သေရင် နောက်ဘဝရှိတယ်လို့ ယုံကြည်တာဟာ တကယ်တော့ (Dogma) လို့ခေါ်တဲ့ မျက်လုံးမှိတ် ယုံကြည်ခြင်းကို လက်ခံထားရခြင်းတစ်မျိုးပါပဲ။ ဒါပေမယ့် ဒီနေရာမှာ ပြင်းထန်တဲ့ မျက်လုံးမှိတ်ယုံကြည်ခြင်းကြီးသက်သက်လို့တော့ ပုံသေကားချပ် ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သေပြီးရင် နောက်ထပ်ဘဝတွေ ထပ်ဖြစ်တယ်ဆိုတာနဲ့ ပတ်သက်လို့ အနီးစပ်ဆုံးအနေနဲ့ လူဝင်စားဆိုတဲ့ သက်သေပြမှုတွေဟာ အနောက်နိုင်ငံတွေမှာရော အရှေ့တိုင်းမှာပါ အထောက်အထား သဘောမျိုး ရှိနေပြီမို့လို့ပဲ ဖြစ်ပါတယ်။

အချက်အလက်တွေအရပဲ ကြည့်မယ်ဆိုရင် သေပြီးနောက် နောက်ထပ် ဘဝရှိတယ်ဆိုတဲ့နေရာမှာ သေပြီးနောက်မှာ “လူပြန်ဖြစ်တယ်” ဆိုတာလောက်အထိတော့ ကျွန်တော်တို့ အချက်အလက်အနေနဲ့ လက်ခံလို့ ရပါတယ်။ သို့သော် သေပြီး တိရိစ္ဆာန်ဖြစ်တယ် ဆိုတာကိုတော့ တိရိစ္ဆာန်တွေက စကားမပြောတတ်တဲ့အတွက် ခိုင်လုံတဲ့ အချက်အလက်အနေနဲ့ လက်ခံလို့ မရပါဘူး။ ဒါပေမယ့် မသေခင်မှာ ကောင်းတာတွေချည်း လုပ်တဲ့သူနဲ့ မသေခင်မှာ ဆိုးတာတွေချည်း လုပ်တဲ့သူ နှစ်ယောက်ကြားမှာတော့ ကွာခြားမှုရှိမယ်။ မသေခင် ကောင်းတာ လုပ်တဲ့သူကတော့ လူဖြစ်စေ၊ နတ်ဖြစ်စေ (ပိဋကတ်တော်မှာ နတ်ဆိုတာနဲ့ ပတ်သက်လို့ အခိုင်အမာရှိတဲ့အတွက်) ရောက်မယ်လို့ လက်ခံလို့ရပြီး၊ မကောင်းတာ အလုပ်များတဲ့သူကတော့ တိရိစ္ဆာန်ဖြစ်မယ်၊ ဒီထက်ဆိုးရင် ပြိတ္တာ၊ ငရဲ ကျနိုင်တယ်လို့ ယေဘုယျအားဖြင့် ယူဆလို့ရပါတယ်။

ဒါပေမယ့် သေချာ စဉ်းစားကြည့်ပါ။ ဒီအတွေးအခေါ် ကိုယ်တိုင်ကလည်း လောကကြီးမှာ လူတွေကို မသေခင်မှာ မကောင်းတာတွေ မလုပ်ဖြစ်အောင်၊ ကောင်းတာတွေပဲ လုပ်ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူ့အဖွဲ့အစည်း အဆင်ပြေအောင် တည်ဆောက်ပေးထားတဲ့ သဘောတရားတစ်ခုသာ ဖြစ်နေပါတယ်။ ပိဋကတ်တော်လာ မြတ်စွာဘုရားရဲ့ အယူဝါဒစစ်စစ် မဟုတ်ပါဘူး။ မြတ်စွာဘုရားရဲ့ အယူဝါဒ အစစ်အမှန်ကတော့ မသေခင် ကောင်းတာတွေချည်း လုပ်တဲ့သူလည်း သေတဲ့အခါ သုဂတိ (လူ့ပြည်၊ နတ်ပြည်) သို့မဟုတ် ဒုက္ခတိ (တိရိစ္ဆာန်၊ ပြိတ္တာ၊ ငရဲ) ကျရောက်နိုင်ပြီး၊ မသေခင် မကောင်းတာတွေချည်း လုပ်တဲ့သူကလည်း သေတဲ့အခါ သုဂတိ သို့မဟုတ် ဒုက္ခတိ ကျရောက်နိုင်တာ ဖြစ်လို့ပါပဲ။ ဒီတော့ ဒီနှစ်ခုအကြားမှာ တကယ်တမ်းကျတော့ ခြားနားချက်ဆိုတာ သိပ်မရှိပါဘူး။

