တရားအားထုတ်တဲ့ နေရာမှာ ပြင်းစွာသော သံဝေဂ ဆိုတာမျိုး ရှိနေရင် အကောင်းဆုံးပါပဲ။ ဒီနေရာမှာ တယောက်နဲ့ တယောက် မတူကြပါဘူး။ ဒါကြောင့် ဘာကို သံဝေဂ ယူရမလဲ ဆိုတာက ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။
လူတိုင်းဟာ သေခြင်းတရား၊ ချစ်ခင်နှစ်သက်သော သူနဲ့ ကွေကွင်းရခြင်း ဒုက္ခ ဆိုတာတွေကို ကြုံဖူးကြတဲ့ သူတွေချည်းပါပဲ။ ဒီလို ကြုံတုန်းခဏမှာတော့ စိတ်ပင်ပန်း ဆင်းရဲခြင်းတွေ ဖြစ်ပြီး၊ အချိန်တခုကြာတဲ့ အခါမှာတော့ အချိန်က ကုစားတယ် ဆိုတဲ့အတိုင်း စိတ်ဆင်းရဲမှုတွေက မေ့မေ့လျောလျော့နဲ့ ပျောက်သွားတာပါ ပဲ။
ကျနော့်အတွက်ကတော့ ကျနော့်ယူချင်တဲ့ အယူကို ယူမယ်၊ ဒါပေမယ့် သူတပါးကိုတော့ ထိခိုက်အောင် မလုပ်ဖူး လို့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်သားပြီး ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အခြေအနေ တခုမှာ သူတပါးကို ဒုက္ခရောက်စေ ခဲ့တာကို သံဝေဂ ဉာဏ် အကြီးကြီး ဖြစ်ခဲ့ပါတယ်။ ဒီဘဝမှာ ကိုယ်မှန်တယ် ထင်တာတွေကို လုပ်ရင်းနဲ့ အကောင်းဆုံး ဆိုတာကို လုပ်ရင်းနဲ့ပဲ သူတပါးကို ထိခိုက်မိစေတဲ့ အဖြစ်တွေ ဖြစ်တဲ့အခါမှာ သံသရာ ဆိုတာဟာ စွဲစရာ ကိုင်စရာမရှိပဲ၊ ခိုင်မာမှု မရှိပဲ အပြောင်းပြောင်း အပြန်ပြန် ဒီ ပြသနာတွေပဲ တက်နေဦးမှာပဲ ဆိုတဲ့ အသိက သံသရာက လွတ်အောင် လုပ်မှ ဆိုတဲ့ စိတ် ဖြစ်ခဲ့ပါတယ်။ အဲဒီ စိတ်က ခိုင်မြဲမှု ရှိတဲ့အတွက် တရားအားထုတ်ရာမှာ မဆုတ်မနစ်သော ဇွဲဆိုတာမျိုး ဖြစ်လာခဲ့ပါတယ်။
မိတ်ဆွေတို့ အနေနဲ့လည်း အထူးသဖြင့် အသက်ကြီးသူများ အနေနဲ့ ကိုယ်ချစ်ခင် နှစ်သက်သူတွေနဲ့ ရှင်စဉ်ကာလ မှာလဲ ကွဲကွာခဲ့ရပြီးပါပြီ၊ အခုလဲ မကြာခင်မှာပဲ ကိုယ့်အလှည့် ရောက်ပြီး သေကွဲကွဲရပါဦးမယ်။ ဘဝ အဓိပ္ပါယ် ဆိုတာ ဒါပဲလား ဆိုတာမျိုး စဉ်းစားသင့်ပါပြီ။ ဒီအချိန်မှာ ကိုယ့်ဘဝရဲ့ ကျန်တဲ့ အချိန်တွေကို တရားအားထုတ်ရင်း ဖြတ်သန်းဖို့အတွက် အသုံးပြုဖို့ စဉ်းစားသင့်ပါပြီ။ ဒီအရွယ်မှာ စိတ်သက်သာရာ ကို ပဲ ထပ်ရှာနေဦးမယ် ဆိုရင်တော့ ဘဝကြီးဟာ အဓိပ္ပါယ်မရှိ ကုန်သွားတော့မှာပါ။ မြတ်စွာဘုရားကို ယုံတယ် ဆိုရင်လဲ မြတ်စွာဘုရား ဟောထားတဲ့ လူတစ်သိန်းသေလို့ တယောက် သုဂတိ မရောက်ဘူး ဆိုတာကို ယုံကြည်ပြီး ပုထုဇဉ်ဘဝကို စွန့်ဖို့ ကြိုးစားသင့်နေပါပြီ။
