ဒီစာကတော့ ပုထုဇဉ်တွေ နားလည်ချင်မှ နားလည်မယ့် စကားတွေ ပါပါတယ်။ အရိယာတွေကတော့ နားလည်မှာပေါ့၊ သိချင်တာလဲရှိမှာပေါ့။ အဲဒီအတွက်ရေးတာပါ။
အဲဒီတော့ ပထမဆုံး ပြောချင်တာက သင်္ခါရတရားဆိုတာ အကြောင်းကြောင့် ဖြစ်သော အကျိုး ဆိုတဲ့အတိုင်း အရက်သောက်တယ် ဆိုတာက အကျိုးဆိုရင် သူ့မှာ ဖြစ်ရတဲ့ အကြောင်းဆိုတာ ရှိတာပေါ့။ အဲဒီအကြောင်း ကိုပဲ ရှင်းပြချင်တာပါ။
မဂ်ဖိုလ်နဲ့သီလဆိုတာက ဆက်စပ်မှုရှိပါတယ်။ သီလနဲ့ပါတ်သက်ပြီး စထူးခြားလာတာက သင်္ခါရုပေက္ခာဉာဏ်မှာ စထူးခြားလာတာပါ။ သီလတွေ ကို ခန္ဓာကစပြီးထိန်းလာတယ်။ ဒါနဲ့ပါတ်သက်လို့ကတော့ အရင်တုန်းက ရေးခဲ့တဲ့ သင်္ခါရုပေက္ခာဉာဏ်နဲ့သီလဆိုတဲ့ စာကို ပြန်ရှာဖတ်ကြည့်ပါ။
ထားပါတော့ သင်္ခါရုပေက္ခာဉာဏ် ရင့်ကျက်သထက် ရင့်ကျက်သွားပြီး မဂ် ဖိုလ် ပေစ္စဝေက္ခဏာ ပြီးသွားတဲ့အခါမှာတရားအားထုတ်မှုကို ခြောက်နှစ်ကျော် ကြိုးစားခဲ့ရတာမို့ ပြီးတော့ ပထမ မဂ်နဲ့ပဲ နေမယ် ဆုံးဖြတ်ပြီးသွားတော့ စိတ်က အရမ်းကိုပေါ့ပါး ပျော်ရွင်နေခဲ့တာပေါ့။ သီလကို ဆင်ခြင်တော့လဲ အပြည့်ပဲပေါ့။ အဲလိုနဲ့ သောတာပန်နဲ့ပါတ်သက်တဲ့ ကိုယ်နားလည်တဲ့ ဗဟုသုတတွေက အခုကျတော့ ကိုယ်သောတာပန်ဖြစ်ပြီဆိုတော့ ဘယ်ဟာတွေမှန်လဲ ဘယ်ဟာတွေမှားလဲ စဉ်းစားတဲ့အချိန်ကိုရောက်လာတယ် ဆိုပါတော့။ ကိုယ့်ကိုယ်ကိုယ်လဲ ဘဝင်ကလဲ မြင့်တာပေါ့၊ ကိုယ် စိတ်ကူးထဲမှာ အထင်ကြီးရတဲ့ ဘဝမျိုး ကိုယ်ပိုင်ပိုင်နိုင်နိုင်ကြီးရောက်ပြီးဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကျောလေးသပ်ပြီး သဘောတွေကျနေတာပေါ့။
အဲဒီမှာ ဘာသွားစဉ်းစားမိလိုက်လဲဆိုတော့ ဆိုရိုးစကားတခုရှိတယ်။ သောတာပန်က ရေနဲ့ အရက် ရောသောက်ရင် ရေပဲ ဝင်တယ် အရက်မဝင်ဘူးဆိုတဲ့ စကားပါပဲ။ ဒီစကား ဖြစ်လာရတဲ့ အကြောင်းအရင်း ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခုပုထုဇဉ် မိတ်ဆွေတွေ စပ်စုကြသလိုပေါ့၊ တချိန်က (ကျနော်တို့ခေတ်က) လူတွေကလဲ အဲဒါနဲ့ပါတ်သက်ပြီး အငြင်းအခုန် လုပ်ကြပုံရပါတယ်။ တယောက်က ပြောတယ် သောတာပန်က ငါးပါးသီလ လုံးဝ လုံတယ်။ အရက်မသောက်ဘူးဆိုတော့ နောက်တယောက်ကလဲ ကပ်သီးကပ်သတ်ပေါ့ ဒါဆို သောတာပန် မသိအောင် အရက်ကို အချိုရည် သို့မဟုတ် ရေ နဲ့ရောပြီးတိုက်ရင် သူရာမေယျရ ပေါက်တာပဲလို့ ပြောပုံရပါတယ်။ အဲဒီမှာ အဲဒါကို ဖြေတဲ့သူက အဲလိုလုပ်လဲ သူရာမေယျရ မပေါက်ဘူးဆိုတဲ့ဘက်က ပဲ ဆက်နေချင်တော့ အဲလိုလုပ်လဲ သောတာပန် အရက်နဲ့ရေနဲ့ ရောသောက်ရင် ရေပဲဝင်တယ် အရက်မဝင်ဘူး သီလမပေါက်ဘူးဆိုပြီး ရှင်းခဲ့ပုံရပါတယ်။
ကျနော်က စာရေးနေတဲ့သူဆိုတော့ ဒါမျိုးပြသနာမျိုးကိုလဲ ဖြေရှင်းချင်တယ် ရေးချင်တယ်လေ။ အဲဒီအချိန် စိတ်ထဲမှာ တကယ်ယုံနေတာကလဲ သောတာပန်ဖြစ်သွားတော့ ခန္ဓာကိုယ်က ဓါတ်တွေ ပြောင်းသွားမယ်ပေါ့။ သောတာပန်ရဲ့ မဂ်ခန္ဓာလို့ ပြောလို့ရတဲ့ မဂ္ဂသစ္စာ ကိန်းတဲ့ ခန္ဓာကိုယ်နဲ့ တွေ့ရင် ဓါတ်ကြီးလေးပါးသဘောအရ အရက်တွေက အလိုလိုဓါတ်ပြောင်းသွားပြီး ရေဖြစ်သွားမယ်၊ ဒါမှမဟုတ် အရက်တွေက ဓါတ်သဘောအရ အဆီတွေဖြစ်ပြီး ခွက်ထဲမှာ ကျန်ခဲ့မယ်၊ အစရှိသဖြင့် တကယ်ထင်နေခဲ့မိတာပါ။ သေသေချာချာ မသိတဲ့ ကိစ္စဆိုတော့ တကယ်လို့သာ အဲလိုဖြစ်ခဲ့ရင်တော့ ကိုယ်အထူးအဆန်း ကိုတွေ့ရမယ် ဆိုပြီး စမ်းသပ်ချင်စိတ်တွေက တဖွားဖွားပေါ်လာခဲ့တယ်။ (ခရစ်ယာန်မှာရှိတဲ့ ရေကို ဝိုင်ပြောင်းပေးသလို တန်ခိုးရတာမျိုးပေါ့) အဲဒီတော့ အဲဒါက အင်မတန်ကို စိတ်ဝင်စားစရာ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ပြသနာက အရက်ကို လုံးဝကို မသောက်ချင်တာ။ အရက်ကိုမထိချင်ဘူး။ ဘာကြောင့်မှန်းမသိ အလိုလိုဖြစ်နေတဲ့စိတ်ပေါ့။ အရင်တုန်းက စင်္ကာပူမှာ အလုပ်လုပ်တုန်းက အပါတ်တိုင်း သောကြာ၊ စနေ နေ့တိုင်း အရက်က သောက်နေကျပါ။ အရက်တော်တော်စုံစုံ သောက်ဖူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက လုံးဝကို မထိချင်တာပါ။ ဒါပေမယ့် အဲဒီမသောက်ချင်စိတ်နဲ့ ခုနက ပြောတဲ့ ကိစ္စကို သိချင်တဲ့ စိတ်က နှစ်ခု လွန်ဆွဲရင်းနဲ့ (စာရေးဆရာတပိုင်းဆိုတော့) သိချင်စိတ် သူများကို တိတိကျကျ ပြန်ပြောချင်စိတ်က အနိုင်ယူသွားတယ်။ အဲလိုနဲ့ မထူးပါဘူးဆိုပြီး ဘီယာဆိုင်ကို ထွက်လာခဲ့လိုက်တယ်။ စမ်းမဲ့စမ်းတော့ အရက်အကောင်းစားနဲ့ စမ်းမယ် ဆိုပြီး ဘလက်လေဘယ် လေးပက် ပုလင်းတလုံးဝယ်လိုက်တယ်။ အဲဒီအချိန်က စပြီး စိတ်တွေက သိပ်မကြည်လင်ချင်ဘူး။ ဒါပေမယ့် အရက်ရောက်လာတယ်။ အဲဒါနဲ့ ရေမှာပြီး အရက်နှစ်ပက်ကို ထည့်လိုက်တယ်။ ရေရောလိုက်တယ်၊ ပြီးတော့ ရေခဲလေးတွေ ထည့်လိုက်တယ်။ ပြီးတော့ အဲဒီအရက်ခွက်ကြီးကို မသောက်ချင်တဲ့စိတ်တွေ မထိချင်တဲ့စိတ်တွေကို အတင်းကျော်လွန်ပြီး မျက်လုံးမှိတ်ပြီး အရက်ကို မော့ချလိုက်တယ်။ အဲဒီမှာ ကိုယ်ထင်ထားသလို အရက်တွေက ရေတွေဖြစ်မသွားသလို၊ အရက်တွေလဲ ခွက်ထဲမှာ မကျန်ခဲ့ပါဘူး။ အကုန်ဗိုက်ထဲရောက်သွားပြီး ချက်ချင်းမူးတက်လာတာပေါ့။ အဲဒီမှာ ဖြစ်တဲ့ မူးယစ်တဲ့စိတ်တွေကို လုံးဝမကြိုက်တဲ့ ခံစားချက်ကလဲ ဖြစ်သွားတယ်။ နေလို့မကောင်းဘူးပေါ့။ ဒါပေမယ့် ကျနော်လိုချင်တဲ့ အဖြေတခုရသွားတယ်။ သောတာပန်ဖြစ်လို့ ရုပ်ခန္ဓာ ဓါတ်ကြီးလေးပါးက ဘာမှ ထူးခြားပြီး ပြောင်းလဲမသွားဘူး အရက်သောက်ရင်တော့ သောတာပန်လဲမူးတာပဲ။ (အဲဒီ တငုံပဲ သောက်ခဲ့တာပါ။ မူးတယ်ဆိုတာ သိလိုက်ကတည်းက ထပ်မသောက်တော့ပဲ ကျန်တဲ့အရက်တွေ အကုန်လုံး ဒီတိုင်းပဲ ထားခဲ့လိုက်တယ်။ သုံးပက်လောက် အလကားဖြစ်သွားတယ် ဆိုပါစို့။)
