အနတ္တကို အဆုံးထိသိတဲ့ အခါမှာ ကိုယ်ကြိုးစားလာခဲ့သမျှတွေဟာ ရင်ဘတ်ကို ဆောင်တွန်းလိုက်သလို ပင်ပန်းမှု အကုန်လျော့သွားတာပါပဲ။ ခန္ဓာမှာရှိတဲ့ တရားတွေရော၊ နိဗ္ဗာန် ဆိုတဲ့ တရားကရော အနတ္တ ဆိုတာကို သဘောပေါက်ပြီး ဘယ်တုန်းကမှ အတ္တ ဆိုတာ ငါ ဆိုတာ မရှိခဲ့၊ မှားယွင်းစွာ ဆုံးဖြတ်မှု (မိစ္ဆာဒိဋ္ဌိ) သာ ဖြစ်တယ် ဆိုတဲ့ အကြောင်းနဲ့ မှားယွင်းစွာ ဆုံးဖြတ်မှုသည်လည်း အနတ္တ သာ ဆိုတာကို သဘောပေါက်သွားတာ ဖြစ်တဲ့ အတွက် တောင့်တမှု ကြောင့်ကြမှုတွေ ကင်းသွားပါတယ်။
အဲဒီအခါမှာ စိတ်မှာ ဖြစ်တဲ့ ဒေါသ လောဘ မောဟ ဟာ ကင်းစင်သွားပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုတာပါပဲ။ အဲဒီမှာ နားလည်လိုက်ရတာက သံသရာ ဆိုတာဟာ ဆုံးပြီလို့ နားလည်လိုက်သလို၊ ဘယ်လောက်ပဲ ဒုက္ခတွေ များများ ဘယ်လောက်ပဲ ကုသိုလ်အမှုတွေ အကုသိုလ်အမှုတွေ ကျုးလွန် ကျုးလွန် နိဗ္ဗာန်ကို မျက်မှောက်ပြု တဲ့ အချိန်မှာတော့ အဲဒါတွေဟာ ဘာမှ မဟုတ်တော့တဲ့ ကိစ္စတွေပဲ ဆိုတာ သဘောပေါက်သွားပါတော့တယ်။
ပင်ပန်းဆင်းရဲခြင်း စတာတွေဟာ အတ္တဆိုတာ မရှိတဲ့အတွက် ဘယ်တုန်းကမှ မရှိခဲ့ဘူး ဆိုတာကို သဘောပေါက် သွားတာပါပဲ။ ပြန်ဆင်ခြင်တဲ့ ဉာဏ် ဖြစ်တဲ့အခါမှာတော့ ဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာ ကင်းစင်သွားကြောင်း ကိုယ်တိုင် သဘောပေါက်ရတာပါ။ လောကမှာ ဘာသာတွေ ကိုးကွယ်မှုတွေ အယူအဆ တွေ ဆိုတာဟာ ဝီစိကိစ္ဆာ ထူထောင် ထားတာပါ။ အဲဒါတွေ မရှိတော့တဲ့အခါမှာ မြတ်စွာဘုရား ရဲ့ သာသနာပေါ်မှာ ယုံကြည်ချက် သဒ္ဓါဆိုတာဟာ ကြီးမားလွန်းပါတယ်။ တခြားဘာသာနဲ့ ဗုဒ္ဓသာသနာ ဆိုတာဟာ နှိုင်းယှဉ်စရာ မရှိ မစင် နဲ့ ရွှေတောင်ကြီးလို အကြီးကြီး ကွာခြားလွန်းတယ် ဆိုတာကို သဘောပေါက် သွားတာပါပဲ။ အဲဒါကြောင့် သာသနာကနေ တပါးသော သာသနာကို ရွှေ့ပြောင်းခြင်း မရှိဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။
ဒီအပြင် ဒိဋ္ဌိနဲ့ ဝိစီကိစ္ဆာကွာသွားတော့ ငါနှင့်ပါတ်သက်သော၊ သူတပါးနှင့် ပါတ်သက်သော မရမနေလိုချင်မှု၊ လုပ်ချင်မှု ဆိုတဲ့ အတ္တဝါဒပါဒါန်ကတော့ အလုံးစုံ စင်ကြယ်သွားပါတယ်။ အဲဒီအတွက် အဲဒါနဲ့ ပါတ်သက်တဲ့ ပူပန်မှုတွေ ယှဉ်ဖော်ယှဉ်ဖက် အကုသိုလ် အမှုတွေက နေ အလုံးစုံ ကင်းသွားတာပါပဲ။
ကိုယ့်ရဲ့ ကုသိုလ် အကုသိုလ်တွေဟာ အတ္တနဲ့ မယှဉ်တော့တဲ့အတွက် အတ္တနဲ့ ကျူးလွန်မှု လုံးဝ မရှိတော့ပါဘူး။
ဒါတွေဟာ အကျိုးကျေးဇူးတွေဖြစ်ပြီး တကယ်တော့ ကြိုးစားမှု အချိန်ပေးမှု နားလည်အောင် ဖတ်မှု တရားနာမှု စတာတွေက သေသေချာချာ လုပ်မယ်ဆိုရင် ပဉ္စနန္တိယ ကံငါးပါးကျုးလွန်ထားသူက လွဲရင် အကုန် မဂ်ကျ နိုင်ပါတယ်။ ကလျာဏ မိတ္တ အပေါင်းတို့ ကြိုးစားတော်မူကြပါ။ သံသရာမှာ တွေ့ခဲလှတဲ့ ဗုဒ္ဓသာသနာနဲ့ ကြုံတုန်း တမဂ် တဖိုလ်တော့ ရအောင် လုပ်သွားကြပါလို့ တိုက်တွန်းပါရစေ။
ကျေးဇူးတင်ပါတယ်။


Leave a Reply