အနတ္တ ကို သိဖို့ရာမှာ အတ္တဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုခြင်းက အရေးကြီးပါတယ်။ အနတ္တ ဆိုတာသည် အတ္တ မဟုတ် ဟု ပြောခြင်း ဖြစ်ပါတယ်။ အတ္တ ဆိုတာကတော့ ခေတ်အလိုက်မှာ ထင်မြင်ယူဆ ထားပုံတွေ ကွဲပြား နိုင်ပါတယ်။ ကျနော် နားလည်သလောက်ကတော့ ဘုရားလက်ထက်မှာ အတ္တ ဆိုတာကို ဟိန္ဒူတွေ ယူဆပုံ နဲ့ ယူဆခဲ့ကြဟန် တူပါတယ်။ ဟိန္ဒူအယူအဆ အတ္တဆိုတာဟာ မဟာဗြဟ္မာကြီးကို ပြောတာပါ။ ဘယ်လူတန်းစား ကတော့ ဗြဟ္မာကြီးရဲ့ ဘယ်အစိတ်အပိုင်းက လာတယ် ဆိုပြီး ပြောကြပါတယ်။ မဟာဗြဟ္မာကြီးနဲ့ ပြန်လည် ပေါင်းစည်းရေးကို ဦးတည်ကြပါတယ်။ အဲဒီလို လူတွေကို ရုပ် နဲ့ နာမ်ရဲ့ တခုစီဟာ တရားတွေသာ ဖြစ်ပြီး အတ္တ မဟုတ်တဲ့ အကြောင်း ပြောတဲ့အခါမှာ သူတို့ရဲ့ အယူအဆက ပြိုလဲသွားတော့တာပါပဲ။

အဲဒီလိုပါပဲ သေတဲ့အခါမှာ အတ္တ ဆိုတဲ့ ဝိဉာဉ်လေး ကူးသွားတယ် ဆိုတဲ့အယူမျိုးကိုလဲ ရုပ် နာမ် တစ်ခုစီဟာ တရားတွေသာ ဖြစ်ပြီး တခုစီဟာ အတ္တမဟုတ်တဲ့ အကြောင်း ပြောထားခြင်းအားဖြင့် ဒီလို အယူကိုလဲ ပြိုလဲ သွားစေပါတယ်။

ကျနော််တို့ ဒီဘက်ခေတ်မှာကျတော့ ဖြစ်တည်မှု ပမဓါန ဝါဒ က လွှမ်းမိုးမှု များပြီး အတ္တ ဆိုတာဟာ ဖြစ်တည်မှု ဆိုတဲ့ သဘောမျိုး ပြောကြပါတယ်။ အဲဒီအခါမှာလဲ ရုပ် နာမ် တရားများ တခုခြင်းစီမှာ ဖြစ်တည်မှု မရှီတဲ့ အကြောင်း၊ အတ္တမဟုတ်တဲ့ အကြောင်း ပြောပြလိုက်တာနဲ့ ဖြစ်တည်မှု ပဓါနဝါဒလဲ ပြိုကျ သွားမှာပါပဲ။

ကျနော်ကတော့ အတ္တ ဆိုတာကို သတ္တဝါ လို့ပဲ ကိုယ့်နားလည်မှုနဲ့ ဘာသာပြန်ပြချင်ပါတယ်။ သတ္တဝါ မဟုတ်လို့ ပြောရမှာပါ။ ငါ သူတပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါမဟုတ် ဆိုသည် စကားမှာ အနတ္တကို ပြောပြ ဖို့ အကောင်းဆုံး စကားပင် ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရုပ်နာမ် ပရမတ်ကို နားလည်ပြီဆိုရင် ရုပ်နာမ် တရားတခုခြင်းစီရဲ့ သတ္တဝါမဟုတ်တဲ့ သဘော သတ္တဝါ ဆိုတာဟာ လောကမှာ ဆိတ်သုဉ်းတဲ့အကြောင်း သုညတ တို့ကို ဆင်ခြင်စေလိုပါတယ်။ အဲဒီနောက်မှာ တော့ အမှန်သိမြင်မှု ကြံစည်မှု စသည်တို့မှာလည်း တရားများသာ ဖြစ်ပြီး သတ္တဝါမဟုတ်ကြောင်း မိမိ ဆိုသည်မှာ အစကတည်းက မရှိကြောင်း သိဖို့ ပင် ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *