တကယ်တော့ ပထမ မဂ်က မခက်ပါဘူး။ သူ့ အဆင့်အတိုင်း သေချာ လုပ်သွားရင် ရကို ရပါတယ်။ ဉာဏ်ထက် တဲ့သူဆိုရင် ခုနှစ်ရက်၊ ဉာဏ်အလယ်အလတ်ဆို ခုနှစ်လ၊ ဉာဏ်နုံရင် ခုနှစ်နှစ်လို့ ပြောထားပါတယ်။ ကျနော့် အတွက်တော့ ၆ နှစ်လောက် ကြိုးစားရပါတယ်။ ၆ နှစ်လုံး တခြားအလုပ် မလုပ်ဘဲ တရားနာတာ တရား အားထုတ် တာ တမျိုးတည်းလုပ်ခဲ့တာပါ။ အဲဒီတော့ လုပ်မယ် ဆိုရင် လုပ်လို့ရပါတယ်။ အရမ်း အထူး အဆန်းကြီး မဟုတ်ပါဘူး။
ရှင်းရှင်းပြောရရင် သတ္တဝါ (အတ္တ) ဆိုတာက ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဘယ်လိုမှလဲ ရှိလို့မရပါဘူး။ အဓိပ္ပါယ်လဲ မရှိပါဘူး။ အဲဒါကို မသိပဲ ငါ သူ ယူ လိုက်တဲ့အခါ၊ ငါရဲ့ နောက်မှာ ငါ့မိသားစု၊ ငါပိုက်ဆံ၊ ငါ့နိုင်ငံ၊ ငါ့ကမ္ဘာ စသဖြင့် ငါရဲ့ နောက်မှာ ငါ့ဥစ္စာ ဆိုတာတွေ လိုက်နေတာပါ။ ဒါတွေ အားလုံးက တကယ်တော့ ကာမဏုဏ် အာရုံတွေပါ။ ကာမ လို့ပြောရင် သံဝါသ တခုတည်းမဟုတ်ပါဘူး။ ကာမနယ်က အင်မတန် ကျယ်ပါတယ်။ တိုင်းပြည်ဆိုတာလဲ ကာမ ပါပဲ။ ပိုက်ဆံ ဆိုတာလဲ ကာမပါပဲ။ ကာမ ဆိုတာက ကာမဂုဏ် အာရုံ အားလုံးကို ခေါ်ပါတယ်။ အဲဒီတော့ ပြသနာက ငါဆိုတာ ရှိတယ်လို့ပဲ ပြတ်ပြတ်သားသား ထင်ပြီး ကိုယ်လိုချင် တဲ့ ကာမဂုဏ် အာရုံကို ရတယ်လို့ ထင်ပါတယ်။ အဲလို ရရင်ဖြင့် သုခ ပဲ၊ လိုချင်တာရတာဟာ ချမ်းသာပဲ လို့ ထင်ပါတယ်။ အဲဒီအတွက် လိုချင်တာရဖို့ ကိုပဲ ဦးတည်ပြီး အဲဒီအတွက် ငါးပါးသီလ ဖောက်ရမယ် ဆိုရင် လွယ်လွယ်လေး ဖောက်တော့ တာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဘုရားပေါ် တရားပေါ်မှာ တကယ် ယုံကြည်မှု မရှိလို့ လို့ပဲ ပြောရပါမယ်။ အဲဒါဟာ မဂ်ကျမှသာ ဖြစ်တဲ့ သဒ္ဓါဗိုလ် လိုအပ်နေမှုပါ။ တကယ် သဒ္ဓါ (ယုံကြည်မှု) ရှီလာတဲ့ အခါမှာ ကိုယ့် လက်ရှိစားဝတ်နေရေးအတွက် ငါးပါးသီလ ချိုးဖောက်ပြီး အလုပ်မလုပ်တော့ ပါဘူး။ အသက်မွေးမှုလဲ စင်ကြယ်သွားပါတယ်။
