သောတာပန် ဖြစ်မဖြစ် ဆိုတာက သူတပါးက ဆုံးဖြတ်ပေးလို့မရပါဘူး။ ဆုံးဖြတ်နိုင်တယ်လို့ ယူဆရင် အဲဒါက ဘုရားစကားကို ကျော်လွန်ပြောခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြတ်စွာဘုရားက သောတာပန် ဟုတ်မဟုတ် ဆိုတာကို အတိအကျ ပြောနိုင်တာ မြတ်စွာဘုရားနဲ့ ကိုယ်ကိုယ်တိုင်လို့ ဟောထားခဲ့တာမို့ပါ။

အဲဒီတော့ မြတ်စွာဘုရားကတော့ မရှိတော့ပြီမို့ ကိုယ်သောတာပန်ဖြစ်မဖြစ် ဘယ်လို သိနိုင်သလဲ ဆိုတာကို ပြောပြချင်ပါတယ်။ အဲဒါကတော့ ပစ္စဝေက္ခဏဉာဏ် ပါပဲ။ အဲဒီဉာဏ်မှာ

(က) မဂ်ကို ဆင်ခြင်ခြင်း,

( ခ ) ဖိုလ်ကို ဆင်ခြင်ခြင်း,

( ဂ ) နိဗ္ဗာန်ကို ဆင်ခြင်ခြင်း,

(ဃ) ပယ်ပြီးကိလေသာကို ဆင်ခြင်ခြင်း,

( င ) မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်း

ဆိုတာတွေ ဖြစ်ပါတယ်။ အဲဒီဉာဏ်က တခါတည်းဖြစ်တဲ့ ဉာဏ်မဟုတ်ပါဘူး။ နောက် ရိုးသားစွာ၊ အထူးရိုးသားစွာ ဆင်ခြင်တိုင်း ဆင်ခြင်တိုင်းမှာလဲ အဲဒီဉာဏ်က ဖြစ်ပြီး သောတာပန် ဖြစ်သူက သူသောတာပန် ဖြစ်ကြောင်း အတိအကျကို သိရပါတယ်။

ဥပမာအားဖြင့် မဂ် ဆိုတာ ဘယ်လိုဆိုတာကို သဘောပေါက်တာ၊ ဖိုလ်ဆိုတာကို သဘောပေါက်တာ၊ နိဗ္ဗာန်ဆိုတာကို သဘောပေါက်တာ၊ ကုန်သွားတဲ့ အတ္တဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာမရှိတော့တာကို သဘောပေါက်တာ၊ ကျန်နေသေးတဲ့ ကိလေသာ ရှစ်ပါးစလုံး ဖြစ်နေတတ်တာကို သဘောပေါက်တာ ဆိုတာတွေက အင်မတန် ထင်ရှားတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လဲ သောတာပန်တွေက မဂ်က ဘယ်လို ဖိုလ်က ဘယ်လို နိဗ္ဗာန်က ဘယ်လို ဆိုတာမျိုးတွေ ပြောနိုင်စွမ်းရှိကြပါတယ်။ ကျနော် အဲဒီအကြောင်းတွေ ပြောခဲ့တာကလဲ အဲဒီ ပစ္စဝေက္ခဏဉာဏ် အစွမ်းနဲ့ ပြောခဲ့တာတွေပါ။ ဒီလိုမျိုး မဂ် ဖိုလ် နိဗ္ဗာန်ကို မှန်မှန်ကန်ကန် ပြောနိုင်စွမ်းရှိလားဆိုတာပေါ်ကနေပြီး သောတာပန် ဟုတ်မဟုတ် အကြမ်းဖျဉ်းစမ်းစစ်ရပါတယ်။ ဒီအခြေခံတွေ မသိရင်တော့ သောတာပန် မဟုတ်တာ ကျိန်းသေပါတယ်။ သီလဆိုတာက လူတိုင်းဟန်ဆောင်နိုင်ပါတယ်။ ပညာကတော့ ကိုယ့်မှာ ရှိမှသာ ပြနိုင်တာပါ။ ဟန်ဆောင်လို့မရပါဘူး။ သီလ နဲ့ မစမ်းစစ်ရပါဘူး။ သီလဆိုတာက လိမ်လို့ရပါတယ်။ ဟန်ဆောင်လို့ရပါတယ်။ နောက်ပြီးသောတာပန်သည် မကောင်းမှုကံကို ကျုးလွန်တတ်သေးတယ်လို့လဲ ဘုရားက ရတနာသုတ်မှာဟောထားလေတော့ သီလနဲ့ သောတာပန် ဟုတ်မဟုတ် စမ်းစစ်တာအလွန်မှားပါတယ်။

အဲဒီတော့ သောတာပန် မဖြစ်သေးပဲ ဖြစ်တယ်လို့ ပြောတဲ့သူတွေက ဒီအကြောင်းကို မသိလို့ ပြောကြတာ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ညာတာပါ။ သောတာပန် ဆိုတာက ရိုးသားစွာ၊ အထူးရိုးသားစွာ ဆိုတာကို တရားအားထုတ်စဉ် တလျှောက်လုံးကျင့်သုံးလာတဲ့သူ ဖြစ်တဲ့အတွက် တကယ့်သောတာပန်က သူ့ကိုယ်သူ သောတာပန် အဖြစ် မိုးကြိုးပစ်သလို ထင်ရှားစွာ သိသလို၊ အဲဒါနဲ့ပါတ်သက်ပြီး ဟုတ်မှ ဟုတ်ပါ့မလား ဆိုတဲ့ စိတ်မျိုးက ဘယ်လောက်ဝိုင်းပြောပြော ဘယ်တော့မှ မဖြစ်ပါဘူး။

အဲဒီ ပစ္စဝေက္ခဏာ ဉာဏ် ကိုယ့်မှာ မဖြစ်သေးဘူးဆိုလဲ ကိုယ်ဟာ သောတာပန် မဟုတ်သေးဘူးလို့ ဆုံးဖြတ်ပါ။ ဘယ်သူက ထောက်ခံ ထောက်ခံ မယုံပါနဲ့။


Leave a Reply

Your email address will not be published. Required fields are marked *