သောတာပန် အရက်သောက်ရင် အရက်မဝင်ဘူး ရေပဲဝင်တယ် ဆိုပြီးပြောတဲ့ ပုဂ္ဂိုလ်ကြီးကလဲ ဖောထားတာဆိုတာ ကိုယ်တိုင်သိခဲ့ရတယ်။ နောက်ပိုင်းကိစ္စတွေကတော့ သောတာပန် ဖြစ်ပြီးကတည်းက သီလ လုံတယ် ဆိုတဲ့ လူအဖြစ် ပြန်မရနိုင်တော့ပြီ ဖြစ်တဲ့အတွက် အစရှိ နောင်နောင်တွေပေါ့ဗျာ။ သောတာပန် ဖြစ်ပြီး သီလ တောက်လျှောက်လုံတယ် ဆိုတဲ့ဘဝ မရနိုင်တော့မှတော့ ကျန်တာတွေ ဘီယာ၊ ဆိုဂျု၊ ထန်းရည်၊ အရွက် ဒါတွေလဲ ပါလာတော့တာပေါ့။ အဲဒါတွေကတော့ မထူးဇတ်ခင်းတဲ့သဘောပါပဲ။ ဒီနှစ် ၂၀၂၆ ဇန်နဝါရီ ၁ ရက်နေ့ မတိုင်ခင်ထိ တတက်စားလဲ ကြက်သွန်၊ နှစ်တက်စားလဲ ကြက်သွန် ဇာတ်ခင်းခဲ့တာပေါ့ဗျာ။
အဲဒီတော့ ဒါကို တရားနဲ့ စမ်းစစ်ကြည့်တော့ အရက်ကို ကာမနဲ့သောက်တာမဟုတ်ခဲ့ဘူး။ အတ္တမရှိတော့တာဆိုတော့ အတ္တနဲ့သောက်တာလဲမဟုတ်ဘူးပေါ့။ ဒါဆိုဘာနဲ့သောက်သလဲ ဆိုတာကို စဉ်းစားကြည့်တော့ အရုပ (အသိတရား၊ အမှန်တရားသိမှု) ဆိုတာရဲ့ စွဲဆောင်မှုကြောင့် သီလပေါက်ခဲ့တယ်လို့ပဲ ပြောရမှာပေါ့။ ကာမကလဲ စွဲဆောင်မှုရှိတယ်၊ သူ့ထက် ပိုပြင်းတာက ရူပ အရုပ က ဆွဲဆောင်မှု ပိုအားကြီးပါတယ်။ သီလ လုံလို့ ဖြစ်လာတဲ့ သမာဓိ ဆိုတာကလဲ အရူပ ပါ။ သီလကို အပြည့်စောင့်ရင် အလိုလို သမာဓိက တက်လာတာပါပဲ။ သမာဓိ ဆိုတာက အရူပပေါ့။ အဲဒီတော့ အဲဒီ သမာဓိ (အရူပ) နဲ့ အရက်သောက်ရင် ရေပဲဝင်တာဟုတ်မဟုတ် သိချင်မှု (အရုပ) နှစ်ခု ယှဉ်ပြီး စရိုက် ဝါသနာ အရ စမ်းသပ်ချင်မှု သိချင်မှု ဆိုတဲ့ သဘာဝက နိုင်သွားတယ်လို့ပဲ ပြောရမှာပေါ့။ နောက်ပိုင်းတွေမှာတော့ ဘီယာကို ကြိုက်တဲ့စိတ်တွေ၊ အရွက်ကိုကြိုက်တဲ့စိတ်တွေနဲ့ ကာမ နဲ့ပါ ပေါက်ချင်သလို ပေါက် အဲဒီသီလနဲ့ပါတ်သက်ပြီး လုပ်ချင်သလိုတွေ လုပ်ခဲ့တယ်ပဲ ဆိုပါစို့။ ကိုယ့်ဟာကိုယ် အဲဒီ သုံးနှစ်ကျော်အတွင်းပေါက်ခဲ့တာကို နောင်တတော့ တစက်မှ မရပါဘူး။