သံဝေဂ ဉာဏ် ရင့်သန်ဖို့ကတော့ မိုးကုတ်ဆရာတော်ကြီး တရားတွေကို နာဖို့ တိုက်တွန်းချင်ပါတယ်။ ဆရာတော်ကြီး တရားတွေ နာပြီး ကျနော့် ရေးခဲ့တဲ့ စာတွေကို ဖတ်မယ် ဆိုရင် ဖြစ်ပျက် ကို ကောင်းကောင်းမြင်တဲ့အခြေအနေကို ရောက်နိုင်ပါတယ်။ အဲလို ဖြစ်ပျက်ကို ကောင်းကောင်း မြင်နေပြီဆိုရင်တော့ သေခါနီး ဒုက္ခတွေကို ဖြစ်ပျက်တွေ အနေနဲ့ပဲ မြင်ပြီး ဘဝတစ်ခုကို အဆုံးသတ်ရင်တောင် အပါယ်တော့ မကျလောက်ဘူး လို့ အဋ္ဌကထာ ဆရာတွေက ဟောထားပါတယ်။
ဒါပေမယ့် တကယ်တမ်း အကျိုးအများဆုံးနဲ့ အဖြစ်သင့်ဆုံးကတော့ တမဂ် တဖိုလ် ရဖို့ပါပဲ။ ဒီလို ရခဲ့ရင်တော့ ဒီဘဝလဲ မသေလို့ နေရရင် နေပျော်ပါတယ်။ သေရမယ် ဆိုရင်လဲ အထက်သာ လားရာ ရှိတာမို့ ဂတိ နိမိတ်မှာ ပြုံးပြီး သေသွားနိုင်မှာ ဖြစ်ပါတယ်။
မိတ်ဆွေတို့ စဉ်းစားတော်မူကြပါ။ သံဝေဂ ယူစရာတွေကတော့ ကိုယ့်ပါတ်ဝန်းကျင်မှာ ပြည့်နေတာပါပဲ။ ဒါကို သံဝေဂ ယူသင့်တဲ့ အချိန်မှာ သံဝေဂ ရတော်မူကြပါ။ သံဝေဂ မရခဲ့ရင်တော့ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ ဆိုတဲ့ အဓိပတိ တရားလေးပါး အားနည်းတဲ့အတွက် တရားရဖို့ ခက်ပါလိမ့်မယ်။ တရားအရှိန်လေး ရလာရင် ဟိုဟာ ကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုး ဆိုတာတွေနဲ့ သံသရာထဲပဲ ပြန်လည်ပါလိမ့်မယ်။
လောကကြီးနဲ့ ကိုယ်နဲ့ မဆိုင်ဘူး ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ကျနော် ပြောခဲ့ဖူးတဲ့အတိုင်း လောက ဆိုတာကလဲ မိတ်ဆွေတို့ရဲ့ စိတ်ကလေး တချက်ပါပဲ။ သူငါ ဆိုတာနဲ့ ဆက်စပ်နေတဲ့ ခိုင်မြဲတယ် ဆိုတာမျိုးဟာ လောကမှာ မရှိပါဘူး။ အဲဒီတော့ သံသရာကနေ မလျော့သော ဇွဲ လုံလ တို့နဲ့ ထွတ်နိုင်ဖို့ ကြိုးစားတော် မူကြပါ။ ကျေးဇူးတင်ပါတယ်။


Leave a Reply