ဘာကြောင့် ဒီလိုဖြစ်ရသလဲ။ ဘာကြောင့် ဘုရားက ကောင်းတာလုပ်လည်း ငရဲကျနိုင်တယ်၊ မကောင်းတာလုပ်လည်း နတ်ပြည်တက်နိုင်တယ်လို့ ဟောရသလဲဆိုတော့ “သံသရာ” ဆိုတာကြီး ရှိနေလို့ပါပဲ။ သေရင် နောက်ဘဝ ရှိတယ်ဆိုတာကို လက်ခံရင်၊ ဒီဘဝ မစခင်မှာလည်း အရင်ဘဝက သေခဲ့တယ်ဆိုတာကို မလွဲမသွေ လက်ခံရမှာပါ။ အရင်ဘဝဆိုတာက အရေအတွက် ဘယ်လောက်များလဲဆိုရင် မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်နဲ့ ဘုရားဖြစ်စကနေ ပရိနိဗ္ဗာန်ပြုတဲ့အထိ ထိုင်ရေတွက်နေမယ် ဆိုရင်တောင် မပြီးနိုင်တဲ့အထိ အရင်ဘဝတွေဆိုတာက အင်မတန် များပြားလှပါတယ်။

ယခုခေတ်မှာ တချို့သော ရဟန်းတွေက လောကကို ဆုံးမမယ်ဆိုပြီး “ကောင်းတာလုပ်ရင် နတ်ပြည်ရောက်မယ်၊ လူပြည်ပြန်ရောက်မယ်၊ မကောင်းတာလုပ်ရင် ငရဲပြည်ရောက်မယ်၊ တိရိစ္ဆာန်ဖြစ်မယ်၊ ပြိတ္တာဖြစ်မယ်” ဆိုတဲ့ စကားက အကြွင်းမဲ့ မမှန်ပါဘူး။ ဗုဒ္ဓဘာသာက လောကီ အကျိုးစီးပွားကောင်းအောင်၊ လောကမှာရှိတဲ့ လူတွေကို သူတို့ကောင်းတယ်လို့ သတ်မှတ်တဲ့အရာတွေကို မဖြစ်မနေ လုပ်အောင်၊ သူတို့ကောင်းတယ်လို့ သတ်မှတ်တဲ့အရာတွေကို မလုပ်ရင် စိတ်မသက်မသာ ဖြစ်အောင် ဖန်တီးပြောကြားထားတဲ့ သဘောသာ ဖြစ်ပါတယ်။ ဒါဟာ တိကျတဲ့၊ သေချာတဲ့ အမှန်တရားတစ်ခု မဟုတ်ဘူးဆိုတာကို အလေးအနက်ထားပြီး နားလည်ဖို့ လိုပါတယ်။ ဘုန်းကြီးတွေရဲ့ မျက်ကန်းယုံကြည်မှုနဲ့ သူတို့ သတ်မှတ်ချက် ကောင်းမှု၊ ဆိုးမှုကို လက်ခံအောင်လုပ်တဲ့ ဦးနှောက်ဆေးကြောခြင်း (Brainwashing) ကနေ လွတ်မြောက်ဖို့အတွက် ကိုယ်တိုင် အမှားအမှန်က ဘာလဲဆိုတာကို ပိဋကတ်တော်ကို ကိုယ်တိုင်ဖတ်၊ ကိုယ်တိုင် နားလည်အောင်လုပ်ဖို့က အလွန် အရေးကြီးပါတယ်။

သံသရာဆိုတာနဲ့ ဆက်စပ်ပြီး သူတို့ပြောတဲ့ ကောင်းတာလုပ်ရင် သုဂတိ မလွဲမသွေ ရောက်မယ်၊ မကောင်းတာလုပ်ရင် ဒုက္ခတိ မလွဲမသွေကျမယ် ဆိုတာက မှားယွင်းတဲ့အကြောင်း ဆက်ကြည့်ရအောင်ပါ။

ဒါဟာ သတင်းကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ ကိုယ်ဟာ ပုထုဇဉ်ဆိုရင် တစ်အချက်အနေနဲ့ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ ဖြတ်သန်းလာခဲ့တဲ့ ဘဝတွေမှာ ကိုယ်ဟာ “ပုထုဇဉ် ဘဝ” နဲ့ပဲ ဖြတ်သန်းလာခဲ့တယ် ဆိုတာကို ပထမဆုံး အသိအမှတ်ပြုရပါမယ်။ နောက်တစ်ချက်ကတော့ သံသရာမှာ ဘုရားပွင့်ပြီး ကောင်းမှု၊ မကောင်းမှုကို သေသေချာချာ နားလည်လိုက်နာတဲ့ ဘဝက အင်မတန် နည်းပြီး၊ ကောင်းမှု မကောင်းမှုဆိုတာ ဘာလဲ သေသေချာချာ မသိဘဲ ကိုယ့်ရဲ့ ရှင်သန်ရာ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်မှုအတိုင်း လိုက်လုပ်ကြရတဲ့ “သာသနာပ” ဆိုတဲ့ အခြေအနေတွေက ပိုပြီးများတယ် ဆိုတာကို အသိအမှတ်ပြုရမှာမို့ပါ။

