ဒီလို မခွဲခြားတော့ပဲ ရုပ်တွေအကုန်လုံးကို စုပေါင်းပြီး ရုပ်ဆိုတဲ့ အမည်အောက်မှာ လက်ခံပြီဆိုရင် ပရမတ် ရုပ်ဆိုတာကို သဘောပေါက် သိမြင်ခြင်းပါပဲ။ ပရမတ် ရုပ်ဆိုတာကို သိဖို့အတွက် ထူးခြားပြီး အာရုံစိုက်နေစရာ မလိုပါဘူး။ ရုပ်တရားဟာ ရှင်းပါတယ်။ ဒီလို ရှင်းလင်းသွားပြီဆိုရင် ရုပ်တရားနဲ့ပါတ်သက်ပြီး ခေါင်းကနာတယ် ခြေကနာတယ် ဆိုတာတွေ ပြောဖို့မရှိတော့ပဲ ရုပ်တရား ဖောက်ပြန်နေတယ်လို့ပဲ သဘောပေါက်လိုက်နိုင်ပါပြီ။ ရုပ်နဲ့ ပါတ်သက်ပြီး သိဖို့ကတော့ ရုပ်ရဲ့ လက္ခဏာဟာ ဖောက်ပြန် ပျက်စီးတဲ့ လက္ခဏာ ရှိတယ် ဆိုတာပါပဲ။ သိပ္ပံနည်းအရလဲ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ဆဲလ်တွေဟာ အမြဲတမ်းဖောက်ပြန် ပျက်စီးပြီး အသစ်တွေ အစားထိုးနေတာပါပဲ။ ဒီရုပ်ခန္ဓာကြီးမှာ ပြောခဲ့တဲ့အတိုင်း မြင်အပ်သောရုပ်၊ မမြင်အပ်သောရုပ်၊ ထိပါး၍ရသောရုပ်၊ ထိပါး၍မရသော ရုပ်ဆိုတာတွေ အမျိုးမျိုး ပေါင်းစပ်ထားတာ ဖြစ်တဲ့အတွက် မြင်အပ်သောရုပ်ကို ငါလို့ ပြောလို့မရသလို၊ မမြင်အပ်သောရုပ်ကိုလဲ ငါလို့ ပြောလို့မရပါဘူး။ ဒါကို သဘောပေါက်ရင်တော့ သက္ကာယ ထဲက တခုဖြစ်တဲ့ ရုပ်မှာ အတ္တဆိုတာမရှိကြောင်း၊ အတ္တဆိုတာမဟုတ်ကြောင်း ရှင်းလင်းသွားတဲ့ သဘောပါပဲ။ နောက်ထပ်ကျနော်တို့ ဆက်ကြည့်ရမှာကတော့ နာမ်တရား ဖြစ်တဲ့ ဝေဒနာ၊ ဝိဉာဏ်၊ သညာ၊ သင်္ခါရ တို့ပဲ ဖြစ်ပါတယ်။ ဝေဒနာ ဆိုတာကတော့ ကောင်းတဲ့ခံစားမှု၊ ဆိုးတဲခံစားမှု၊ အကောင်းအဆိုး မထင်ရှားတဲ့ ခံစားမှု ဆိုပြီး (သုခ၊ ဒုက္ခ၊ ဥပေက္ခာ) ဆိုပြီး သုံးမျိုး ခွဲနိုင်ပါတယ်။ နာကျင်မှု ကျေနပ်မှု စတဲ့ ခန္ဓာကိုယ်မှာ ဖြစ်တဲ့ ခံစားမှု အာရုံအပြင် သောမနသ နဲ့ ဒေါမနသ ဆိုတဲ့ စိတ်ထဲမှာ ဖြစ်တဲ့ ကောင်းသောခံစားမှု၊ မကောင်းသောခံစားမှု ဆိုတာကိုပါ ထည့်တွက်ပြီး ဝေဒနာ ငါးမျိုးလို့လဲ တချို့က ရေတွက်ပါတယ်။ ဘယ်လိုပဲ ရေတွက်သည် ဖြစ်ပါစေ ဝေဒနာဆိုတာဟာ ရုပ်တရား မဟုတ်တာကတော့ ရှင်းပါတယ်။ ဝေဒနာ ဆိုတာဟာ အကောင်အထည်ပြောစရာ မရှိတဲ့ ရုပ်တရားသဘာဝ စကားလုံးများနဲ့ ဖော်ပြလို့ မရနိုင်တဲ့ တရား တခုပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ နာမ်တရားလို့ ခေါ်ပါတယ်။ နာမ်တရား ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ စိတ် နဲ့ စေတသိတ်ဆိုတာ ရှိပြီး၊ ဝိဉာဏ်ဆိုတဲ့ စိတ်ကလွဲပြီး ကျန်တဲ့ နာမ်တရား သုံးပါးဟာ စေတသိတ်တွေပဲ ဖြစ်ပါတယ်။
အဲဒီတော့ ဝေဒနာ ဆိုတာဟာ စေတသိတ် တမျိုးဖြစ်ပြီး သူဟာ ရုပ်သဘာဝ အရ ပြောလို့မရတဲ့ နာမ်တရားပဲ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ဝေဒနာဆိုတာကို ကိုယ်ခန္ဓာ (ရုပ်မှာ ဖြစ်တဲ့) ထိပါးမှုပေါ်ကနေပြီး ဆင်ခြင်လို့ရပါတယ်။ ဥပမာ အသားကို အပ်နဲ့ထိုးလိုက်ရင် ဒုက္ခဝေဒနာ ဖြစ်တယ် အစရှိသဖြင့် ဝေဒနာဆိုတာ ဘာလဲ ဆိုတာကို ခန္ဓာနဲ့ နှိုင်းယှဉ်ပြီး သိဖို့ လိုအပ်ပါတယ်။ လေအေးအေးတိုက်တဲ့အခါမှာ သုခဝေဒနာ ဖြစ်တယ်။ ရာသီဥတုဖောက်ပြန်တဲ့အခါမှာ ဒုက္ခဝေဒနာ ဖြစ်တယ် စသဖြင့် မိမိမှာ ဖြစ်တဲ့ ဝေဒနာတွေကို စမ်းစစ်ကြည့်ဖို့ နာမည်တပ်ကြည့်ဖို့ လိုပါတယ်။ ဝေဒနာသည်လည်း စေတသိတ် ဖြစ်တဲ့အတွက် ပရမတ် တရားပဲ ဖြစ်တယ် ဆိုတာကိုလဲ တပါးတည် နှလုံးသွင်းဖို့ လိုအပ်ပါတယ်။ ဝေဒနာ ဟာ နာမ်ဖြစ်ပြီး၊ နာမ်တရားရဲ့ ဖြစ်ကြောင်းကတော့ အာရုံ နဲ့ ဒွါရ ထိပါးမှုကြောင့်ပဲ ဖြစ်ပါတယ်။ မိမိရဲ့ ခန္ဓာကိုယ် ဆိုတဲ့ ဒွါရနဲ့ အပ်ဆိုတဲ့ အာရုံလာပြီး ထိပါးတဲ့အခါမှာ ဝေဒနာ ဆိုတဲ့ နာမ်တရားဖြစ်လာရတာပါ။ ဒါကို သဘောပေါက်ပြီဆိုရင် ဝေဒနာ ကို သဘောပေါက်တာပါပဲ။ ဝေဒနာ ကိုပရမတ် အနေနဲ့ သဘောပေါက်မှုကတော့ ကောင်း၏ မကောင်း၏ ဆိုတဲ့ ခံစားချက်တွေနဲ့ နာမည်မတပ်တော့ပဲ ခံစားမှု ဆိုတဲ့ အမည်တပ်လိုက်တာပါပဲ။ ဒီနေရာမှာ ဝေဒနာဟာ တခြားသော ဒွါရတွေ အကုန်လုံးမှာလဲ ဖြစ်တယ် ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ဒွါရဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ခံစားမှုများ ဖြစ်ရာ ဋ္ဌာနတွေ ဖြစ်ပြီး မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုပြီး ဒွါရ ခြောက်ပါးရှိပါတယ်။ စိတ်ကိုတော့ နာမ်ဒွါရ (မနောဒွါရ) လို့ခေါ်ပြီး ကျန်တာတွေကတော့ ရုပ်ဒွါရတွေပဲ ဖြစ်ပါတယ်။
မျက်စိအတွက်ဆိုရင်တော့ ဖိုတွန်လို့ခေါ်တဲ့ အရာများ တနည်းအားဖြင့် အလင်းရောင် က လာရောက်ထိပါးပြီး အဲဒီပေါ်ကနေ သဏ္ဍာန်တွေ အရောင်တွေ လို့ မြင်တဲ့ စိတ်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖိုတွန် ဆိုတဲ့ အရာတွေနဲ့ မျက်စိ အကြည့်ရုပ် ထိပါးတဲ့အခါမှာတော့ ဥပေက္ခာဝေဒနာလို့ ခေါ်တဲ့ အကောင်းအဆိုး မသိရတဲ့ မထင်ရှားတဲ့ ဝေဒနာ ဖြစ်ပြီး အဲဒီဝေဒနာကြောင့် မြင်စိတ်ဆိုတာ ဖြစ်လာရတာပဲ ဖြစ်ပါတယ်။ အဲလိုပဲ အသံလှိုင်းတွေကြောင့် အသံကြားတယ် ဆိုတဲ့ ကြားစိတ် ဖြစ်လာရတာ ဖြစ်ပြီး၊ အနံဖြစ်စေသော ရုပ်ဝတ္ထုသေးသေးလေးတွေကြောင့် နှာခေါင်းမှာ ထိပါးတဲ့အခါ အနံရတယ် ဆိုတာဟာ ဖြစ်လာတာပါ။ စားသောက်တဲ့ အစာကို အရသာ သိစိတ်ကတော့ လျှာ ဆိုတဲ့ ရုပ်မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ တခုခု (လေ၊ ရေ) စတာတွေ (ရုပ်ပစ္စည်းတခုခု) ထိပါးတဲ့အခါမှာတော့ သုခ၊ ဒုက္ခ နဲ့ ဥပေက္ခာဆိုတဲ့ ဝေဒနာ တွေ ဖြစ်ပါတယ်။ စိတ်ဆိုတာကတော့ စိတ်အစဉ်မှာ ကြံတွေးမှုတွေ ဖြစ်တဲ့အခါ ရှေ့စိတ်တခု ဖြစ်ပြီးသွားတဲ့အခါမှာ အဲဒီစိတ်ကပဲ မနောဒွါရလို့ခေါ်တဲ့ စိတ်မှာပဲ ထိပါးမှု ဖြစ်ခြင်းပါပဲ။ ဒါကတော့ နာမ် နာမ်ခြင်း ထိပါးမှု ဖြစ်ပါတယ်။ အဲဒီအခါမှာလဲ ဥပေက္ခာဝေဒနာ ဖြစ်ပါတယ်။ ဒီတော့ ဝေဒနာဟာ ဘယ်မှာ ဖြစ်ဖြစ် ဘာဝေဒနာ ဖြစ်ဖြစ် အဲဒီဝေဒနာကို ငါလို့ အတ္တလို့ သတ်မှတ်လို့မရပါဘူး။ အဲဒီတော့ ဝေဒနာသည်လည်း ငါမဟုတ် အတ္တမဟုတ်ဆိုတာ ရှင်းပါတယ်။
ဝိဉာဏ်ဆိုတာကတော့ သိစိတ်ဖြစ်ပြီး အကြောင်းအရာ ပညာတွေကိုသိမှုကနေပြီး ခံစားမှုကို သိမှု၊ လိုချင်မှု၊ အလိုမကျမှု၊ ထောင်လွှားမှု စတဲ့ ကိလေသာ ဆယ်ပါးဟာလဲ စိတ်မှာပဲ ဖြစ်တာ ဖြစ်ပါတယ်။ စိတ်ဆိုတာက နာမ်ပဲ ဖြစ်ပြီး စိတ်ဟာ အမြဲတမ်း စေတသိတ်နဲ့ ယှဉ်ပြီး ဖြစ်ပါတယ်။ စေတသိတ်ဟာလဲ စိတ်မရှိပဲနဲ့ မဖြစ်နိုင်ပါဘူး။ အဲဒီ စိတ်ပေါ်မှာပဲ ကျနော်တို့က လိုချင်မှု ဆိုတဲ့သဘောလေး ဖြစ်ရင် ငါလိုချင်တယ်၊ အလိုမကျမှုဆိုတဲ့သဘောလေး ဖြစ်ရင် ငါအလိုမကျဘူး စသဖြင့် ခိုင်ခိုင်မြဲမြဲကြီး ငါလို့ သိမ်းပိုက်ထားကြတာ ဖြစ်ပါတယ်။ အမြဲတစေ ဆိုသလို စိတ်တွေ ဖြစ်တဲ့အခါတိုင်းမှာ ငါလိုချင်တာ၊ ငါအလိုမကျတာ၊ ငါထောင်လွှားတာ၊ ငါငိုက်မျဉ်းတာ၊ ငါယူဆတာ စသဖြင့် အမြဲ ငါနဲ့ ယှဉ်တွဲပြီး မှတ်သားလေ့ ရှိပါတယ်။ ဒီလိုမျိုး မှတ်သားမှုက သညာဝိပ္ပလ္လာသ လို့ခေါ်ပြီး အမှန်ကို မမြင်အောင် ဖုံးလွှမ်းထားတာမှာ သူက အခရာ ကျပါတယ်။ အဲဒီအပြင် ငါလိုချင်တာပဲလို့ သိထားတယ်၊ ငါအလိုမကျတာပဲလို့ သိထားတယ်၊ ငါခံစားရတာပဲလို့သိထားတယ်၊ ငါငိုက်မျဉ်းတယ်လို့ သိထားတယ် ဆိုတာတွေကတော့ စဉ်းစား ဆင်ခြင်းစရာမလိုပဲ အလိုလို သိနေတဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ အဲဒါကိုတော့ စိတ္တဝိပ္ပလ္လာသ လို့ခေါ်ပါတယ်။ ဝိပ္ပလ္လာသ ဆိုတာကတော့ ကြောင်တောင်ကန်းတဲ့သဘောကို ဆိုလိုတာလဲ ဖြစ်ပါတယ်။ ဝေဒနာဟာ ငါမဟုတ်တာ သေချာပေမယ့် ဝေဒနာ တခုဖြစ်လာတဲ့အခါမှာ ငါဝေဒနာ ဖြစ်တယ် လို့မှတ်သားနေတဲ့သဘော၊ ငါဝေဒနာ နောက်မဖြစ်အောင် ဘာလုပ်လိုက်မယ် (ငါကြံစည်တယ်)၊ နောက်မထိအောင်ရှောင်ရင် မဖြစ်တော့ဘူးဆိုတာကို သိတယ် (ငါသိတယ်) ဆိုတာတွေနဲ့ အဲဒီအပေါ်မှာ အားလုံးဟာ ငါပဲ လို့ သိနေတဲ့သဘော မှတ်သားနေတဲ့ သဘောတွေဟာ သညာဝိပ္ပလ္လာသနဲ့ စိတ္တဝိပ္ပလ္လာသ ပါပဲ။ ဝိဉာဏ်ဟာ အရမ်းကျယ်ပြန့်ပြီး စိတ်အမျိုးအစားပေါင်းများစွာရှိပါတယ်။ စိတ်တခု ယုတ်ကိုးဆယ် ဆိုတဲ့အတိုင်း စိတ်ဟာ ရှစ်ဆယ့်ကိုးမျိုး ရှိတယ်လို့ ပြောထားတာရှိပါတယ်။ ဒါပေမယ့် အဓိက ကျတာကတော့ စိတ်ဆိုတာဟာ နာမ်တရားသာ ဖြစ်ပြီး စိတ်ဟာ ငါမဟုတ် အတ္တမဟုတ်ဘူး