ကျနော်တို့ဟာ ငယ်စဉ်ကတည်းက စနစ်တွေနဲ့ပါတ်သက်ပြီး သင်ယူရတာတွေ ရှိပါတယ်။ စနစ်ပေါင်းစုံအကြောင်းကို သင်ယူခဲ့ပေမယ့် စနစ်တွေအပေါ်မှာ ခြုံငုံသုံးသပ်နိုင်စွမ်းတော့ မရှိကြတာ များပါတယ်။ ကျနော့်အတွက်ကတော့ ကျန်ခဲ့တဲ့ ရက်ပိုင်းအထိကို ခြုံငုံမသုံးသပ်နိုင်ခဲ့ပါဘူး။ ငွေကြေးဆိုတဲ့ စနစ်အောက်မှာ ကျနော်တို့ဟာ လောဘရဲ့ ဖုံးလွှမ်းမှု ဖြစ်ပြီး ငွေကြေးကို ကျော်ပြီး မကြည့်နိုင်ကြပါဘူး။ တကယ်တော့ စနစ်တွေ ဆိုတာဟာ လူသားတွေရဲ့ ကြံစည်မှုတွေက ဖြစ်လာတာ ဖြစ်ပြီး လူသားတွေရဲ့ ကြံစည်မှုဆိုတာဟာ တကယ်တော့ ဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာပါပဲ။ ဒိဋ္ဌိ ဆိုတာကတော့ ငါသူ ရှိတယ် အတ္တ ရှိတယ် ဆိုတဲ့ အယူဖြစ်ပြီး ဝီစိကိစ္ဆာကတော့ ဟိုဟာလုပ်ရင်ကောင်းမလား၊ ဒီဟာ လုပ်ရင်ကောင်းမလား ဆိုတဲ့ သို့လော သို့လော ဖြစ်စဉ်တွေပါပဲ။ ဒီဖြစ်စဉ်တွေပေါ်ကနေပြီး (တခါတလေမှာလဲ တိုက်ဆိုင်မှုတွေပေါ်ကနေပြီး) လူသားတွေဟာ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုအတွက် စနစ်တွေ အမျိုးမျိုးကို ဖန်တီးခဲ့ကြပါတယ်။ ပိုက်ဆံ ဆိုတာမရှိခဲ့ရင် ဘယ်လို ဖြစ်မလဲ၊ ပိုက်ဆံဆိုတာက တကယ်ရော လိုအပ်ရဲ့လား၊ ပိုက်ဆံစနစ်ပေါ်ပေါက်လာခြင်းဟာ လူမျိုးနွယ်စုအတွက်ကောင်းကျိုးကို ဖြစ်စေသလား ဆိုကျိုးကို ဖြစ်စေသလား စတဲ့ တွေးတောမှုတွေဟာ ကျနော်တို့အနေနဲ့ လုပ်သင့် စဉ်းစားသင့်တဲ့ ကိစ္စပါပဲ။ လူသား ရဲ့ မျိုးနွယ်စု ဆိုတဲ့ အမြင် (သတ္တဝါတမျိုး) ဆိုတဲ့ အမြင်က ကြည့်မယ် ဆိုရင် လူသား အားလုံးရဲ့ ရည်ရွယ်ချက်ဟာ လူသားတွေ အားလုံးရဲ့ စားဝတ်နေရေး ပြေလည်စေဖို့ လုံလောက်ဖို့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့်လည်း ပိုက်ဆံ စနစ်ရဲ့အောက်မှာတော့ အဲဒီ ရည်ရွယ်ချက်ဟာပျောက်နေပြီး (You on your own- မင်းတာဝန် မင်းယူ) ဆိုတဲ့ အယူနဲ့ပဲ အားလုံးဟာ ရှင်သန်နေကြတာပါပဲ။ ဒါဟာ တယောက်ထက် တယောက်ပိုသာချင်တယ် ဆိုတဲ့ စိတ်တွေရဲ့ ဖန်တီးမှုလို့လဲ ပြောနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် (ပိုက်ဆံအချမ်းသာဆုံးဖြစ်အောင်) ကြိုးစားမယ်၊ ပြီးရင် ကိုယ့်မိသားစုနဲ့ပါတ်ဝန်းကျင်ကို ကောင်းအောင် (ပိုက်ဆံများများရှိအောင်) ကြိုးစားမယ် ဆိုတဲ့ စိတ်အယူဝါဒ ဟာ လူရဲ့ စိတ်ထဲမှာ စွဲမြဲနေပါတယ်။ ဒီလိုမျိုး မိမိ နဲ့ မိမိပါတ်ဝန်းကျင်ကိုပဲ ကောင်းအောင် ကြိုးစားမှုရဲ့ အပြစ်ကတော့ လူသားဟာ လူမျိုးနွယ်စုကောင်းအောင် လူသားတိုင်း အစာရေစာ လုံလောက်အောင်၊ နေစရာ လုံခြုံအောင်၊ ဝတ်စရာ လုံလောက်အောင် ဆိုတဲ့ ကိစ္စတွေကို မေ့လျော့ သွားစေပါတယ်။ ဒါကို လူ့သဘာဝ လို့ကောက်ချက်ချမယ် ဆိုရင် လူ့သဘာဝ ဆိုတာထက် လူသားရဲ့ လောဘ၊ ဒေါသ ကြောင့်လို့ အဓိက ပြောရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိလေသာ ဆိုတာဟာ ပုထုဇဉ်တိုင်းမှာ ရှိတဲ့ စိတ်အငြစ်အကြေးတွေ ဖြစ်ပြီး ကိလေသာ ဆယ်ပါး ရှိပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝီစိကိစ္ဆာ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ဆယ်ပါးပါပဲ။

ဒီတရား ဆယ်ပါးဟာ ပုထုဇဉ်တိုင်းမှာ မရှောင်လွှဲနိုင်ပဲ ရှိကြတဲ့ ကိလေသာ တွေပဲ ဖြစ်ပါတယ်။ လောဘ ဆိုတာကတော့ လိုချင်မှု ဆိုတဲ့သဘောလေး ဖြစ်ပြီး၊ ဒေါသဆိုတာကတော့ အမျက်ထွက်ခြင်း ပျက်စီးစေလိုခြင်းပဲ ဖြစ်ပါတယ်။ မောဟ ဆိုတာကတော့ ရုပ်နာမ်ဟာ အမြဲ ဖြစ်ပျက်နေတယ် ဆိုတာကို မသိမှု၊ အရာအားလုံးဟာ စက်ဆုပ်စရာ အသုံးမကျတာတွေသာ ဖြစ်တယ် ဆိုတာကို မသိမှု၊ မိမိ ဆိုတာ ကိုယ်ဆိုတာ အတ္တ ဆိုတာဟာ မရှိပဲ အရာအားလုံးဟာ အနတ္တသာ ဖြစ်တယ် ဆိုတာကို မသိမှုပါပဲ။ မာနဆိုတာကတော့ ထောင်လွှားမှု ဖြစ်ပြီး တကယ်မဟုတ်တဲ့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ မျိုးရိုး၊ ငွေကြေး၊ စည်းစိမ် ဥစ္စာ၊ ဩဇာ အာဏာ ဆိုတာတွေရဲ့ အပေါ်မှာ သူတပါးထက် သာတယ် ဆိုတဲ့ ထောင်လွှားမှု ဖြစ်ပါတယ်။ ဒိဋ္ဌိ ဆိုတာကတော့ အယူမှားတွေ ဖြစ်ပြီး အယူမှားပေါင်း ၆၂ မျိုးကို အကြမ်းဖျဉ်းခွဲပြနိုင်ပါတယ်။ ဒီထဲမှာ အဓိက ကျတာကတော့ သက္ကာယ ဒိဋ္ဌိပဲ ဖြစ်ပြီး သက္ကာယလို့ ခေါ်တဲ့ ရုပ်၊ သညာ၊ ဝိဉာဏ်၊ ဝေဒနာ၊ သင်္ခါရ ဆိုတဲ့ ထင်ရှားရှိတဲ့ ရုပ်နာမ် တရားတွေပေါ်မှာ ငါပဲ သူပဲ လို့ ယူဆွဲထားတာပဲ ဖြစ်ပါတယ်။ သက္ကာယ ဒိဋ္ဌိကိုရှင်းလိုက်ရင် ကျန်တဲ့ ဒိဋ္ဌိ ၆၂ မျိုးစလုံးဟာ အလိုလို ပါယ်သွားပါတယ်။ ဝီစိကိစ္ဆာဆိုတာကတော့ သို့လော သို့လော ဆိုတဲ့ တွေဝေမှု ဖြစ်ပြီး ဘာကြောင့် လူဆိုတာဖြစ်သလဲ ကစလို့ ဘာကိုမှ ရေရေရာရာ မသိတဲ့ အမှား၊ အမှန်မခွဲခြားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ထိနမိဒ္ဓကတော့ ငိုက်မျဉ်းမှုပဲ ဖြစ်ပါတယ်။ ဥဒ္ဓစ္စ ဆိုတာကတော့ ပျံလွင့်မှု ဖြစ်ပြီး ဘာကိုမှ အာရုံမစိုက်နိုင်တဲ့ အဖြစ်ကို ရောက်စေပါတယ်။ အဟိရိက ဆိုတာကတော့ မကောင်းမှုကို မရှက်ခြင်းဖြစ်ပြီး၊ အနောတ္တပ္ပ ဆိုတာကတော့ မကောင်းမှုကို မကြောက်ခြင်းပဲ ဖြစ်ပါတယ်။