ကောင်းမှုက သုဂတိ အကျိုးကို ပေးတယ်၊ မကောင်းမှုက ဒုက္ခတိ အကျိုးကို ပေးတယ်ဆိုတာကတော့ မမှားပါဘူး။ ဒါပေမယ့် မှားတာက သေခါနီးအချိန်မှာ အခုဘဝ တစ်ခုတည်းမှာပဲ လုပ်ခဲ့တဲ့ ကောင်းမှု၊ မကောင်းမှုတွေနဲ့ပဲ နောက်ဘဝကို ဆုံးဖြတ်တာ မဟုတ်ဘဲ၊ မရေမတွက်နိုင်တဲ့ အရင့်အရင် ဘဝတွေအားလုံးမှာ လုပ်ခဲ့တဲ့ ကောင်းမှု၊ မကောင်းမှု အားလုံးထဲကမှ အကျိုးပေးခွင့် သင့်ရာ ကောင်းမှု သို့မဟုတ် မကောင်းမှုက ဝင်ပြီး ဆုံးဖြတ်ပေးသွားမှာမို့ပါပဲ။

ဒီဘဝ မတိုင်ခင် ဘဝပေါင်းများစွာမှာ ကိုယ်ဟာ ပုထုဇဉ်ဘဝနဲ့ ဖြတ်သန်းခဲ့တာဆိုတော့၊ ဒီဘဝမှာ အင်မတန် လိမ္မာတယ်၊ ကောင်းမှုတွေချည်း လုပ်တယ်ပဲ ထားဦးတော့။ ပြီးခဲ့တဲ့ သံသရာ၊ ဒီဘဝ အပါအဝင် အားလုံးကို စုပေါင်းပြီး ယေဘုယျ ချကြည့်လိုက်တဲ့အခါမှာ ပုထုဇဉ်သဘာဝ မရှောင်နိုင်လို့ ဖြစ်ခဲ့တဲ့ မကောင်းမှုတွေက ပုထုဇဉ်ဘဝမှာ အဆုံးအမရလို့ လုပ်ခဲ့တဲ့ ကောင်းမှု အရေအတွက်နဲ့ နှိုင်းယှဉ်ရင် ဧဝရက်တောင်နဲ့ ဇီးသီးစေ့လောက် ကွာဟနေလို့ပါပဲ။ ဖြတ်သန်းခဲ့ရသမျှ သံသရာကို ခြုံကြည့်ရင် မကောင်းမှု အရေအတွက်က ဧဝရက်တောင်မှာ ရှိသမျှသော အက်တမ် အရေအတွက် ပမာဏလောက် ရှိပြီး၊ ကောင်းမှု အရေအတွက်ကတော့ ဇီးသီးစေ့မှာ ပါတဲ့ အက်တမ် အရေအတွက်လောက်သာ ရှိတာမို့ပါ။ ဒီဘဝ တစ်လျှောက်လုံး ကောင်းအောင်နေတယ်၊ ကောင်းအောင်လုပ်တယ်၊ ကောင်းမှုတွေချည်းပဲ မွေးကတည်းက ပွားများတယ်ဆိုလည်း ဇီးသီးစေ့က ဘယ်လောက်မှ ပိုထူးပြီး ကြီးလာမှာ မဟုတ်ပါဘူး။

သေခါနီးမှာ ကိုယ့်ကို အပါယ်ချမယ့်၊ မကောင်းတဲ့ ဘဝကိုပို့မယ့် သံသရာ အဆက်ဆက် ကျူးလွန်ခဲ့တဲ့ မကောင်းမှု အရေအတွက်က ဧဝရက်တောင်လောက် ရှိနေပြီး၊ ကိုယ့်ကို သုဂတိ အကျိုးပေးနိုင်မယ့် ကောင်းမှု အရေအတွက်ကတော့ ဇီးသီးစေ့လောက်သာ ရှိနေလေတော့ ယေဘုယျအားဖြင့် မကောင်းတဲ့ဘဝကို အရောက်များနိုင်သလား၊ ကောင်းတဲ့ဘဝကို အရောက်များနိုင်သလား ဆိုတာကို စဉ်းစားကြည့်ပါ။ တစ်နေ့တစ်နေ့ လူ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ ငရဲ၊ နတ်၊ ဗြဟ္မာ ပုထုဇဉ်တွေ သိန်းချီ သန်းချီပြီး သေနေကြတဲ့အထဲမှာမှ ကောင်းရာကို ရောက်သွားတာ၊ သေပြီးနောက် လူပြန်ဖြစ်တာ၊ နတ်ဖြစ်သွားတာဆိုတာတွေက အင်မတန် နည်းပါတယ်။ မရှိတာတော့ မဟုတ်ပါဘူး။ လူပေါင်း သန်းနဲ့ချီ ဝိုင်းထိုးကြတဲ့ ထီဆုကြီးတစ်ခု ပေါက်သလို အလွန့်အလွန် အလျဉ်းသင့်လွန်းလို့သာ သုဂတိရောက်တဲ့သူ ရှိနေတာ ဖြစ်ပါတယ်။ (ဒါကြောင့်လည်း မြတ်စွာဘုရားက သုဂတိရောက်သူ အရေအတွက်က လက်သည်းခွံပေါ်က မြေမှုန်လောက်သာရှိပြီး၊ ဒုက္ခတိ ရောက်သူက ပထဝီမြေကြီးလောက် ရှိတယ်လို့ ဟောတာ ဖြစ်ပါတယ်။)