ဆိုတာပါပဲ။ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ ယူဆလေ့ရှိကြတဲ့ ဝိဉာဉ် (Soul) ဆိုတာဟာ စိတ်ကို အမည်ပေးထားတာပါပဲ။ ကျနော်တို့ အနေနဲ့က စိတ်ဖြစ်တဲ့အခါမှာ (လောဘစိတ်၊ ဒေါသစိတ်) ဒါဟာ နာမ်တရားသာ ဖြစ်တယ်၊ စိတ်သာ ဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့ကတော့ အဓိက ပါပဲ။ သညာ ဆိုတာကတော့ မှတ်သားမှုလို့ ခေါ်ပါတယ်။ သညာဟာ ဘယ်အချိန်မှာ သိသာသလဲ ဆိုရင်တော့ တခုခုကို မှတ်မိတဲ့အခါမှာ ဘာကြောင့်မှတ်မိသလဲ လို့ ပြန်စဉ်းစားရင် တချိန်ချိန်က မှတ်သားထားမှု ကြောင့် ဖြစ်တယ် ဆိုပြီး မှတ်သားတတ်မှုဆိုတဲ့ သဘောလေး သညာကို မြင်နိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း သညာဝိပ္ပလ္လာသ ဖြစ်တဲ့အချိန်မှာလဲ သညာကို မြင်နိုင်ပါတယ်။ ကျနော်တို့ အခုစာကို ဖတ်နိုင်နေခြင်းဟာလဲ အတိတ်က မှတ်သားထားခဲ့တဲ့ သညာကြောင့်ပဲ ဖြစ်ပါတယ်။ အဓိက ကျတာကတော့ သညာဟာ အတ္တမဟုတ်၊ ငါမဟုတ် ဆိုတာပါပဲ။ နောက်တခုကတော့ သင်္ခါရပါပဲ။ သင်္ခါရ ဆိုတာကတော့ စေ့ဆော်မှု (စေတနာ) ဖြစ်ပြီး လက်တခုခု လှုပ်လိုက်တဲ့အခါမှာ လှုပ်ရှားမှုလေး မဖြစ်ခင်မှာ ဖြစ်တဲ့ နာမ်တရားရဲ့ သဘောလေးကို သတိထားကြည့်ရင် သိနိုင်ပါတယ်။ စကားတခုမပြောခင်မှာ ပြောဖို့ဖြစ်လာတဲ့ စေတနာလေး တနည်းအားဖြင့် စေ့ဆော်မှုလေးကို သင်္ခါရလို့ ခေါ်ပါတယ်။ ဒီလိုမျိုး စေတနာလေးတွေ ဖြစ်တဲ့အချိန်မှာ သတိထားကြည့်ပြီး စေတနာ ဆိုတဲ့ နာမ်တရားလေးရဲ့ သဘောကိုလဲ နားလည်အောင် လုပ်ဖို့ လိုပါတယ်။
ဒါဆိုရင်တော့ ကျနော်တို့ဟာ သက္ကာယ လို့ခေါ်တဲ့ ခန္ဓာငါးပါး (စိတ်၊စေတသိတ်၊ ရုပ်) သညာ၊ သင်္ခါရ၊ ဝေဒနာ၊ ဝိဉာဏ်၊ ရုပ် ဆိုတာတွေအပေါ်မှာ ဘယ်ဟာကတော့ ဘာဆိုတာကို သိပြီး ဖြစ်သလို အဲဒီတခုခြင်းစီဟာလဲ ငါမဟုတ်၊ အတ္တမဟုတ် ဆိုတာကို သဘောပေါက်လာမှာပါ။ ဒါဟာ သက္ကာယ ဒိဋ္ဌိ ဆိုတာကို ဖါယ်ရှားတဲ့ နည်းပဲ ဖြစ်ပြီး ကျနော်တို့ဟာ ခန္ဓာငါးပါးစလုံးကို တပြိုင်းတည်း နားလည်အောင် အဆက်မပြတ် ရှုမှတ်နေဖို့ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ရုပ်ကို ရှုမှတ်ရတာ အမြင်ရှင်းတဲ့သူတွေအတွက်က ကာယာနုပဿနာ ဆိုတဲ့ ရုပ်ကို အသေးစိတ်ကြည့်ခြင်း (မဟာသတိပဋ္ဌာနသုတ်) ကို လုပ်နိုင်ပြီး၊ ဝေဒနာကို အားသန်တဲ့သူအတွက်ကတော့ ဝေဒနာကို ကြည့်မှု လုပ်နိုင်ပါတယ်။ ဒိဋ္ဌိ အလွန်များပြီး ငါမှ ငါ ဆိုတဲ့ စိတ်တွေ အတ္တအယူကြီးလွန်းသူတွေအတွက်ကတော့ စိတ်မှာ အဖြစ်များဆုံးဖြစ်တာမို့ စိတ်ကို ကြည့်ရမှာ ဖြစ်ပါတယ်။ သညာ နဲ့ သင်္ခါရကိုကြည့်ချင်သူများအနေနဲ့လဲ အဲဒါကိုပဲ အားစိုက်ပြီး ရှုမှတ်နိုင်ပါတယ်။ ဒီလိုရှုမှတ်မှု လုပ်တယ် ဆိုတဲ့အခါမှာ ပထမဆုံးလုပ်ရမှာကတော့ ကိုယ်ဘာကို ကြည့်မလဲဆိုတာကို ဆုံးဖြတ်ရတာပါပဲ။ ကျနော်ကတော့ စိတ်ကို ရှုမှတ်တာကို အလေးအပေးဆုံးဖြစ်ပြီး (ကျနော်ကိုယ်တိုင်လဲ စိတ်ကိုရှုမှတ်မှုနဲ့ ခရီးရောက်လာခဲ့ပြီး) အဲဒါကိုတော့ စိတ္တာနုပဿနာလို့ ခေါ်ပါတယ်။ ဝေဒနာကို ရှုမှတ်တာကိုတော့ ဝေဒနာနုပဿနာ ခေါ်ပါတယ်။ ရုပ်ကို ရှုမှတ်တာကိုတော့ ကာယာနုပဿနာ ခေါ်ပါတယ်။ သညာ နဲ့ သင်္ခါရကို ရှုမှတ်တာကိုတော့ ဓမ္မာနုပဿနာလို့ ခေါ်ပါတယ်။ ဘယ်ရှုမှတ်မှုကို လုပ်သည် ဖြစ်ပါစေ အရင်ဆုံး လုပ်ရမှာကတော့ ခန္ဓာငါးပါး ဆိုတာကို နာမည်တပ်နိုင်အောင် အရင်လုပ်ရတာပါပဲ။ ဘယ်အရာက ရုပ်ဖြစ်တယ်၊ ဘယ်အရာက ဝေဒနာဖြစ်တယ်၊ ဘယ်အရာက ဝိဉာဏ်ဖြစ်တယ်၊ ဘယ်အရာက သညာဖြစ်တယ်၊ ဘယ်အရာက သင်္ခါရ ဖြစ်တယ် ဆိုတာကို သူတို့ရဲ့ သဘောလေးတွေကို သိအောင် လုပ်ရတာကတော့ ပထမဆုံး လုပ်တဲ့ အလုပ်ပါပဲ။ (ရေးခဲ့တာကို နည်းနည်းပြန်မှတ်မိအောင် ပြောရရင် ပညတ်နဲ့ ပရမတ်ကို ခွဲခြားသိအောင်လုပ်၊ ဘယ်သဘောလေးက ဘာဖြစ်တယ် ဆိုတာကို စိတ်၊ စေတသိတ်၊ ရုပ် နဲ့ သိအောင်လုပ်၊ အဲဒီကမှ တခုခြင်းစီဟာ သတ္တဝါမဟုတ်ကြောင်း၊ ငါမဟုတ်ကြောင်း၊ အတ္တမဟုတ်ကြောင်း သိအောင်လုပ်ဆိုပြီး အစဉ်လိုက်သွားခဲ့တာပါ။)


Leave a Reply