ဒီကိလေသာ ဆယ်ပါးဟာ ပုထုဇဉ်ရဲ့ သန္တာန်လို့ခေါ်တဲ့ စိတ်အစဉ်မှာ ထပ်ခါ ထပ်ခါဖြစ်နေပြီး စိတ်ရဲ့ အငြစ်အကြေးလို့ ပြောရမယ့် အတိုင်း မကောင်းမှု ဒုစရိုက်တွေကို ဖြစ်စေပါတယ်။ မကောင်းမှု ဒုစရိုက်ဆိုတာကတော့ မိမိအကျိုးကိုလဲ ပျက်ပြားစေသော၊ သူတပါးအကျိုးကိုလဲ ပျက်ပြားစေသော ကိစ္စတွေပါပဲ။ ဒီ ကိလေသာ ဆယ်ပါးထဲမှာ ပထမဆုံး ပါယ်ဖို့ ကြိုးစားရတာ (သောတာပတ္တိမဂ်ကပါယ်တာသည်) ဒိဋ္ဌိ ကိလေသာ နဲ့ ဝီစိကိစ္ဆာ ပဲ ဖြစ်ပါတယ်။ အယူအဆ မှားယွင်းနေမယ်၊ သို့လော သို့လော တွေ ဖြစ်နေမယ် ဆိုရင် ကောင်းမွန်တဲ့ သုစရိုက်တရားတွေ ဖြစ်တဲ့ လောဘ၊ ဒေါသ စတာတွေကို ပါယ်သတ်မှုဟာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အယူအဆ မှန်ကန်အောင် အရင်ကြိုးစားရပါတယ်။ ဒီတော့ ပထမ ဆုံးကျနော်တို့ဟာ သက္ကယာယ ဆိုတာကို သေသေချာချာ သိဖို့လိုအပ်ပါတယ်။ မိမိရဲ့ ရုပ်ခန္ဓာကြီးကတော့ ရုပ်တရား ဖြစ်တယ် ဆိုတာဟာ မြင်သာပါတယ်။ ဒီနေရာမှာ ရုပ်တရားနဲ့ပါတ်သက်ပြီး ခေါင်း၊ ခါး၊ ခြေ၊ လက်၊ မျက်နှာ စတဲ့ ပညတ်အခေါ်အဝေါ်တွေကို ပါယ်ပြီး ရုပ်တရားအားလုံးကို ရုပ်ဆိုတဲ့ အမည်အောက်မှာ အားလုံးရှိနေတယ် ဆိုတာ မြင်အောင်ကြည့်ဖို့ပါပဲ။ ဒါကြောင့်လဲ ရုပ်နဲ့ ပါတ်သက်ပြီး နေရာ ဋ္ဌာနပေါ်မူတည်ပြီး ပုံသဏ္ဍာန်ပေါ်မှာ မူတည်ပြီး အမည် မသတ်မှတ်တော့ပဲ ရုပ်ရဲ့ လက္ခဏာတွေအရပဲ သတ်မှတ်ပါတော့တယ်။ ဥပမာ အားဖြင့် မြင်အပ်သောရုပ်၊ မမြင်အပ်သောရုပ် – ထိပါး၍ ရသောရုပ်၊ ထိပါး၍ မရသော ရုပ်စသဖြင့် ခွဲကြည့်ဖို့ ဓမ္မသင်္ဂဏီမှာ ဟောထားပါတယ်။ ဆိုလိုတာကတော့ မျက်နှာဆိုတဲ့ တနေရာထဲမှာတင် မြင်အပ်သောရုပ်တွေရှိသလို မမြင်အပ်သောရုပ်တွေလဲ ရှိနေပါတယ်၊ ထိပါး၍ ရသောရုပ်ဆိုတာတွေရှိသလို ထိပါး၍ မရသောရုပ် ဆိုတာတွေလဲ ရှိနေတယ်လို့ ပြောတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ မြင်အပ်သော ရုပ်တွေဟာ တကိုယ်လုံးမှာ ရှိတာမို့ မျက်နှာ၊ ခေါင်း၊ ခါး၊ ခြေ၊ လက် စတဲ့ အမှတ်အသားတွေဟာ ပျောက်သွားသင့်ပါတယ်။ အားလုံးဟာ အမျိုးအစား ကွဲပြားသော ရုပ်တွေချည်းသာ လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အဲလို ရုပ်ကို အစုအပေါင်းများ စုပေါင်းထားခြင်းသာ အားလုံးကို ရုပ်ဟုခေါ်သည် ဆိုလိုက်ရင် ကျနော်တို့ဟာ ပရမတ် ဆိုတာကို မြင်ပြီလို့ ပြောနိုင်ပါတယ်။ ပရမတ် တရားကတော့ လေးပါး ရှိပါတယ်။ စိတ်၊ စေတသိတ်၊ ရုပ် နဲ့ နိဗ္ဗာန်ပါ။ ရုပ်ကို ပရမတ်တရားအနေနဲ့ မြင်ပြီဆိုရင် ဘာရုပ် ညာရုပ်ဆိုတာမျိုး ခွဲခြားနေစရာ မလိုတော့ပါဘူး။


Leave a Reply

Your email address will not be published. Required fields are marked *