အနတ္တလို့ ပြောပါလျှက်နဲ့ အတ္တဟိ အတ္တနော နာထော လို့ ဘာကြောင့် ပြောရပါသလဲ လို့ မေးချင် မေးနိုင်ပါတယ်။ မိမိ ဆိုတာ မရှိပေမယ့် မိမိလို့ ဘာကြောင့် ပြောရသလဲလို့ စဉ်းစားစရာ ဖြစ်ကောင်း ဖြစ်နေမှာပါ။
ဒီနေရာမှာ မိုးကုတ်ဆရာတော်ကြီး မကြာခဏ ပြောဖူးသလို ပါပဲ။ မြတ်စွာဘုရား ဆောင်ဟောထားတဲ့ တရားတွေကို အတည့်ယူရင် ဘုရားကို စွပ်စွဲရာ ကျသလို၊ အတည့်ဟောထားတဲ့ တရားကို ဆောင်ယူရင်လဲ ဘုရားကို စွပ်စွဲရာ ကျပါတယ်။ အတ္တဆိုတာ ရှိကို ရှိမနေပါဘူး။ ဘယ်တုန်းကမှလဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် မိမိ ဆိုတဲ့ စကားလုံးနဲ့မှ သိနိုင်မယ့် တရားကိုတော့ မိမိဆိုတဲ့ စကားလုံးနဲ့ပဲ ဆောင်ဟောခဲ့တာပါပဲ။ ပြောချင်တာကတော့ မဂ္ဂင်သည်သာလျှင် အားကိုးရာ၊ ပညာသည်သာလျှင် အားကိုးရာ ဖြစ်တယ်လို့ ပြောလိုခြင်း ဖြစ်ပါတယ်။ ပညာမှာမှ သူတပါးမှာ ဖြစ်တဲ့ ပညာကို အားကိုးလို့မရပဲ ကိုယ့်မှာ ဖြစ်တဲ့ ပညာကမှသာလျှင် လွတ်မြောက်မှု ဖြစ်စေတာကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒီစကားဟာ အင်မတန် အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရားအားထုတ်တဲ့အခါမှာ မြတ်စွာဘုရား ရှိစဉ်ကတော့ မြတ်စွာဘုရားက ဉာဏ်တော်နဲ့ ဘယ်လိုအနုသယကိလေသာ ရှိတယ်။ ဘယ်လို ချေချွတ်နိုင်တယ်ဆိုတာကို အလုံးစုံသိတော်မူသော ဉာဏ်တော်နဲ့ ဟောပေးနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် မြတ်စွာဘုရား အပေါ်မှာ အပြည့်အဝ ယုံကြည်ချက် ရှိရင်ပဲ မြတ်စွာဘုရား ဟောတဲ့အပေါ်မှာ နားလည်မှု ဖြစ်ပြီး သံသရာက လွတ်သွားနိုင်ပါတယ်။ မြတ်စွာဘုရားကလဲ လွတ်မယ့် သတ္တဝါကိုပဲ ဟောတာ ဖြစ်တဲ့အတွက် ဘာဆိုဘာမှ ပူစရာမရှိပါဘူး။ အကုန်လွတ်မယ် ဆိုလိုတာမဟုတ်ဘူးနော် သင့်သလို ဖြစ်မယ်လို့ ပြောတာပါ။ အင်မတန်အပြစ်ကြီးတဲ့ ရှင်ဒေဝဒတ်တောင်မှ သံသရာက လွတ်စရာ အကြောင်းရှိတဲ့အထိ မြတ်စွာဘုရားရဲ့ သဗ္ဗညုတ ဉာဏ်တော်ရဲ့ အကျိုးကျေးဇူးကို အားလုံးခံစားကြရတာပါပဲ။ အဲဒီခေတ်အခါကလဲ ဘုရားပွင့်တဲ့ ခေတ်အခါဆိုတော့ အရိယာများပြား အားကောင်းတဲ့ ပါတ်ဝန်းကျင် ဆိုတော့ နှလုံးသွင်းတွေကလဲ မှန်ကန်ဖို့ အခွင့်အလမ်းများပါတယ်။
