အတိတ်က အမှားတွေအတွက် နောင်တရနေတာ၊ အနာဂတ်အတွက် ကြောက်ရွံ့နေတာတွေဟာ တကယ်တော့ ငါဆိုတာရှိတယ်၊ အတိတ်ဆိုတာ လက်ရှိမှာ ရှိနေတယ်လို့ ကြောင်တောင်ကန်း ယူဆထားတဲ့ မောဟ ကြောင့်သာ ဖြစ်နေတာပါ။ တနည်းအားဖြင့် တရားတွေရဲ့ အကြောင်းအကျိုး ဖြစ်စဉ် သဘောတွေကို သေချာ မမြင်လို့ပါပဲ။

အဲဒီအချိန်တုန်းက အကြောင်းတိုက်ဆိုင်လို့ အဲဒီလို အကျိုးတရား ဖြစ်ပေါ်ခဲ့တာပါ။ အခုလဲ မရှိတော့သလို “ငါ” ဆိုတဲ့ ပုဂ္ဂိုလ်က ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ အမှန်တရားကို မသိတဲ့ မောဟ ဆိုတဲ့ ကိလေသာ အပါအဝင် ဆယ်ပါးကြောင့်သာ ဆင်းရဲဒုက္ခတွေ ဖြစ်ခဲ့ရတာပါ။ “ငါ” မရှိဘူးလို့ ရှင်းရှင်းလင်းလင်း သိလိုက်တာနဲ့ ကြောက်စိတ်၊ အပြစ်ရှိစိတ်တွေက ငါ့ကြောက်စိတ်၊ ငါ့အပြစ်ရှိစိတ်တွေ မဟုတ်တော့ဘူးဆိုတာကို နားလည်ပြီး လိုက်ပါ။ ငါမရှိတဲ့နော် ငါ့အပြစ်ဆိုတာလဲ မဟုတ်ပါဘူး။ မိုးလောက်ကြီးတဲ့ အပြစ်ဖြစ်ဖြစ် သံသရာမှာ မထူးခြား ရုပ်နာမ် ဖြစ်စဉ်သက်သက်သာ ဆိုတာထက် မပိုပါဘူး။ သံသရာမှာ အမိလဲ သတ်ဖူး၊ အဖလဲ သတ်ဖူး တဲ့ သူတွေချည်းပါပဲ ရှည်လျားလွန်းတဲ့ အစမထင်တဲ့ သံသရာမှာ မလုပ်ဖူးဘူးလို့ ပြောလို့မရပါဘူး။ သံသရာမှာ လည်နေသ၍လဲ အဲလိုအပြစ်တွေကို နောက်ထပ် တဘဝမဟုတ် တဘဝမှာ ကျုးလွန်မိကြဦးမှာပါပဲ။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ့်အစား ဖြစ်ပြီးသား အကြောင်းအကျိုးတွေကို အရှိအတိုင်း လက်ခံပြီး လွှတ်ချလိုက်ဖို့ အချိန်တန်ပါပြီ။

ပြီးဆုံးသွားတဲ့ အကြောင်းအကျိုးဟောင်းတွေကို ပြန်တွေးပြီး လက်ရှိအချိန်လေးမှာ အနတ္တကို နားလည်အောင် ကြိုးစားခွင့်၊ သံသရာလွတ်ကြောင်း ကြိုးစားခွင့် ကို အလွတ်ခံနေဦးမှာလား?


Leave a Reply

Your email address will not be published. Required fields are marked *