ဒီလောက်ဆိုရင်တော့ နားလည်လောက်ပြီထင်ပါတယ်။ သောတာပန်ဖြစ်လို့ အရက် ဘီယာ အရွက် မသောက်ရတော့မှာ စိုးလို့ သောတာပန်မလုပ်ချင်တဲ့သူတွေကို ပြောချင်တာကတော့ သောတာပန်ဖြစ်သွားရင် ပထမဈာန် သမာဓိနဲ့ကျတာမို့ သမာဓိရဲ့ အရသာက အခုကြိုက်နေတဲ့ အရက် ဘီယာ အရွက်ထက် ပိုကောင်းလို့ အရက် ဘီယာ အရွက်တွေ သောက်ချင်စိတ်ရှိတော့မှာ မဟုတ်ပေမယ့် အကြောင်းအရင်းတခုခု ခိုင်ခိုင်လုံလုံရှိရင်တော့ သောက်ဖြစ်သွားမှာ။ သောက်ရင်လဲ ပထမ တခွက်ပဲ ခက်တာပါ။ နောက်ပိုင်းအခွက်တွေက ပေါ့ပေါ့ ပါးပါး ပါပဲလို့ ပြောပြချင်ပါတယ်။
အဆုံးသတ်ကတော့ သောတာပန်ဖြစ်လို့ ဘာမလုပ်ရဘူး ညာမလုပ်ရဘူးဆိုတာ ဘုရားလဲမဟော မိုးကုတ်ဆရာတော်ကြီးလဲ မပြောပါဘူး။ ဘုရားကဆိုရင်တော့ သူ့ကို ဘုရားဆိုတဲ့ ဂုဏ်ပုဒ်ကြီးနဲ့ မစဉ်းစားပါနဲ့ ကလျာဏ မိတ္တကောင်း အဖြစ်ပဲ သဘောထားပြီး သူပြောတဲ့ သံသရာလွတ်ကြောင်းလေးလုပ်ပါလို့ ချော့ချော့မော့မော့ပြောတတ်တာပါ။ မိုးကုတ်ဆရာတော်ကြီးကတော့ သောတာပန်ဖြစ်အောင်ပဲလုပ် ပြီးရင် ကျွမ်းထိုးနေ အပါယ်မကျဘူး ပျော်ပါလို့ပြောထားပါတယ်။
ကျနော်ကတော့ မဂ်ဖိုလ်အတွက် တရားအားထုတ်ချိန်မှာသီလ (အထူးရှောင်ရမှာက အဲဒီ သူရာမေယျရ ရယ် မုသားရယ်ပါ၊ သူရာမေယျရက မောဟကို အားပေးတတ်ပြီး ဝိပသနာ အားထုတ်သူက မောဟ ကင်းအောင် လုပ်ရတာဖြစ်တဲအတွက် တရားအားထုတ်တဲ့သူတွေကို အားထုတ်တဲ့အချိန်မှာ လုံအောင် စောင့်စေချင်တယ်။ ကျနော် ခြောက်နှစ်အတွင်းမှာလဲ သူရာ ဆယ်ခါလောက်ပဲ ပေါက်ခဲ့တယ်၊ မုသားကတော့ ရိုးဖြောင့်စွာနဲ့ ကိုယ့်န္ဓာရဲ့ အမှန်ကိုကြည့်ရတာဖြစ်တဲ့အတွက် လှည့်ပါတ်တတ်တဲ့သဘောမရှိရင် ခရီးပိုရောက်တာပါ) အဲဒီနှစ်ခုတော့ လုံရင်အတော်အကျိုးများပါတယ်) ကို တတ်နိုင်သလောက် စောင့် ပြီး သောတာပန်သာ ဖြစ်အောင်လုပ် တကယ် ဖြစ်ပြီးသွားရင် ကြိုက်တာသာလုပ် ဘိန်းဖြုသမားတွေပါ သောတာပန်ဖြစ်အောင်လုပ်ပြီး သောတာပန် ဖြစ်ပြီးသွားလို့ ဆက်ထိုးချင်နေသေးတယ် ဆိုရင် ဆက်သာထိုး၊ အပါယ်တော့ ကျတော့မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။


Leave a Reply