ဒီနေရာမှာ တချို့က လူ့ပြည်မှာ လူလာဖြစ်ရတာဟာ ကောင်းမှုတွေ တတ်နိုင်သလောက် များများလုပ်ဖို့၊ လူ့ဘဝရဲ့ အဓိပ္ပာယ်က ဒါန၊ သီလတွေ စုနိုင်သလောက် စုဖို့ပဲ၊ သေရင် ကိုယ့်နောက် ဒါပဲပါမှာ ဆိုတာက မှားသလားဆိုရင် ဇီးသီးစေ့ ပိုကြီးအောင် လုပ်ဖို့ ပြောနေသလိုပါပဲ။ သေခါနီး ဇီးသီးစေ့နဲ့ ဧဝရက်တောင် နှစ်ခုယှဉ်ပြီး အကျိုးပေးခွင့်ရဖို့ ကြိုးစားကြတဲ့နေရာမှာ ဇီးသီးစေ့က နိုင်သွားရင်တော့ ဒီဘဝ လုပ်ခဲ့သမျှ ကောင်းမှုတွေရဲ့ အကျိုးပေးမှုကို ခံစားရမှာပါ။ ဒါပေမယ့် သံသရာမှာ အမြဲလိုလို အကျိုးပေးနေတာကတော့ ဧဝရက်တောင်လောက်ရှိတဲ့ အပါယ်ကျစေမယ့် မကောင်းမှုတွေချည်းပါပဲ။

ဒီလို အပါယ်ကျတယ်ဆိုတဲ့ ကိစ္စက ဘဝတိုင်းမှာ အကောင်းတွေချည်း၊ ကောင်းမှုတွေချည်း လုပ်ပါတယ်ဆိုတဲ့ ဘုရားအလောင်းတွေတောင် ချွင်းချက် မရပါဘူး။ သူတို့လည်း အပါယ်ကျတာပါပဲ။ ဘုရားအလောင်း ခွေးမင်းဆိုတာကို အားမကျပါနဲ့။ ခွေးမင်းဖြစ်ဖြစ်၊ ခွေးပညာရှိဖြစ်ဖြစ် ခွေးဟာ ခွေးပါပဲ။ ဒါကို အားကျရင်၊ ဘုရားအလောင်းကို ကိုးကွယ်ရင် ကိုယ်လည်း သူက ခွေးမင်းဖြစ်၊ ကိုယ်က ခွေးမင်းနောက်လိုက်ဖြစ်ပြီး ခွေးဘဝကိုပဲ ရမှာပါ။ သူက ဘုရားအလောင်းမို့ ခွေးမင်းဘဝကနေ လွတ်ပြီး နတ်ပြည်တက်သွားတဲ့အချိန်မှာ ကိုယ်က သူ့လောက် ကောင်းမှုမများတဲ့အတွက် ခွေးဘဝကနေ လောက်ဘဝကို ဆင်းသွားရတဲ့ အခြေအနေမျိုးနဲ့ ကြုံရမှာပါ။ ဒါကြောင့် ဘုရားအလောင်းတရားကို ဆင်ခြင်မှုနဲ့နာပါ။ ဖြစ်နိုင်ရင် မနာပါနဲ့လို့တောင် ပြောချင်ပါတယ်။ သူတို့က သံသရာလည်ချင်သေးတဲ့ သူတွေဖြစ်ပြီး မြတ်စွာဘုရားက သံသရာလွတ်အောင် လုပ်ဖို့ပဲ လမ်းညွှန်သူမို့ ဘုရားအလောင်းဆိုတာက ဘုရားအလိုအတိုင်း မလုပ်ကြတဲ့သူတွေလို့ ပြောရင် မမှားပါဘူး။