အဲဒီကနေပြီး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သွားတဲ့ အခါမှာလဲ သံဃာတော်များက မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေကို မပြုပြင်ဘူး အသစ်မထည့်သွင်းဘူး ပါယ်နှုတ်ခြင်း မပြုဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ထေရ်ကြီး ဝါကြီးများရဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး အဲဒီအတိုင်း လိုက်နာတာကို ထေရဝါဒလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ အဲဒီခေတ်အခါမှာ ရှိခဲ့တဲ့ အဂ္ဂသာဝက မဟာသာဝက ထေရ်ကြီးဝါကြီးများရဲ့ မပြုပြင်ဘူး၊ အသစ်မထည့်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို လိုက်နာခြင်း ဖြစ်တယ် ဆိုတဲ့ စကားဟာ အင်မတန် အရေးကြီးပါတယ်။ ဒီဘက်ခေတ်မှာ အဲဒီစကားရဲ့ အဓိပ္ပါ့ယ်ကို လက်ရှိထေရ်ကြီးဝါကြီးများရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမယ် ဆိုပြီး ဘာသာပြန်လိုက်ပြီး ထေရ်ကြီး ဝါကြီး ဖြစ်သွားတာနဲ့ ပြောချင်ရာ ပြောတော့ နာခံရမယ် ဆိုတဲ့ သဘောဖြစ်ခဲ့ရင် အလုံးစုံ ပျက်သုဉ်းသွားမယ့် သဘောရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ထေရ်ကြီး ဝါကြီးဆိုတာဟာ ကိလေသာ ကင်းစင်ခြင်း ပညာဉာဏ်ကြီးမြင့်ခြင်း ဆိုတာနဲ့ တိုက်ရိုက်အချိုးမကျပဲ သာသနာဘောင်မှာ နေတာကြာတာနဲ့ ထေရ်ကြီး ဝါကြီးလို့ သတ်မှတ်တာမို့ပါပဲ။ ပြောသမျှလိုက်နာရမယ် ဆိုတာနဲ့ ရိုသေခြင်းဆိုတဲ့ နှစ်ခုရဲ့ ကြားက ကွာခြားချက် ကလဲ အင်မတန် အရေးကြီးပါတယ်။
ဒီနေရာမှာ ကျနော်ပြောခဲ့တဲ့ အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ စကားက အင်မတန် အရေးကြီးတဲ့ စကားပါပဲ။ မိမိရဲ့ ဉာဏ်ပညာကို လုံးဝပစ်ပါယ်ပြီး အလုံးစုံ ပုံအပ်လိုက်တာနဲ့ ရဟန္တာ ဖြစ်လို့ကတော့ မြန်မာပြည်မှာ ရဟန္တာတွေ အရမ်းကို များပြားနေမှာပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ အလုံးစုံ ပုံအပ်နေပေမယ့် ဘာမှ ဖြစ်မလာတာ သဒ္ဓါတင် ဗိုလ်ဆိုက်ရတာမဟုတ်ပဲ ပညာပါ ဗိုလ်ဆိုက်တဲ့ထိ အားထုတ်ရမှာ ဖြစ်တာကြောင့်ပါပဲ။ ဒါကိုလဲ အရိယာမဖြစ်ဖူးတဲ့ သက်တော်ကြီး ဝါတော်ကြီးပြီး ပုထုဇဉ် ဆရာတော်တွေက နားမလည်ကြတဲ့အတွက် သူ့တို့စကားလက်ခံအောင် သူတို့က ဘုရားစကားလို့ပြောတာတွေကိုလဲ ငြင်းချက်မထုတ်ဘဲ နားထောင်ဖို့ ကြိုးစားနေကြပြီ။ ပညာတိုးလာအောင် သူတို့ လုပ်မပေးတတ်လို့ပဲ ဖြစ်ပါတယ်။