အဲဒီတော့ လုပ်ရမှာက အနိစ္စ နဲ့ အနတ္တ နှစ်ခုတည်းကိုပဲ ပထမ နားလည်ရမယ်။ ပြီးရင် ခန္ဓာမှာ တိုက်စစ်ကြည့် ရမယ်။ ဒီနှစ်မျိုးပဲ လုပ်ရမှာပါ။ ပထမ နားလည်မှု အတွက် ရုပ်နာမ် ခွဲခြားသိမှုကနေပြီးတော့ စတင်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အကြောင်းအကျိုးကို နားလည်ဖို့ ကြိုးစားရပါမယ်။ အဲဒီနောက်မှာတော့ ဖြစ်ပြီး ပျက် နေတာကို မြင်အောင် ကြည့်ဖို့ပါပဲ။ ဒီလို ကြည့်တဲ့ နေရာမှာ ရုပ်ကိုပဲ ကြည့်ကြည့်၊ ဝေဒနာ၊ ဝိဉာဏ်၊ သညာ၊ သင်္ခါရ ကိုပဲ ကြည့်ကြည့် တမျိုးကို ရွေးပြီး ကြည့်ရပါမယ်။ ကျနော်ကတော့ စိတ်ကို ရှုတယ် ဆိုတော့ ဝိဉာဏ်ကို ဖြစ်ပျက် ရှုခဲ့တာပါ။ ဖြစ်ပျက် ရှု တဲ့အခါမှာ အပျက်ကို သိအောင် လုပ်ပြီး၊ အပျက်ဟာ မှန်တယ်လို့ ဆုံးဖြတ်ရ မှာပါ။ ဖြစ်ပျက်ရှုတာကတော့ အတော်များများ သိပြီးသား ဖြစ်မှာပါ။ အရင်လဲ ရေးခဲ့ပြီးပါပြီ။
အဲဒီတော့ အခုထိက အနိစ္စကို ရှုတဲ့ နည်းပါ။ အဲဒီကနေမှ အနတ္ဆကို နားလည် သွားတာမျိုးလဲ ရှိပါတယ်။ အနိစ္စ အားသန်တဲ့သူဆို အနိစ္စနဲ့ တရားရတတ်ပါတယ်။ ကျနော်ကတော့ အနတ္တ နဲ့ တရားရခဲ့တာပါ။ အဲဒီတော့ အနတ္တ ဆိုတာနဲ့ ပါတ်သက်ပြီး သိဖို့က အကြောင်း အကျိုး ဆိုတာကို သိဖို့ လိုပါတယ်။ ရှင်သာရိပုတ္တရာ ဆို ဖြစ်သမျှ အကျိုးတရားတွေဟာ အကြောင်းတရားကို အရင်းခံတယ် ဆိုတဲ့ စကားနဲ့တင် အနတ္တကို သဘောပေါက်သွား တာပါ။ ဘာကြောင့်လဲ ဆိုတော့ ရုပ်၊ နာမ် ဆိုတာဟာ ခွဲခြမ်း စိတ်ဖြာလိုက်ရင် နောက်ဆုံးမှာ တရားတွေချည်း ဖြစ်နေလို့ပါ။ ဥပမာ လောဘ (လိုချင်ခြင်းတရား)၊ ဒေါသ (ပျက်စီးစေလိုသောတရား)၊ မောဟ (တွေဝေ မိုက်မဲခြင်းတရား)၊ သမ္မာဒိဋ္ဌိ (အမှန်မြင်ခြင်းတရား)၊ ဝီရိယ (အားထုတ်မှု တရား)၊ စသဖြင့် ဖြစ်ပျက်နေသမျှတွေ ဟာ တရားတွေချည်းပါပဲ။ အဲဒီနေရာမှာ လောဘ ဆိုတဲ့ တရားဟာ သူ့လောဘ ငါ့လောဘ ဆိုပြီး မကွဲပါဘူး။ လိုချင်ခြင်းတရား တူတူပါပဲ။ အဲဒါကြောင့်လဲ ယောက်ျားတွေ မိန်းမတွေ ငါတွေ သူတွေ မဟုတ် တူညီသော တရားများ (ရုပ်တရား၊ နာမ်တရား များ) ဖြစ်ပျက်နေခြင်းသာ ဆိုတာကို သဘောပေါက်ဖို့ပါပဲ။ အဲလို ဖြစ်တဲ့ အခါမှာလဲ အကြောင်း အကျိုး