သေခါနီး စုတိစိတ် မရောက်ခင်မှာ ဒီဘဝ အပါအဝင် ကိုယ် သံသရာ အဆက်ဆက် လုပ်ခဲ့သမျှသော ကောင်းမှု၊ မကောင်းမှုတွေက အားကောင်းရာက ဝင်ပြီး အကျိုးပေးမှာ ဖြစ်ပါတယ်။ ဒီဘဝမှာ ကောင်းမှုတွေလုပ်မယ်၊ ဘုန်းကြီးဝတ်မယ် လုပ်ချင်သလောက်သာလုပ်၊ သေခါနီးမှာတော့ ဧဝရက်တောင်လောက် အပါယ်ကျနိုင်ခြေနဲ့ ဇီးသီးစေ့လောက် သုဂတိ ရောက်နိုင်ခြေကို ရင်ဆိုင်ရမှာပါ။ ပိုရှင်းအောင် ပြောရရင် ဒီဘဝမှာတင်ပဲ လက်တွေ့ကြည့်ပါ။ သူတစ်ပါး အသက်ကို ကယ်တင်တာက ကောင်းမှု၊ လုံးဝ မလိမ်မညာဘဲ စောင့်ထိန်းတာကို ကောင်းမှု၊ သူတစ်ပါး အသက်ကို သတ်တာ၊ လိမ်ညာမှုကို မကောင်းမှုလို့ သတ်မှတ်ရင် ကိုယ် ဘယ်ဟာကို အလုပ်များလဲ စဉ်းစားကြည့်ပါ။ ခြင်၊ ပုရွက်ဆိတ်၊ အင်းဆက် ဘယ်နှစ်ကောင်လောက် သတ်ဖူးပြီး၊ ဘယ်နှစ်ကောင်လောက် အသက်ကယ်ဖူးလဲ။ သိလျက်နဲ့ မလွှဲသာလို့ လိမ်လိုက်တာ ဘယ်လောက်များပြီး၊ သိလျက်နဲ့ ကိုယ့်အကျိုး အပျက်ခံပြီး အမှန်အတိုင်း ပြောလိုက်တာ ဘယ်လောက်များလဲ။

ဒီတော့ ခင်ဗျားတို့အနေနဲ့ ပုထုဇဉ်ဘဝနဲ့ပဲ နေမယ်လို့ ဆုံးဖြတ်ထားရင် ဘာမှ ထူးခြားမှု မရှိတဲ့အတွက် လုပ်ချင်တာသာ လုပ်ပါ။ ကုသိုလ်တွေ၊ အကုသိုလ်တွေ သိပ်မစဉ်းစားပါနဲ့။ လွတ်လွတ်လပ်လပ် တွေးခေါ်ပါ။ အမှန်တရားကို ဗုဒ္ဓဘာသာ တစ်ခုတည်းတင်မကဘဲ တခြားသော အယူဝါဒတွေ အကုန်လုံးကနေ ရှာပါ။ ကိုယ့်ရဲ့ ရပ်တည်ချက်၊ ကိုယ့်ရဲ့ ယဉ်ကျေးမှု ပုံစံကို ကိုယ့်ဟာကိုယ် တည်ဆောက်ပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။ ဘုန်းကြီးပြောတာတွေ မေ့လိုက်ပါ။ ဘဝကို ကိုယ့်ဟာကိုယ် အဓိပ္ပာယ်ဖွင့်ပြီး လုပ်ချင်တာသာ လုပ်ပါလို့ ပြောချင်ပါတယ်။ ရှေ့ဆက်ပြီး အပါယ်ဘဝတွေ အများကြီးကို ဒီဘဝ ကောင်းတာတွေချည်း လုပ်တဲ့သူတွေနဲ့ တန်းတူ၊ ဘာမှ မကွာခြားလှဘဲ ကြုံကြရမှာချင်း တူတူ ဘုန်းကြီးတွေရဲ့ ဦးနှောက်ဆေးမှု ခံမနေပါနဲ့။ ကိုယ့်ဘဝကို ကိုယ်သာ ဆုံးဖြတ်ပါ။ အနည်းဆုံးတော့ ဘာမှန်းမသိ၊ မှားလား မှန်လားမသိ သူတစ်ပါး ဆုံးဖြတ်ထားတဲ့ အမှား၊ အမှန်တွေကို မျက်လုံးမှိတ် လိုက်နာနေကြတဲ့သူတွေထက် စာရင်တော့ သုဂတိ ရောက်ခိုက် ဘဝကို တန်အောင် နေသွားရမှာပါ။