အဲဒီတော့ အလုံးစုံပုံအပ်သင့်တာ မရှိဘူးလား၊ သဒ္ဓါတရားဟာ တန်ဖိုးမကြီးဘူးလား ဆိုတော့ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ သဒ္ဓါ နဲ့ ပညာ ညှိရတယ် ဆိုတဲ့အတိုင်း, သဒ္ဓါတရားပေါ်မှာ အသေဝနာစ ဗာလနံ၊ ပဏ္ဍိတာနဥ္စ သေဝနာ ဆိုတဲ့ ပညာနဲ့ အုပ်ချုပ်ဖို့ လိုပါတယ်။ အလုံးစုံ ယုံကြည်နိုင်တာကတော့ မြတ်စွာဘုရားပေါ်မှာ အသက်နဲ့လဲပြီး လိုက်နာယုံကြည်နိုင်ပါတယ်။ မြတ်စွာဘုရား တားသမျှကို ရှောင်ကြည်မယ်၊ မြတ်စွာဘုရား ပြောသမျှ လိုက်နာမယ် ဆိုတဲ့ စိတ်ကတော့ အင်မတန်ကိုပဲ အရေးကြီးတဲ့ စိတ်ပါပဲ။ မြတ်စွာဘုရားရဲ့ စကားဟာ တလုံးပဲ ရရ၊ တလုံးပဲ နားထောင် နားထောင် သံသရာက လွတ်ကြောင်းထိကို အမြဲ အကျိုးပေးတဲ့ တရားတော်များ ဖြစ်ပါတယ်။ အဲဒီတော့ အဆိုးကြီးတော့ မဟုတ်သေးပါဘူး။ တရားတော်များဟာ မကွယ်သေးပဲ အများကြီး ရှိနေသေးတာမို့ အားတက်စရာလဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီစကားက မြတ်စွာဘုရားစကားပါလို့ ပြောတိုင်းလဲ ယုံလို့မရပါဘူး။
တရားအားထုတ်လာတဲ့ အခါမှာ ထင်ရှားလာတဲ့ အချက်က တရားတော်တွေဟာ နည်းနည်းလေးမှ အမှားမခံပါဘူး။ ဒီခေတ် ဒီအခါမှာ အားကောင်းနေတာဟာလဲ ကမ္မ သကတာ သမ္မာဒိဋ္ဌိ သာလျှင် အင်မတန် အားကောင်းနေတာ ဖြစ်ပါတယ်။ ဒါကို အကျိုးမရှိဘူးလို့ ပစ်ပယ်တဲ့ သဘောမျိုး ပြောတာမဟုတ်ပဲ။ ဒီလောက်တင်ရပ်မနေပဲ တဆင့်တက်ရင် ပိုအကျိုးများမယ်လို့ ပြောလိုခြင်း ဖြစ်ပါတယ်။ တချို့သော ရဟန်းတော်များဟာ အင်မတန်ကိုပဲ သာသနာပေါ် စေတနာရှိ၊ မြတ်စွာဘုရားပေါ် ယုံကြည်ချက် ခိုင်မာ အားကောင်းပြီး၊ အကျိုးလိုလားကြပေမယ့် ဝိပဿနာ သမ္မာ ဒိဋ္ဌိ ဆိုတာကို သေသေချာချာ နားမလည်ကြ လေတော့ အတ္တဆိုတာ မရှိပါဘူး အနတ္တပါလို့ မြတ်စွာဘုရား အကြိမ်ကြိမ် ဟောပါလျှက်နဲ့ ဒီစကားက ကမ္မ သကတာ သမ္မာဒိဋ္ဌိ ဉာဏ်နဲ့ ငါပဲ အတ္တပဲ ဆိုပြီး တဖက်စွန်းရောက်သွားကြတာ အများကြီးပါ။ အင်မတန်ကိုပဲ ကြောက်စရာ ကောင်းပါတယ်။ သာသနာရဲ့ အကျိုးကျေးဇူးကို အပေါ်ယံလောက်ပဲ ခံစားရပြီး တကယ့် အကျိုးကျေးဇူး ဖြစ်တဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ ဖီလာ ဆန့်ကျင်တွေ စွဲယူထားတော့ တာပါပဲ။ အဲဒီကမှ သူတို့က စေတနာကောင်းနဲ့ပဲ သူတို့ရဲ့ အယူဝါဒကို မြတ်စွာဘုရား အယူဝါဒ ပါဆိုပြီး ရှိသမျှကို တိုက်ခိုက်နေလေတော့ မြတ်စွာဘုရားကို စွပ်စွဲရာလဲ ရောက်၊ ပါတ်ဝန်းကျင်ကိုလဲ သံသရာက မလွတ်အောင် ဆွဲထားတဲ့ တရားတွေ ဖြစ်နေတော့တာပါပဲ။
ရှင်းအောင် ပြောပြရရင် ကံ ကံ၏ အကျိုးဆိုတာဟာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ်လုပ်တာ ကိုယ်ခံရမယ် ဆိုတဲ့ စကားကကျတော့ ကိုယ်ပဲ ပြုတယ်၊ ကိုယ်ပဲ ခံတယ် အမြဲရှိနေတဲ့ ကိုယ်ဆိုတဲ့ သဘော
သဿတဒိဋ္ဌိ ဖြစ်နေတာပါပဲ။ ရုပ်နာမ် ဆိုတာကိုမှ မသိ၊ ရုပ်နာမ်ရဲ့ အမြဲ ဖြစ်ပျက်နေမှုကိုမှ မသိရင်တော့ အဲဒီ ဒိဋ္ဌိကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ကံဆိုတာဟာ ဘာလဲ ဘာကြောင့် ဖြစ်ရတာလဲ၊ ဘယ်လိုကုန်ဆုံးသွားသလဲ ဆိုတာတွေကိုပါ သိဖို့လိုလာပါပြီ။ ဒါကြောင့် အရိယာ တပည့်သား ဖြစ်ဖို့ကလဲ အင်မတန်ပဲ အရေးကြီးပါတယ်။ ကိုယ်လုပ်တာ ကိုယ်ခံရမယ် ဆိုတဲ့ အသိလောက်ကတော့ သာသနာပမှာလဲ ရှိပါတယ်။ အဲဒီတော့ အဲဒီအသိလောက်နဲ့တင် ကျေနပ်မနေသင့်ပါဘူး။ ရှေ့ဆက်ပြီး သိသင့်တာတွေ သိဖို့အတွက် သတိ၊ ပညာနဲ့ လျှောက်လှမ်းဖို့ လိုပါတယ်။ ဒီလိုလျှောက်လှမ်းတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် တာဝန်ယူဖို့၊ ကိုယ့်ရဲ့ သတိ၊ ပညာ ဆိုတဲ့ တရားတွေကလွဲရင် ဘယ်သူကမှ ကိုယ့်ကို တာဝန်ယူနိုင်မှာ မဟုတ်တဲ့ အကြောင်းလဲ သိဖို့လိုပါတယ်။ အဲဒါဟာ အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ စကားပါပဲ။
ဒီခေတ်ကြီးဟာ ကျနော်ပြောခဲ့ဖူးတဲ့အတိုင်း သာသနာကွယ်ဖို့ နီးလာတဲ့ ခေတ်ကြီး ဖြစ်နေပါပြီ။ ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှု အားကောင်းရင်၊ ပညာအားကောင်းရင် သာသနာဟာ ရှေ့ဆက်မှာဖြစ်ပြီး ကျနော်တို့ မကြိုးစားတော့ရင် အားမထုတ်ကြတော့ရင်တော့ သင်္ခါရတရားတွေဟာ ပျက်တတ်တယ် ဆိုတဲ့ သဘောအတိုင်း ပျက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ အပိုပြောနေတာ မဟုတ်ပါဘူး၊ပုံကြီးချဲ့တာ မဟုတ်ပါဘူး။ တကယ်ကိုပဲ လိုအပ်လို့ အရင်းခံအတိုင်း ပြောခြင်း ဖြစ်ပါတယ်။ သံသရာက လွတ်ဖို့ဆိုတာဟာ တကယ်ကို မလွယ်တဲ့ ကိစ္စပါ။ အယူမှား အစွဲလေး တစ်ခုခြင်း စီက သံသရာက မလွတ်နိုင်အောင် တားထားတတ်တယ် ဆိုတာဟာ ကျနော့် ကိုယ်တွေ့ပါ။ ဉပမာ ပါရမီပါမှ အရိယာ ဖြစ်မယ် ဆိုတဲ့ စကားမျိုး၊ ဒီလိုစကားမျိုးက ဥပါဒါန်ဖြစ်နေတာမျိုးပါ။ မြတ်စွာဘုရားက သောတာပန် ဖြစ်ဖို့ အင်္ဂါသည် နှစ်ချက်ပါပဲ။ သစ္စာတရား ကြားနာခြင်းနဲ့ နှလုံးသွင်းမှန်ခြင်းပါပဲလို့ ဟောထားပါလျှက်နဲ့ အဲလို ကြိုးစားရမယ့် လမ်းကို ကိလေသာတွေက ကန့်ကွက်ပါတယ်။ သက်သာရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတာဟာ တစတစ်သွားရတာ ကံကောင်းမှ လွတ်မှာ၊ ပါရမီ ပါမှ လွတ်မှာ၊ လွတ်သွားသမျှဟာ ပါရမီကြောင့် လွတ်သွားတဲ့သူတွေကို ဆည်းကပ်ခြင်းအားဖြင့် လှူဒါန်းခြင်းအားဖြင့်၊ သတိရတဲ့ အခိုက်လောက် သီလလေး ဆောက်တည်လိုက်ခြင်းအားဖြင့် အရိယာတို့ရဲ့ ဂုဏ်သတင်းကိုပဲ အတ္တဒိဋ္ဌိ ကြီးနဲ့ ချီးမွမ်းနေခြင်းအားဖြင့် အလိုလို ပါရမီပြည့်သွားပြီး အလိုလို လွတ်သွားမယ် ဆိုတာမျိုးကိုပဲ သဘောကျ နှစ်ခြိုက်ကြပါတယ်။ တရားနာတာဟာလဲ ပါရမီဖြည့်တာပဲ ဆိုပြီး ဒီစကားကိုပဲ ဟောတဲ့ ဆရာသမား ရဟန်းသံဃာများကိုပဲ ဝိုင်းဝန်းဆည်းကပ်ကြပါတယ်။ စာတတ်ရင်ပဲ အလုံးစုံ ကိစ္စပြီးသယောင်ယောင်နဲ့ ဂုဏ်ဆိုတဲ့ ကိလေသာရဲ့ အကြိုက်ကို အငမ်းမရ လိုက်ကြပါတယ်။
ငွေကြေးဆိုတာ ဂုဏ်ဆိုတာ သံသရာလွတ်ကြောင်းလို့ ကိလေသာရဲ့ ချော့သမျှ သဒ္ဓါတရားတွေ ထက်သန်နေကြတော့တာပါပဲ။ အရိယာများအတွက်ကတော့ တရားတိုင်းမှာ လွတ်မြောက်ရာကို မြင်နေကြတာပါပဲ။ ဉပမာ ပုထုဇဉ်များက ငွေကြေးဆိုတာ ဂုဏ်ဆိုတာဟာ ငါ့ဟာ ဆိုပြီး သိမ်းပိုက်နေပေမယ့် အရိယာများကတော့ ငွေကြေးဆိုတာလဲ အတ္တမဟုတ်၊ ဂုဏ်ဆိုတာဟာလဲ အတ္တမဟုတ် ပိုင်ဆိုင်တယ်ဆိုတဲ့ အထင်ဟာလဲ အတ္တမဟုတ် သဒ္ဓါတရားဆိုတာလဲ အတ္တမဟုတ်ဆိုတာ သိခြင်းကိုက သူ့အတွက် လွတ်ရာ လမ်းဖြစ်နေတာပါပဲ။ အဲဒီတော့ အဲဒီကနေ တဆင့်တက်လိုက်တော့ ဘာရှိသလဲ ဆိုတော့ မိဘကို ဘုရားလို ရိုသေရမယ် ဆိုတဲ့ စကားကို မိဘစကား မြေဝယ်မကျ နားထောင်ရမယ် ဆိုတဲ့ သဘောမျိုး ဘာသာပြန်ပြီး လိုက်နာကြပြန်ပါလေရော။ မိဘကို ရိုသေတဲ့ နေရာမှာတော့ ဘုရားလောက်ပဲ ရိုသေ ရိုသေ ပြသနာမဟုတ်ပါဘူး။ ရိုသေပါ ကောင်းကျိုးဖြစ်ပါတယ်။ ဒါပေမယ့် မိဘသည် ဘုရားပဲ ဆိုတဲ့ အဓိပ္ပါယ်လောက်ထိ လက်လွတ်စပါယ်တွေ ပြောတဲ့အခါမှာတော့ ကောင်းကျိုး ဆိုးကျိုး မသေချာတော့ပါဘူး။ မိဘစကားကို မြေဝယ်မကျ နားထောင်ရမယ်ဆိုတဲ့ စကားလောက်မှာတင် အတော်ကြီးကိုပဲ တရားတော်နဲ့ ဆန့်ကျင်နေပါပြီ။ ရှင်းရှင်းပြောရင် ပိုနားလည် လွယ်မှာမို့ တည့်တည့်ကြီးပြောရရင်တော့ ကလေးမွေးလိုက်တာနဲ့ အရိယာ ဖြစ်မသွားပါဘူး။ အဲဒါကြောင့် မိဘစကား မြေဝယ်မကျ နားထောင်ရမယ် ဆိုတဲ့ စကားဟာ လိုက်နာသင့်တဲ့ စကားမဟုတ်ပါဘူး။
မြတ်စွာဘုရားကလဲ ရိုသေရမယ် ကျေးဇူးဆပ်ရမယ်သာ ဟောခဲ့ပါတယ်၊ ဘာဖြစ်ဖြစ်လိုက်နာလို့ မဟောခဲ့ပါဘူး။ ကိုယ်က မိဘ စကားနဲ့ အရိယာစကားမှာ အရိယာ စကားကို နားထောင်ရမယ် သံသရာက လွတ်အောင် လုပ်ရမယ် ဆိုတဲ့ အသိလောက်မှ မရှိပဲနဲ့ မိဘကို ကျေးဇူးဆပ်နိုင်မှာ မဟုတ်လို့ မိဘ စကား မြေဝယ်မကျ နားထောင်ရမယ် ဆိုတဲ့ စကားမျိုးဟာ ကိုယ့်အတွက်လဲ အကျိုးယုတ်၊ မိဘအတွက်လဲ အကျိုးယုတ်စေတဲ့ စကားမျိုး ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီစကားဟာ မိဘပေါ် ခင်တဲ့ တဏှာရဲ့ အကြိုက်မို့ ပုံပြီးတော့ကို ယုံပစ်လိုက် ကြတော့တာပါပဲ။ ဘုန်းကြီးများကလဲ လိုအပ်ရင် မိဘစကား ပါယ်ရှားပြီး တောထွက်သွားတဲ့ မြတ်စွာဘုရားရဲ့ မျက်နှာကိုမှ မထောက် လှူနေတဲ့ ဒကာ ဒကာမတွေ အကြိုက်လိုက်ပြီး မိဘစကား ပါယ်ရှားလို့ကတော့ ငရဲအပုံလိုက်ကြီးတော့မယ် ဆိုပြီး အာပေါင်အာရင်းသန်သန် ဟောတော့တာပါပဲ။
အသိဉာဏ် မဖွင့်ဖြိုးဘူး ဆိုရင် ကျွန်ပြုခံနေရတာနဲ့ တူတူပါပဲ။ အရိယာ သံဃာများ အင်မတန် နည်းပါးလှတဲ့ ခေတ်မှာ အနှစ်သာရကို နားမလည်တော့တဲ့ ရဟန်းတွေက ငရဲနဲ့ချည်း လှိမ့်ခြောက်ပြီး သူတို့ အနေအစား ချောင်ဖို့ ထင်ရာလုပ်ဖို့ အသိဉာဏ် ကျွန်ပြုထားတာ ခံရသလို၊ မိဘများရဲ့ ကိလေသာတွေရဲ့ ကျွန်ပြုထားခြင်းကိုလဲ ခံနေရတာပါပဲ။ ဒါတွေကနေ ရုန်းထွက်နိုင်ဖို့ဆိုတာဟာ အင်မတန်ကိုပဲ ပညာလိုအပ်ပါတယ်။ အဲဒီတော့ ဒီအတွက်ကလဲ အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ စကားက အရေးကြီး ပြန်တာပါပဲ။ ဒီလိုပြောလို့ ဘယ်မိဘတွေ ဘယ်ရဟန်းတွေလို့ ပြောခြင်းမဟုတ်ပါဘူး။ ဘယ်သူ ဘယ်ဝါ ဆိုတဲ့ သတ္တဝါရဲ့ အပြစ်ဆိုတာမျိုး မမြင်ပဲ တရားတိုင်းဟာ အနတ္တဖြစ်တယ် မိဘတွေ ရဟန်းတွေရဲ့ အပြစ်မဟုတ် ကိလေသာရဲ့ အပြစ်သာ ဖြစ်တယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။ ဆက်ပြောရရင် မိဘ စိတ်ချမ်းသာရင် တသက်မဆင်းရဲဘူး ဆိုတဲ့ စကားမျိုးကိုလဲ ကိလေသာက အလွန်နှစ်သက်ပါတယ်။ ငွေကြေးပိုက်ဆံချမ်းသာမှုကိုပဲ မျှော်လင့်သေသွားတဲ့သူကို တဏှာက သာဓုခေါ်နေမှာပါ။ ဒိဋ္ဌိကလဲ ကျစမ်းဟဲ့ ပရမ်းပတာ ဘေးဆိုပြီး အပါယ်ကို ပို့လိုက်မှာပါ။ ကျနော်တို့မှာ သည်းခံရင် နိဗ္ဗာန်ရောက်ဆိုတဲ့ စကားနဲ့ပဲ ဘာမှန်းတောင်မသိပဲ တသက်လုံးလဲ လူဖြစ်ရှုံး သေတော့လဲ ငရဲကျရ ဆိုတဲ့ သဘောဖြစ်နေတော့တာပါပဲ။
ငါပြောရင် တခွန်းတည်းပြီးတယ် ဆိုပြီး ဂုဏ်ယူနေတဲ့ မိဘကလဲ အတ္တဒိဋ္ဌိကြီးနဲ့ အပါယ်သွား၊ မိဘပြောသမျှ မြေဝယ်မကျဆိုတဲ့ သားသမီးကလဲ အပါယ်သွား၊ စင်ပေါ်ကနေ ငါ့ ဒကာ ဒကာမတွေ အင်မတန်ပဲ ကျေနပ်ကြတယ်ဟဲ့ ဆိုပြီး အသားယူနေတဲ့ ဘုန်းကြီးကလဲ အပါယ်သွား။ တကယ့်ကို ပျော်စရာကြီး ဖြစ်နေတော့တာပါပဲ။ ဒီအဖြစ်အပျက်ထဲမှာ ဘယ်သူ ဘယ်ဝါ ဆိုပြီး အပြစ်တင်စရာ ပုဂ္ဂိုလ် သတ္တဝါကလဲ ရှိမနေပါဘူး။ မှားယွင်းတဲ့ အယူဆိုတဲ့ မိစ္ဆာဒိဋ္ဌိ ကသာလျှင် အားလုံးကို ရှင်တုန်းလဲ နှိပ်စက် သေတော့လဲ အပါယ်ပို့လိုက်တဲ့ သဘောပါပဲ။
အဲဒီတော့ ပြီးခဲ့တာတွေ ဘာမှ မတတ်နိုင်ပါဘူး။ ဘယ်သူ ဘယ်ဝါ ဘယ်လို ဆိုပြီး အပြစ်တင်နေရင်လဲ မိဘကို ရိုသေဆိုတာကို မလိုက်နာမိ၊ ရဟန်းတော်တွေကို စွပ်စွဲခြင်းဆိုတာလဲ ဖြစ်ပြီး မှားသထက် မှားနေဉီးမှာပါပဲ။ အဲဒီတော့ ကိုယ့်အတွက် အကောင်းဆုံးက ဘယ်သူက လူမိုက်လဲ၊ ဘယ်သူက ပညာရှိလဲ ဘယ်သူ့စကားကို နားထောင်သင့်လဲ စဉ်းစားဖို့ လိုပါတယ်။ လောလောဆယ် လက်တွေ့ကျကျ ကိုယ်တိုင် သိတဲ့ အကျိုးရှိစေမယ့် ဆရာကတော့ မိုးကုတ်ဆရာတော်ကြီးပါပဲ။ တခြားတပါးသော ဆရာတော်များရဲ့ ကိလေသာ တိုးစေကြောင်း တရားတွေထက် မိုးကုတ်ဆရာတော်ကြီး တရားတွေကို နာဖြစ်အောင် နာကြပါ။ ကိုယ်က မိဘဆိုရင်လဲ သားသမီးတွေကို ပညာရဲ့ တန်ဖိုးအကြောင်း မိဘစကားကို မြေဝယ်မကျ နားထောင်ဖို့ မလိုကြောင်း၊ ကိုယ့်ရဲ့ ပညာကသာ ကိုယ့်ရဲ့ ရှေ့ရေးကို ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် မိဘကို အားကိုးမနေပဲ ကိုယ့်အားကိုယ်ကိုး ဖို့လိုကြောင်း မြတ်စွာဘုရားရဲ့ တရားတော်များ အတိုင်း တိတိကျကျ သင်ပေးဖို့လိုပါတယ်။ အဲလိုပဲ သားသမီးပေါ် ခင်တွယ်မှုတွေလဲ လျော့ဖို့လိုပါတယ်။ သားသမီးကို စောင့်ရှောက်တာ ကောင်းပါတယ်။ စီမံခန့်ခွဲတာ မကောင်းပါဘူး။ အနတ္တဆိုတာကို ကိုယ်လဲ နားလည် ကိုယ့်သားသမီးလဲ နားလည်အောင် လုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။
အဲဒီတော့ အနှစ်ချုပ်အနေနဲ့ ပြောရရင်တော့ မိမိအတွက် ဘယ်သူကမှ တာဝန်မရှိ၊ ဘယ်သူ့ကိုမှ အပြစ်မတင်ပဲ အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ အတိုင်း၊ မိမိကိုယ် မိမိ တာဝန်အပြည့်အဝ ယူဖို့ကိုပဲ စိတ်ဆုံးဖြတ် စေလိုပါတယ်။ အနတ္တလို့ ပြောထားပါလျှက်နဲ့ လူစွမ်းကောင်းကြီးလုပ်ပြီး သူတပါးကို တာဝန်ယူဖို့လဲ မစဉ်းစားပါနဲ့။ မိမိမှန်ကန်စွာ သိမြင်မှု ဖြစ်လာတာနဲ့ အနည်းဆုံး ကိုယ့်ရဲ့သီလ ပညာကြောင့် ပါတ်ဝန်းကျင်ဆိုတာဟာလဲ ကျွဲကူးရေးပါ သင့်သလို အကျိုးဖြစ်မယ် ဆိုတာကို ယုံကြည်ထားပါ။ တရားအားထုတ်တယ် ဆိုတာဟာ တဏှာအလိုကို လိုက်တာမဟုတ်တဲ့အတွက် တဏှာနဲ့ မျှော်လင့်သလိုမျိုး တရားအားထုတ်တာနဲ့ ထီတွေပေါက် ဂုဏ်တွေရှိဆိုတာမျိုးလဲ လုံးဝ မမျှော်လင့်မိပါစေနဲ့။ သမုဒယ သစ္စာဖြစ်တဲ့ တဏှာဟာ ဒုက္ခသစ္စာကိုသာ တိုးပွားစေတယ်၊ မဂ်ဖိုလ် နိဗ္ဗာန်ကိုတော့ ကန့်ကွက်တယ် ဆိုတာကိုလဲ သတိထားတော်မူကြပါ။ ပညာဓိက မြတ်စွာဘုရားရဲ့ သာသနာတော်မှာ ပညာနဲ့ ဝေဖန်ကြပါ။ ပညာရဖို့အတွက်လဲ ကြိုးစားတော်မူကြပါ။ နာရတဲ့တရားတိုင်းကိုလဲ ပုံပြီး မယုံကြပါနဲ့။ ကိုယ့်အတွက် ကိုယ့်မှာ အပြည့်အဝ တာဝန်ရှိနေပါတယ် ဆိုတာ သတိပေးရင်းပဲ နိဂုံးချုပ်ပါရစေ။ ကျေးဇူးတင်ပါတယ်။


Leave a Reply