အတိုင်း ဖြစ်နေတာပါ။ အဲဒီနေရာမှာ ခန္ဓာဖြစ်စဉ်ကို သိဖို့ကတော့ ပဋိစ္စ သမုပါဒ်နဲ့ ခန္ဓာနဲ့ တိုက်ကြည့်ရပါတယ်။ စိတ်တွေဟာ ကိုယ်လုပ်လို့ ဖြစ်နေတာလား၊ ဒါမှမဟုတ် အကြောင်းအကျိုး ဘယ်လို အကျိုးပေးနဲ့ ဖြစ်နေတာလဲ ဆိုတာကို သိဖို့ အတွက်ကတော့ ပဋ္ဌာန်းကို မြန်မာပြန် လေ့လာ ဖို့လိုပါတယ်။ ပဋ္ဌာန်းအကျိုးပေးတွေ ၂၄ မျိုးရှိပြီး အဲဒါကိုလဲ သေသေချာချာ ဖတ်ဖို့ လိုပါတယ်။ ဖြစ်တဲ့ ရုပ်တရား နာမ်တရားတွေ ဘယ်လို ဘာကြောင့် ဖြစ်လာလဲ ဆိုတဲ့ အကြောင်း အကျိုးကို သေသေချာချာ သိအောင် လုပ်ဖို့ လိုပါတယ်။ အကြောင်းအကျိုးတွေကို သိလာရင် တရား အကြောင်းအကျိုးသာ လျှင် ရှိတယ်. ယောက်ျားတွေ မိန်းမတွေ ငါတွေ သူတွေ ဆိုတာ မရှိဘူးဆိုတာ သဘောပေါက် ဖို့ပါပဲ။ အဲလို သဘောပေါက်မှု သည်လည်း တရားနာခြင်း စာဖတ်ခြင်း အကြောင်းကြောင့် ဖြစ်တယ် (တနည်း အာရုံ ဒွါရ တိုက်ခြင်းကြောင့် ဖြစ်တယ်) ဆိုတာကို သေသေချာချာ နားလည်ဖို့ လိုပါတယ်။ သိမှု သည်ပင်လျှင် နာမ်ခန္ဓာပဲ (ဝိဉာဏ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ) ဆိုတာကို သဘောပေါက်သွားတဲ့ထိ ငါဆိုတာ လုံးလုံး မရှိပါလား ဆိုတာကို သေသေချာချာ သိတဲ့ထိ ဆင်ခြင်ရမှာပါ။ ဒီနေရာမှာလဲ ခန္ဓာနဲ့ တိုက်ဆင်ခြင်ပြီး မှန်တာကို အမှန်ပဲလို့ ဆုံးဖြတ်ချက် ချရတာပါပဲ။ ဒါဆိုရင် အနတ္တ ဆိုတာကို နားလည်သွားမှာပါ။
အဲဒီတော့ တရားနည်းလမ်းတွေ ရှုပ်နေတယ် ဆိုတဲ့ သူတွေကို ဉာဏ်စဉ် ၁၆ ပါး ဖတ်စေချင်ပါတယ်။ ပြီးရင်တော့ ကိုယ် ဘယ်ဉာဏ်ရောက်နေပြီလဲ ဆိုတာ ဆင်ခြင်ပါ။ လိုအပ်ရင် ပထမဆုံး ဉာဏ်ဖြစ်တဲ့ နာမရူပ ဉာဏ် (ရုပ် နာမ်ခွဲသိသောဉာဏ်) ကိုရော သေသေချာချာ သိပြီလား စမ်းစစ်ပါ။ ကျနော်ပြောတဲ့ အကြောင်း အကျိုး ဆိုတာက အကြောင်းအကျိုးကို သိမ်းဆည်းသိသော ဉာဏ်အတွက်ပါ။ ဒီ အခြေခံ ဉာဏ်နှစ်ခုက အဓိက ကျပါတယ်။ မရသေးဘူး ဆိုရင် လုံလောက်အောင် ကြိုးစားပါ။ ပဌာန်း မြန်မာပြန်လဲ ဖတ်ပါ။ မရှင်းတာ ရှိလဲ မေးပါ။ ကျေးဇူးတင်ပါတယ်။


Leave a Reply