ဒါပေမယ့် ဒါက အကောင်းဆုံးလားဆိုရင်တော့ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ သံသရာက လွတ်ကြောင်းပါပဲ။ သံသရာမှာ လုပ်ခဲ့သမျှသော ဧဝရက်တောင်လောက်ရှိတဲ့ အကုသိုလ်တွေ အကုန် အကျိုးပေးခွင့်မရတော့အောင်၊ ပရိနိဗ္ဗာန် မပြုခင်စပ်ကြားမှာ ဇီးသီးစေ့လောက်ရှိတဲ့ ကံတွေကသာ အကျိုးပေးခွင့်ရအောင် လုပ်တဲ့နည်းကတော့ လောကကို အနိုင်ယူတဲ့ နည်းပါပဲ။ ဒါကတော့ သောတာပန် ဖြစ်အောင် တရားအားထုတ်ခြင်းပါ။ အဲဒါကတော့ သင်္ခါရလောကရဲ့ အမှန်တရားဖြစ်တဲ့ ရုပ်နာမ်တွေဟာ မမြဲဘူး (အနိစ္စ)၊ ရုပ်နာမ်တွေဟာ စက်ဆုပ်စရာ အသုံးမကျတာတွေသာ ဖြစ်တယ် (ဒုက္ခ)၊ ရုပ်နာမ်တွေထဲမှာ ကိုယ်ဆိုတာ၊ ငါဆိုတာ၊ မိမိဆိုတာ မရှိဘူး၊ ရုပ်နာမ်တွေဟာ ကိုယ်၊ ငါ၊ မိမိ မဟုတ်ဘူး (အနတ္တ) ဆိုတာကို မှတ်သားမှု၊ သိမှု၊ ယူဆမှု အားလုံး မှန်သွားအောင် လုပ်ခြင်းအားဖြင့် အဖန်ဖန် လည်နေတဲ့ သံသရာက ထွက်ခြင်းပါပဲ။ ဒါကတော့ အားလုံး ရွေးချယ်သင့်တဲ့ အကောင်းဆုံးအရာပဲ ဖြစ်ပါတယ်။

တချို့သော ရဟန်းများက သူတို့ကို သူတို့ သုဂတိပဲ တက်မယ်လို့ ယုံကြည်နေပြီး အဲဒါကြောင့် သေရမှာကို မကြောက်ကြတာလည်း ရှိပါတယ်။ ဒါပေမယ့် နတ်ပြည်၊ လူ့ပြည်ကို မက်မောတယ်ဆိုတာက တကယ်တော့ သေသေချာချာ မစဉ်းစားလို့သာ မက်မောတာပါ။ ဥပမာ ဇီးသီးစေ့က အကျိုးပေးခွင့် ရသွားလို့ လူ့ပြည် ပြန်ရောက်တယ်ပဲ ထားပါတော့။ ခင်ဗျားအနေနဲ့ ပထမဆုံး အမေဗိုက် မှောင်မှောင်မည်းမည်းထဲမှာ ဘာမှန်းမသိဘဲ ဒုက္ခတွေကို ကိုးလလောက် ခံရမှာပါ။ ပြီးရင် ဘာမှမသိဘဲ မိဘနဲ့ ပတ်ဝန်းကျင်က စီမံသမျှကို ခံရမှာပါ။ လူဖြစ်ပေမယ့်လည်း ဆင်းရဲပြီး အသိဉာဏ်မရှိတဲ့ မိဘ၊ ပတ်ဝန်းကျင်မှာ သွားပြီး လူဖြစ်တယ်ဆိုရင် ခင်ဗျားရဲ့ ဘဝက ဆင်းရဲမှုကနေစပြီး ပညာမတတ်မှုနဲ့ အဆုံးသတ်ကာ ဘဝတစ်လျှောက်လုံး ပင်ပန်းဆင်းရဲစွာနဲ့ ဖြတ်သန်းသွားရမှာပါ။ ကောင်းတဲ့မိဘ၊ ကောင်းတဲ့ ပတ်ဝန်းကျင် ရောက်တယ်ဆိုလည်း ခင်ဗျားအနေနဲ့ ဒီဘဝလိုပဲ ပညာသင်ကြားမှုဆိုတာတွေကို ၁၀ နှစ် ၁၅ နှစ်လောက် လုပ်ရဦးမှာပါ။ အဲဒီ ဒုက္ခကို ခံစားရဦးမှာပါ။ ဒီအချိန်အတွင်းမှာပဲ ခင်ဗျားချစ်တဲ့ အဘိုး၊ အဘွား ပြီးရင် အဖေ အမေ ညီအစ်ကို မောင်နှမ ချစ်သူ အိမ်ထောင်ဖက် မိတ်ဆွေ သူငယ်ချင်း စတဲ့ ကိုယ်ချစ်ခင် နှစ်သက်သူတွေ သေဆုံးသွားလို့၊ ဒါမှမဟုတ် ကိုယ်နဲ့ အတူမနေနိုင်ကြလို့ ဖြစ်တဲ့ ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဒုက္ခတွေ ခင်ဗျား မလွဲမသွေ ခံစားရမှာပါ။ အလုပ်ခွင်ဝင်ရင် ဆိုးတဲ့ အထက်အရာရှိ လက်အောက်မှာ လုပ်ရရင်၊ မကောင်းတဲ့ ကုမ္ပဏီမှာ အလုပ်ရရင်၊ အလုပ်ရွေးချယ်မှု မှားခဲ့ရင် ခင်ဗျား မချစ်မနှစ်သက်သူနဲ့ နေရခြင်း ဒုက္ခကို ခံစားရမှာပါ။ ပြီးရင် ခင်ဗျား အိုလာတဲ့အတွက် အတိတ်ကို တမ်းတပြီး ဝမ်းနည်းရတဲ့ အိုခြင်းဒုက္ခ၊ နေလို့ထိုင်လို့မကောင်းတဲ့ အိုခြင်းဒုက္ခ၊ ပြီးရင် ခင်ဗျားချစ်သူခင်သူ၊ ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာဆိုတာတွေ အားလုံးကို စွန့်ခွာပြီး သွားရမယ့် သေခြင်းဒုက္ခဆိုတာကို ကြုံရမှာပါ။ ဒါဟာ သုဂတိလို့ သတ်မှတ်တဲ့ လူပြည်ကို ရောက်အောင် ခင်ဗျား ကုသိုလ်ကောင်းမှုတွေ လုပ်ရင်း တကယ်ရောက်တဲ့အခါ ကြုံရမယ့် ဒုက္ခတွေပါပဲ။ အဲဒီတော့ ခင်ဗျား ကောင်းမှုတွေချည်း လုပ်နေပါတယ်ဆိုတာဟာ အဲလို ဒုက္ခတွေ ကြုံရဖို့ လုပ်နေတာလို့ ပြောရင်လည်း မမှားပါဘူး။ ဘယ်လောက်တောင် ရင်နာစရာ ကောင်းလိုက်ပါသလဲ။ ကောင်းမှု လုပ်သမျှဟာ ဒုက္ခရောက်ဖို့ပဲ ဖြစ်မနေဘူးလား။

