်က နိစ္စထင်နေရင် အဲဒီအထင်ကို မစွန့်လွှတ်နိုင်သေးတာကို ရိုးသားစွာသိပြီး ရိုးသားစွာနဲ့ ငြင်းချက်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ အတ္တလို့ထင်ရင် သုခလို့ ထင်ရင်လဲ သုခထင်ကြောင်း အတ္တထင်ကြောင်းဆိုတာကို ရိုးသားစွာ ငြင်းချက်ထုတ်ဖို့လိုပါတယ်။ ကိလေသာတွေရဲ့ လှည့်ပါတ်ချက်ကြောင့် ရိုးသားစွာနဲ့ အဖြေမရှာ ဖြစ်တာဟာ တရားအားထုတ်တာ အင်မတန်ခက်ခဲနေရတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။
မရိုးမသားတွေးနေမိတယ် ဆိုရင်လဲ အဲဒီမရိုးသားမှုအတွက် ကိုယ့်ဟာကိုယ် အပြစ်တင်စရာမဟုတ်ပဲ ကိလေသာရဲ့ လှည့်စားမှုသာ ဖြစ်ကြောင်း၊ ကိလေသာကလဲ ကိုယ်မဟုတ်ကြောင်း သိဖို့ပါပဲ။ ဒီနေရာမှာ ကိုယ်သိထားတဲ့ နိစ္စဆိုတာ၊ သုခဆိုတာ၊ အတ္တ ဆိုတာတွေဟာ ငယ်စဉ်ကတည်းက စွဲမြဲလာတာတွေမို့ သံသရာမှာ အထပ်ထပ် သညာ၊ စိတ္တာ၊ ဒိဋ္ဌိ စတဲ့ ဝိပ္ပလ္လာသတွေနဲ့ ဖြတ်သန်းလာတာမို့ အင်မတန် လက်ပေါက်ကပ်စွာ အမြင်မပြောင်းနိုင်တာကို သိဖို့လိုပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာကို လူပေါ်မူတည်ပြီး ထင်ရှားမှုတွေ ကွာခြားပါတယ်။ နောက်ထပ်ခက်ခဲနေတာ တခုကတော့ တရားရသွားရင် နတ်တွေ သိကြားတွေလာပြီး စူပါမင်းလိုလို ဖြစ်သွားမလောက် ပြောထားတာတွေ စိတ်ထဲမှာ စွဲမြဲထားတာတွေက တရားရခြင်းကိုပဲ သုခ လို့ ယူဆတဲ့သဘောဖြစ်တာကြောင့် ဒုက္ခဆိုတာရဲ့ ဆန့်ကျင်ဖက် ဖြစ်ပြီး တရားကို အနှောက်အယှက်ပေးတတ်တယ် ဆိုတာကိုလဲ သိထားဖို့လိုပါတယ်။ တရားအားထုတ်တယ်ဆိုတာက ကိုယ်တယောက်တည်းကျင်းပရတဲ့ အယူဝါဒဆိုင်ရာ တိုက်ပွဲပါပဲ။ လူတွေဟာ အယူဝါဒတွေ အမျိုးမျိုး လူအများကောင်းကျိုးဆောင်ရွက်သင့်တယ်၊ မတော်သူများကိုဖော်ထုတ်သင့်တယ်၊ တန်းတူညီမျှမှုဟာ ကောင်းတယ်၊ တစုတဖွဲ့တဦးတယောက်က စည်းစိမ်ခံစားသင့်တယ် စသဖြင့် ဘယ်လိုပဲ ယူယူ အယူဝါဒတွေကို အနှစ်ချုပ်လိုက်ရင် အတ္တဝါဒနဲ့ အနတ္တဝါဒ ဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။ အတ္တဝါဒ ဆိုတာကတော့ သတ္တဝါဆိုတာ တဦးဆီရဲ့ ကွဲပြားခြားနားတဲ့ ဖြစ်တည်မှုဆိုတာဟာ ရှိတယ်လို့ ယူဆတာ ဖြစ်ပြီး အနတ္တဝါဒ ဆိုတာကတော့ အတ္တဆိုတာ မရှိ အရာရာအားလုံးဟာ ရုပ်တရား နဲ့ နာမ်တရားများသာ ဖြစ်တယ် အားလုံးဟာ တည်နေရာသာ ကွာခြားပြီး တူညီတဲ့တရားတွေသာ ဖြစ်တဲ့အတွက် သီးသန့်ဆန်တဲ့ ဖြစ်တည်မှုဆိုတာမရှိပဲ သညာ လို့ခေါ်တဲ့ မှတ်သားမှုတွေသာ ကွာခြားတယ် ဆိုတာပါပဲ။ အတ္တဆိုတာ မရှိတဲ့ အယူပေါ်က ဆင်ခြင်မှုတွေဟာ အနတ္တဝါဒ ဖြစ်ပြီး အတ္တဆိုတဲ့ အယူပေါ်က ဆင်ခြင်မှုတွေက အတ္တဝါဒတွေ ဖြစ်ပါတယ်။ အဲဒီလိုပဲ အတ္တဝါဒ ရဲ့ နောက်ဆက်တွဲအဖြစ် မိမိဟာ မြဲတယ် ခိုင်တယ်၊ သေပြီးရင်လဲ နောက်ဘဝကူးသွားတာ မိမိပဲ ဆိုတဲ့ အယူတွေဟာ အတ္တပေါ်က ဆင့်ပွားလာတဲ့ အယူတွေပဲ ဖြစ်ပါတယ်။ ပုထုဇဉ်ရဲ့ ရှုထောင့်အရ သေပြီးရင် နောက်ဘဝ ဖြစ်သလားဆိုခဲ့ရင် ပုထုဇဉ်နားလည်အောင် ဖြစ်တယ်လို့ ပြောနိုင်ပေမယ့် တကယ်အမှန်တရားတော့ မဟုတ်ပါဘူး။ အနတ္တဝါဒ အရ တူညီသော ရုပ်နာမ်အစုအဝေးများသာ ဖြစ်တဲ့အတွက် သေတဲ့လူဆိုတာ မရှိတဲ့နောက်မှာ သေပြီးရင် ဖြစ်သလားဆိုတာဟာ ဆင့်ပွားလို့မရတဲ့ မေးခွန်းဖြစ်နေလို့ပါပဲ။ ဒါကြောင့်လဲ မြတ်စွာဘုရားက သေပြီးရင် ဖြစ်သလားဆိုတဲ့မေးခွန်းကို မဖြေခဲ့တာပါပဲ။ ဒါပေမယ့် မိတ်ဆွေ သိထားဖို့လိုတာက မွေးခြင်း၊ သေခြင်း၊ ချစ်တဲ့သူနဲ့ကွဲရခြင်း၊ မချစ်တဲ့သူနဲ့ အတူနေရခြင်း၊ အိုခြင်း ဆိုတာတွေဟာ ဒုက္ခတွေဖြစ်ပြီး ဒီဒုက္ခတွေဟာ ဘဝတိုင်း ဘဝတိုင်းမှာ အထပ်ထပ် အခါခါ ဖြစ်နေတဲ့ ကိစ္စတွေပါပဲ။ ဒီလိုအထပ်ထပ် အခါခါဖြစ်နေတာကို သံသရာလို့ ခေါ်တာပဲ ဖြစ်ပါတယ်။ ဒါကနေ လွတ်ဖို့အတွက် အယူဝါဒရေးရာ တိုက်ပွဲအဖြစ် မိမိကိုယ်အတွင်းမှာပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ အယူတွေကို လက်ခံသဘောပေါက်အောင်၊ ပြီးတဲ့အခါမှာ မိမိရဲ့ အလိုအလျှောက်သိမြင်မှုတွေကလဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ ဖြစ်အောင်၊ အဲဒီကမှ မိမိရဲ့ မှတ်သားမှုတွေကလဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုပြီး ဖြစ်အောင် ကြိုးစားတာကို တရားအားထုတ်တယ်လို့ ခေါ်တာပဲ ဖြစ်ပါတယ်။
ဒီလိုကြိုးစားတဲ့နေရာမှာ အနိစ္စ (မမြဲခြင်း)၊ ဒုက္ခ (ဆင်းရဲမှုသက်သက်သာ ဖြစ်ခြင်း) နဲ့ အနတ္တ (မိမိကိုယ် ဆိုတာ မိမိဆိုတာ အတ္တဆိုတာမရှိခြင်း) ဆိုတာတွေဟာ အမှန်ဖြစ်ပေမယ့် အတင်းလက်ခံခိုင်းတာမျိုး မဟုတ်ပါဘူး။ မှန်မမှန်ဆင်ခြင်တာကို ပညာလို့ ခေါ်ပြီး၊ လက်ခံယုံကြည်တာကိုတော့ သဒ္ဓါလို့ ခေါ်ပါတယ်။ ဒီနှစ်ခုဟာ တခုကို တခု အမှီသဟဲ ပြုပါတယ်။ ပညာကို ဆုံးခန်းတိုင်အောင် လုပ်နိုင်ရင်တော့ သဒ္ဓါတရားရဲ့ ဖြစ်မှုသဘောကို ဉာဏ်ပေါက်ပြီး နားလည်သွားတဲ့အခါမှာ သဒ္ဓါကအထူးတလည် ကြိုးစားစရာ မလိုတာကို သဘောပေါက်လာမှာပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားနဲ့ တွေ့ခွင့်ရကြတဲ့ သူတွေအတွက်ကတော့ မြတ်စွာဘုရားက အသရေတော်ကစလို့ ဘုရားအဖြစ်ယုံကြည်မှု စတာတွေကြောင့် သဒ္ဓါနဲ့ တရားရသွားသူတွေ ရှိခဲ့ပေမယ့် ဒါဟာ မိတ်ဆွေ ကြိုးစားရမယ့်အရာမဟုတ်ပါဘူး။ မိတ်ဆွေ ကြိုးစားရမှာကတော့ ငြင်းချက်ထုတ်ဖို့ မိမိကိုယ်တွင်းမှာပဲ အယူဝါဒ စစ်ပွဲဆင်နွှဲပြီး မိတ်ဆွေက တရားသူကြီးနေရာကနေ မှန်တဲ့သူကို အနိုင်ပေးဖို့ပါပဲ။ မိမိကိုယ် မိမိမြဲတယ် မနေ့က ငါနဲ့ ဒီနေ့ငါနဲ့ တူတူပဲ မတူဘူးဆိုရင် မနေ့က အကြွေးယူထားတာ ဒီနေ့ပေးစရာ မလိုဘူးလို့ စိတ်ထဲ ပေါ်လာလဲ ရဲရဲသာတွေးပါ။ ဒါပေမယ့် ဒါတင်မလျော့လိုက်ပဲ ဘုရားက အကြောင်းမဲ့ အနိစ္စလို့ ပြောထားတာမဟုတ်ဘူးလို့ စဉ်းစားဖို့လဲ လိုပါတယ်။ မနေ့က ငါနဲ့ ဒီနေ့ငါ မတူတဲ့အတွက်ကြောင့် မနေ့က ယူထားတဲ့အကြွေး ဒီနေ့ပေးစရာ မလိုဘူးဆိုတာဟာ လောကမှာ လုပ်လို့မရတာက လောကဆိုတာက ပုထုဇဉ်တွေနဲ့ ပြည့်နှက်နေပြီး ပုထုဇဉ် မှန်သမျှက အတ္တပေါ်ကနေအခြေခံ ရပ်တည် နေထိုင်နေတာကြောင့်ပါပဲ။ တနည်းအားဖြင့် အကြွေးဆိုတဲ့ စနစ်ကိုက အတ္တဝါဒပေါ်မှာ အခြေခံထားတာကြောင့် ပါ။ အမှန်တကယ် အဖြစ်မှန်ကတော့ မနေ့က ငါနဲ့ ဒီနေ့ငါ မတူဘူးဆိုတာက အမှန်တရား ဖြစ်ပါတယ်။ သူ့ကြောင့် ဆင့်ပွားဖြစ်မှာတွေနဲ့ သူ့ကို ငြင်းချက်မထုတ်ပဲ သူက တကယ်မှန်တဲ့ အယူအဆလား ဆိုတာကိုသာ အဓိကထားပြီး ကြည့်ရမှာ ဖြစ်ပါတယ်။ ဥပမာ ကျနော်တို့က ရုပ်တွေလို့ပြောရင် သတ္တဝါအနေနဲ့ ဆဲလ် အခြေအနေထိ ဆင်းကြည့်နိုင်ပါတယ်။ လူတွေ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေဟာ တချိန်နဲ့ တချိန်မတူကြပါဘူး။ အမြဲတမ်း အသစ်တွေဖြစ်နေသလို၊ အမြဲတမ်းလဲ ပျက်စီးနေပါတယ်။ လက်သည်းတွေ ခြေသည်းတွေ ရှည်ထွက်လာတယ် ဆိုတာဟာ ဆဲလ်တွေ သေသွားတာပါပဲ။ ဒီတော့ ဒါကို ကြည့်ရင် လက်တွေ့ကျကျမှာ ရုပ်ဟာ ဖောက်ပြန်ပျက်စီးနေတယ်၊ မနေ့ကရုပ်နဲ့ ဒီနေရုပ်၊ ခုနက ရုပ်နဲ့ အခုရုပ်မတူဘူးဆိုတာကို အမှန်တရားအဖြစ် လက်ခံနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် နာမ်ဆိုတာကို ကြည့်လိုက်ပြန်ရင်လဲ ဝေဒနာတွေကိုပဲ ကြည့်ကြည့် သိစိတ်တွေကိုပဲ ကြည့်ကြည့် မှတ်သားမှုသဘောတွေကိုပဲ ကြည့်ကြည့် စေ့ဆော်မှု စေတနာတွေကိုပဲ ကြည့်ကြည့် အားလုံးဟာ အကြောင်းတိုက်ဆိုင်တဲ့အခါမှာပေါ်လာပြီး နောက်တခု ပေါ်လာဖို့အတွက် ပျက်သွားပေးရတာ ချည်းပါပဲ။ အထူးသဖြင့် စိတ်တွေကို ကြည့်မယ် ဆိုရင် ကျန်ခဲ့တဲ့ တမိနစ်က ပျော်တယ်၊ အခုပျင်းတယ်၊ အခုစိတ်ဆိုးတယ် ဆိုတာမျိုး အစီအစဉ်တခုနဲ့ ဖြစ်ပြီးပျက်နေတာပါပဲ။ ဒါတွေကို ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ရုပ် သို့မဟုတ် ဝေဒနာ သို့မဟုတ် ဝိဉာဏ် သို့မဟုတ် သညာ၊ သင်္ခါရ တို့ထဲက တခုခုကို အာရုံစိုက်ပြီး ဖြစ်ပြီးပျက်နေတာဟာ မှန်သလားဆိုတာကို စောင့်ကြည့်ဖို့ အလုပ်ဟာ တရားအားထုတ်တယ်လို့ ခေါ်တာပါပဲ။ ဒါဟာ အချိန်အတော်ကြာကြီးပေးရတဲ့ အလုပ်လဲ ဖြစ်ပါတယ်။ မိမိရဲ့ စိတ်ထဲမှာ ခိုင်တယ် မြဲတယ် ဆိုတဲ့ အယူ၊ အသိ၊ အထင် (မှတ်သားမှု) ဆိုတဲ့ သုံးမျိုးစလုံး ရှင်းလင်းသွားတဲ့အချိန်အထိ ကြိုးစားရတာမို့ လွယ်ကူပြီး လျှင်မြန်စွာ သိနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ မိတ်ဆွေက ကိလေသာ ပါးမယ် ဆိုရင် မိတ်ဆွေအတွက် အချိန်ပေးရတာ တိုသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ ကိုယ့်မှာ ခိုင်မြဲတယ် ဆိုတဲ့ အယူ၊ အသိ၊ မှတ်သားမှုတွေကို ကျန်တဲ့ ဝါဒတွေအားလုံးကို တိုက်ထုတ်နိုင်တဲ့အထိ သေချာသွားပြီးလား ဆိုတာကို ကိုယ်တိုင်ပဲ ရိုးသားစွာ စစ်ဆေးဖို့ပါပဲ။ ကိုယ့်ကို တပါးသူက အနိစ္စဆိုတာ လက်ခံလား ဆိုတဲ့ အမေးအပြင် နောက်တဆင့်တက်အောင် အမေးအဖြေနဲ့ လုပ်လို့မရပါဘူး။ ကိုယ်တိုင်က မိမိခန္ဓာမှာ စစ်ဆေးမှ မိမိစိတ်ကို မိမိ စစ်ဆေးမှသာလျှင် ရောက်မယ့် ခရီးဖြစ်ပါတယ်။
အနိစ္စကို လက်ခံသွားပြီး ဆိုရင်တော့ မိတ်ဆွေအတွက် အနတ္တဟာ မခက်ခဲပါဘူး။ အနတ္တ ဆိုတာဟာ အတ္တမဟုတ်လို့ အဓိပ္ပါယ်ရပြီး အတ္တနဲ့ စပ်လျဉ်းတဲ့ အယူဝါဒတွေအားလုံးကို ပါယ်ချပစ်မယ့် အချက်ပါပဲ။ အတ္တမဟုတ်ဆိုတာကတော့ ပထမသိခဲ့တဲ့ ခိုင်မြဲတဲ့သဘောမရှိတာကို သိရင်ပဲ ခိုင်မြဲလို့ အတ္တလို့ ငါလို့ ယူထားတဲ့သူတွေအတွက် ရှင်းလင်းသွားမယ့် ကိစ္စပဲ ဖြစ်ပါတယ်။ ခိုင်မြဲတာမရှိတဲ့အတွက် အတ္တမရှိဘူးလို့ နစ်နစ်နဲနဲ သဘောပေါက်ခဲ့ရင်တော့ အကောင်းဆုံးပါပဲ။ အဲဒီကမှ ရှေ့ဆက်သိရအောင် ကြိုးစားမယ် ဆိုရင်တော့ ဓမ္မာနုပဿနာလို့ ခေါ်တဲ့ သညာ၊ သင်္ခါရ အပြင် ဓမ္မများအားလုံး (ရုပ်တရား၊ နာမ်တရား များအားလုံး) တခုချင်းစီရဲ့ အတ္တမဟုတ်ပုံကို နားလည်အောင် ကြိုးစားဖို့ပါပဲ။ အနတ္တအယူကို နားလည်တာကတော့နောက်ဆုံး အဆင့်ပဲ ဖြစ်ပြီး အရာရာဟာ အတ္တမဟုတ်ဘူးဆိုရင် ငြိမ်းချမ်းခြင်းကို ခံစားတာ ဘယ်သူလဲ ပူလောင်နေတာကရော ဘယ်သူလဲ တရားအားထုတ်နေတာကရော ဘယ်သူလဲ သိတာကရော ဘယ်သူလဲ စတဲ့ သတ္တဝါနဲ့ ဆက်စပ်တဲ့ မေးခွန်းပေါင်းများစွာ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးကို ရိုးသားစွာနဲ့ အဖြေရှာနိုင်ဖို့ ဆိုတာကတော့ မိတ်ဆွေရဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ လူတွေဟာ ကိလေသာတွေနဲ့ အယူဝါဒ အမျိုးမျိုးကို လက်ခံထားတာတွေပေါ်မူတည်ပြီး ပေါ်လာမယ့် မေးခွန်းတွေဟာ မတူညီပါဘူး။ အဆက်မပြတ်ဖြစ်ပျက်နေတဲ့ စိတ်အစဉ်မှာ ဘယ်ဟာကမှ ငါဟုတ်မနေတာကို သေချာ သိဖို့ကတော့ မိတ်ဆွေရဲ့ အလုပ်ပါပဲ။ မေးခွန်းများများရှိလေလေ အဖြေများများထုတ်ရလေလေပါပဲ။ ဥပမာ အားဖြင့် ငြိမ်းချမ်းခြင်းကို ခံစားတာမဟုတ် ငြိမ်းချမ်းခြင်းဆိုတဲ့ သဘော (နာမ်တရားလေး ဖြစ်ပြီးပျက်တာသာ ဖြစ်တယ်၊ ခံစားသူ သတ္တဝါ သို့မဟုတ် ငါ ဆိုတာမရှိဘူးဆိုတာကို သဘောပေါက်ဖို့)၊ ပူလောင်နေတယ်ဆိုတာကလဲ ဒေါမနဿ ဆိုတဲ့ စိတ်ဖြစ်စဉ်သာဖြစ်ပြီး ခံစားသူမရှိဆိုတာသိဖို့၊ တရားအားထုတ်နေတယ် ဆိုတာကလဲ ဝီရိယ၊ ဆင်ခြင်မှု၊ အမှန်သိမြင်မှု၊ တည်ကြည်မှု၊ မှန်ကန်စွာ အောက်မေ့နိုင်မှု ဆိုတာတွေ အဆက်မပြတ် ဖြစ်နေတာသာ ဖြစ်ပြီး အားထုတ်သူ မရှိဘူးဆိုတာ သိဖို့ပါပဲ။ သိတယ် ဆိုတာကလဲ ဝိဉာဏ်ရဲ့ ဖြစ်ပျက်နဲ့ သညာရဲ့ ဖြစ်ပျက်မှုသာ ဖြစ်ပြီး သိသူဆိုတာ မရှိတဲ့အကြောင်းနားလည်ဖို့ စတဲ့ မိတ်ဆွေကိုယ်တိုင် မိတ်ဆွေစိတ်ထဲမှာ ရှိတဲ့ မေးခွန်းတွေကို ဖြေရမှာ ဖြစ်ပါတယ်။ မေးခွန်းတွေ ထွက်လာဖို့ဆိုတာကတော့ ရှေ့မှာ ပြောခဲ့တဲ့ ရိုးသားပါ အထူးရိုးသားပါ ဆိုတာနဲ့ ဆက်စပ်နေပါတယ်။ မဂ် ဖိုလ်ဆိုတာကို အပြည့်အဝ ယုံကြည်ပါတယ် လက်ခံပါတယ် ဆိုလိုက်ယုံနဲ့ နှလုံးသွင်းလိုက်ယုံနဲ့ မရနိုင်ပဲ မိတ်ဆွေကိုယ်တိုင်ပဲ ရိုးသားစွာနဲ့ အယူဝါဒ တိုက်ပွဲကို ဆင်နွှဲဖို့ လိုပါတယ်။ ဒါကြောင့်လဲ တရားအားထုတ်တယ် ဆိုတာဟာ ကိုယ့်ပြသနာ ကိုယ်ရှင်းရတာ ဆိုတဲ့ စကားပေါ်လာတာ ဖြစ်ပါတယ်။ တကယ်လဲ ကိုယ့်စိတ်ထဲမှာ ရှိတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေနဲ့ စစ်ပွဲဆင်နွှဲပြီး အမှန်တရားကို မြင်အောင် ခန္ဓာသိအနေနဲ့ နောက်အမြဲတမ်း နိစ္စဆိုတဲ့ မှတ်သားမှု အယူ အသိ မရှိတော့အောင်၊ အတ္တဆိုတဲ့ မှတ်သားမှု အယူ အသိ မရှိတော့အောင်၊ သုခ ဆိုတဲ့ အယူမရှိတော့အောင် ကြိုးစားရတာပါပဲ။ ဒီနေရာမှာ အကောင်းဆုံးကတော့ ကိုယ့်ဟာကိုယ် ရိုးသားစွာနဲ့ ဘယ်နေရာမှာ နိစ္စ၊ သုခ၊ အတ္တ ဆိုတဲ့ အယူရှိနေသလဲ ဆိုတာကို မြင်အောင်ကြည့်ပြီး နိစ္စ၊ သုခ၊ အတ္တ ဆိုတာ မဟုတ်ကြောင်းကို အထက်မှာပြောခဲ့တဲ့ နည်းတွေ အတိုင်း ဆင်ခြင်ဖို့ပါပဲ။ ဒါဆိုရင် မိတ်ဆွေအတွက် ခရီးက မဝေးပါဘူး။ ဒီနေရာမှာ ပြောစရာ တခုက ဒုက္ခဆိုတာ နဲ့ ပါတ်သက်ရင်တော့ အတ္တ နဲ့ နိစ္စလို့မျိုး မှတ်သားမှု နဲ့ အသိ ပြုတ်အောင် ကြိုးစားစရာ မလိုပဲ အယူသာ ပြုတ်ဖို့ လိုပါတယ်။ အဲဒီလို အယူပြုတ်တာကလဲ မဂ်ဖိုလ် ရောက်မှသာ ပြုတ်တာ ဖြစ်တာမို့ အနိစ္စနဲ့ အနတ္တကိုသာ ပိုင်နိုင်စွာ သိပါစေ ဆက်စပ်ပြီး ဒုက္ခဆိုတဲ့ (ပင်ပန်းဆင်းရဲခြင်းမဟုတ် – စက်ဆုပ်စရာ အသုံးမကျခြင်းသဘော) ကို ခန္ဓာသိအနေနဲ့ နားလည်လာမှာ ဖြစ်ပါတယ်။ အဲလို နားလည်လာတဲ့တနေ့ဟာ မဂ်ကျတဲ့ နေ့ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ခန္ဓာဟာ အကြောင်းအကျိုးအတိုင်း ဖြစ်နေတာမို့ပါ။ ခန္ဓာဟာ အတ္တမဟုတ်တဲ့အတွက် မိတ်ဆွေက မုန်းတာမဟုတ်၊ ခန္ဓာက စက်ဆုပ်စရာ အသုံးမကျတာ ဆိုတာကို ဒေါသ မပါ (မခံချင်တဲ့ မခံသာတဲ့သဘောမပါပဲ) နားလည်သွားတဲ့အခါမှာ ခန္ဓာကို အဆက်မပြတ်လေအောင် မီးထိုးပေးနေတဲ့ လိုချင်မှုဆိုတဲ့ တဏှာဟာ သုခမရှိတာကို လုံးဝ သိမြင်သွားတာ ဖြစ်တာမို့ ရပ်တန့်သွားမှာပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်တဲ့အခါမှာလဲ လိုချင်မှု တဏှာ ဆိုတာအမြစ်ကနေ ရပ်သွားတာနဲ့ ခန္ဓာဟာ ရုပ်နာမ်မှာ မတည်နိုင်တော့ပဲ နိဗ္ဗာန်ဆိုတဲ့ တရားက အလိုလို ပေါ်လာမှာလဲ ဖြစ်ပါတယ်။ အဲဒါဟာ မဂ် နဲ့ ဖိုလ်ပါပဲ။


Leave a Reply