လူပြည် မဟုတ်ဘူး ငါတို့က နတ်ပြည်တက်မှာလို့ ဘုန်းကြီးတွေက ပြောချင် ပြောပါဦးမယ်။ ဒါပေမယ့် နတ်ပြည်ဆိုတာကလည်း ဒုက္ခကို အဆပွားပြီး မြှောက်လိုက်တာနဲ့ တူတူပါပဲ။ တစ်အချက်က နတ်ပြည်ရောက်တယ် ဆိုပေမယ့် အကုန် နတ်သားဘဝနဲ့ ရောက်တာ မဟုတ်ပါဘူး။ ဘုန်းကြီးတွေလည်း နတ်ပြည်မှာ နတ်သမီးတွေအဖြစ် ရောက်ကောင်း ရောက်သွားနိုင်ပါတယ်။ နတ်သမီးဘဝ ရောက်သွားတဲ့အခါမှာလည်း ဒီဘဝမှာသာ ဘုန်းကြီးဆိုပြီး အကိုးကွယ်ခံ နေရာရနေပေမယ့် နတ်ပြည်ရောက်တဲ့အခါ နတ်သားကို ဝိုင်းရံ ခစားရတဲ့ဘဝကို ရောက်သွားတာပါပဲ။ လူ့ပြည်မှာက ပိုက်ဆံရှိလို့၊ ဂုဏ်ဒြပ်တွေ ရှိလို့ အမျိုးသမီးတွေအနေနဲ့ ကိုယ်က ဒီတစ်ယောက်ကို မကြိုက်ရင် နောက်တစ်ယောက် ပြောင်းနိုင်တယ်၊ ကိုယ့်တစ်ယောက်တည်းနဲ့ပဲ တင်းတိမ်ရအောင် အမိန့်ထုတ်နိုင်တယ်၊ စီမံနိုင်ပေမယ့် နတ်ပြည်မှာတော့ အဲလို မဟုတ်ပါဘူး။ နတ်သားတစ်ပါးမှာ နတ်သမီး တစ်ယောက်မက ရှိကြတာ ထုံးစံပါ။ အဲဒီတော့ ဘုန်းကြီးတွေ စဉ်းစားသင့်တာက ဒီဘဝတော့ အကိုးကွယ်ခံပြီး၊ နောက်ဘဝကျတော့မှ နတ်ပြည်မှာ နတ်သားကိုယ့်ကို မျက်စိကျဖို့ အစွမ်းကုန် ကြိုးစားနေရတဲ့ ဘဝမျိုး ရောက်မှာပါ။ အဲဒီမှာလည်း နတ်သားဖြစ်ဖြစ်၊ နတ်သမီးဖြစ်ဖြစ် အိုခြင်းဆိုတဲ့ ဒုက္ခ (နတ်ပြည်မှာကျတော့ လူပြည်ထက် အိုခြင်းဒုက္ခက ပိုကြီးပါတယ်။ အကောင်းတွေချည်း ခံစားရတာမို့ ဒီအကောင်းတွေကို ငါခံစားဖို့ အချိန် သိပ်မကျန်တော့ဘူးဆိုတဲ့ စိတ်က နှိပ်စက်မှာ ဖြစ်တာကြောင့် လူထက်ပိုပြီး အိုခြင်းဒုက္ခ ကြီးပါတယ်) ရှိပါတယ်။ ကိုယ့်ကို အုပ်ချုပ်တဲ့ နတ်မင်းဆိုတာတွေကလည်း ကိုယ်နဲ့ တည့်တာရှိသလို မတည့်တာလည်း ရှိတဲ့အတွက် မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်းဆိုတဲ့ ဒုက္ခကို ခံစားရဦးမှာပါ။ ကိုယ့်ရဲ့ သက်တမ်းကလည်း လူပြည်ထက် ကြာတဲ့အတွက်ကြောင့်မို့လို့ ကိုယ်ချစ်ခင်တဲ့ နတ်တွေ၊ အပေါင်းအဖော်တွေ ကိုယ့်သက်တမ်း တစ်လျှောက်မှာ စုတိကြတာတွေ ကြုံရမှာမို့ အင်မတန် စိတ်ဆင်းရဲပြီး ချစ်ခင်သူနဲ့ ကွေကွင်းရခြင်း ဒုက္ခ ကြုံရဦးမှာပါ။ အဲဒီကနေမှ ကိုယ်တိုင် စုတိတော့မယ့် အချိန်ကျရင်တော့ အားလုံးကို စွန့်ပြီး အရင်ပြောခဲ့တဲ့ ဧဝရက်တောင်နဲ့ ဇီးသီးစေ့ ဇာတ်လမ်းက တစ်ခေါက် ပြန်ရောက်လာပြန်တာပါပဲ။

အဲဒီတော့ ကောင်းမှုတွေလုပ်ပြီး ဘုန်းကြီးတွေဝတ်ပြီး သုဂတိ ရောက်ကြောင်း ကြိုးစားနေတယ်၊ ဆုတောင်းနေတယ် ဆိုတာက ဇီးသီးစေ့ကို ပိုလေးအောင် ရေထိုးနေသလိုပါပဲ။ ကံအလွန်ကောင်းပြီး ရောက်သွားတယ်ဆိုလည်း နတ်ပြည်မှာ လူပြည်ထက် ပိုကြီးတဲ့ အိုခြင်းဒုက္ခ၊ ချစ်ခင်သူနဲ့ ကွေကွင်းရခြင်းဒုက္ခ၊ မချစ်မနှစ်သက်သူနဲ့ နေရခြင်းဒုက္ခ၊ သေခြင်းဒုက္ခတွေကို ရင်ဆိုင်ကြရမှာပါပဲ။

ဒီတော့ ကောင်းမှုလုပ်တာကလည်း ဒုက္ခရဖို့လုပ်တာ ဖြစ်ပြီး၊ မကောင်းမှု လုပ်တာကလည်း ဒုက္ခရဖို့ လုပ်တာပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကောင်းမှုကုသိုလ်၊ မကောင်းမှု အကုသိုလ်ဆိုတာကို ခွဲခြားပြီး မြင်မနေပါနဲ့။ အားလုံးက ဒုက္ခကို တိုးပွားစေမယ့် အရာတွေချည်းပါပဲ။ သုခဝေဒနာဆိုတဲ့ စက်ဆုပ်စရာ အသုံးမကျတဲ့ သင်္ခါရတရားနဲ့၊ ဒုက္ခဝေဒနာဆိုတဲ့ စက်ဆုပ်စရာ အသုံးမကျတဲ့ သင်္ခါရတရားကို ရစေတဲ့ အကျင့်တွေချည်းပါပဲ။ အဲဒီတော့ သံသရာမှာ လည်နေသမျှလည်း ဘယ်လိုပဲတွက်တွက် ဒုက္ခဝေဒနာကသာ ဧဝရက်တောင်လောက် ကြုံရမှာဖြစ်ပြီး၊ သုခဝေဒနာကတော့ တစ်ခါတစ်ခါ အလွန့်အလွန် ကံကောင်းမှ ဇီးသီးစေ့လောက် ကြုံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရှေ့ဘဝ နောက်ဘဝ သံသရာကို ယုံကြည်သူများ အနေနဲ့လည်း သံသရာက လွတ်ကြောင်းဖြစ်တဲ့ သောတာပန် ဖြစ်အောင် လုပ်တာသည်သာလျှင် တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်စရာ ဖြစ်တယ်ဆိုတာကို အလေးအနက် ပြောကြားလိုပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *