သောတာပန် ဆိုတာဟာ အမြင်မှန်သွားခြင်းပါ။ အတ္တ ဆိုတဲ့ အမြင်နဲ့ ဘဝတစ်ခုလုံး ရှင်သန်လာရာကနေ အတ္တ ဆိုတာဟာ လုံးဝကို မရှိတဲ့သဘော၊ ဖြစ်ကို မဖြစ်နိုင်တဲ့ သဘော၊ ဒါကြောင့် လောကမှာရော လောကအလွန် မှာပါ အတ္တ ဆိုတာ လုံးဝ မရှိပဲ ကြံစည်မှုအမှားကြောင့် ဖြစ်နေတဲ့ မှားယွင်းတဲ့ အမြင်သာ ဖြစ်တယ် ဆိုတာကို သေသေချာချာ တိတိကျကျ အမြင်ရှင်းစွာနဲ့ သဘောပေါက်သွားခြင်းပါ။ ဒီလို သဘောပေါက်သွားဖို့ အတွက် ဆိုတာကလဲ မြတ်စွာဘုရား မှတပါး အားလုံးဟာ တရားနာခြင်း၊ နှလုံးသွင်းမှန်ခြင်း တို့ကနေ သဘောပေါက် သိမြင် သွားကြတာပါ။ ကိလေသာ ထူပြောတဲ့ သူအတွက်တော့ ပိုပြီး တရားနာရ ပိုပြီး လေ့လာရ ပိုပြီး ကျင့်ကြံ ရပါတယ်။ အဲလို သူများထက် ပိုပြီး တရားနာရ၊ လေ့လာရ၊ ကျင့်ကြံရတဲ့ သူတွေအတွက် အားသာချက် တခုက တရားကို ပိုပြီး ရှင်းပြနိုင်တဲ့ သဘောသာ ရှိပါတယ်။

ပြောချင်တာက ဒီလို အမြင်မှန်သွားယုံနဲ့ ကျန်တဲ့ အရာတွေမှာ လူစွမ်းကောင်းဖြစ်ပြီး တတ်ကျွမ်းနားလည် သူများထက် ထိပ်ကိုရောက် ဆိုတာမျိုးဟာ အဓိပ္ပါယ်မရှိပါဘူး။ ဒီစကားကို ပြောရတာက ဒီလိုအထင်မှားတဲ့ သူ နှစ်ဦးလောက်နဲ့ ကြုံဖူးလို့ပါ။ နှစ်ဦးစလုံးက ကျနော် အရင်လုပ်ခဲ့တဲ့ ပရိုဂရမ်မာ အလုပ်မှာ အရမ်းကို ထူးချွန် ထက်မြက်သွားပြီး နတ်သိကြားတွေရဲ့ ကူညီ ပံ့ပိုးမှုတွေနဲ့ အင်မတန် အောင်မြင်တဲ့ ပရိုဂရမ်တွေ ရေးနိုင်လာမယ် လို့ သေသေချာချာ ကြီးကို ယုံကြည်နေကြတာပါ။ ဒါဟာ တကယ်တော့ မှားယွင်းတဲ့ ယူဆ ချက်သာ ဖြစ်ပါတယ်။ နတ်တွေ စောင့်ရှောက်တယ် ဆိုတဲ့ ကိစ္စနဲ့ ပါတ်သက်ရင် ကျနော်ကတော့ လုံးဝနီးပါးကို အယုံအကြည် မရှိပါဘူး။ နတ်ဆိုတာ ရှိတယ် ဆိုတာလက်ခံတာရယ်၊ ကိုယ့်သီလ ကိုယ်ယုံကြည်တာရယ်ကြောင့် ကိုယ်မမြင်နိုင်တဲ့ ကိစ္စတွေ ရှိနိုင်တာကြောင့် တရာ ရာခိုင်နှုန်း အယုံအကြည်မရှိဘူးလို့ မပြောတာပါ။ ဒါပေမယ့် အကျိုးအကြောင်းအရတော့ မဂ်ကျသွားလို့ စောင့်ရှောက်တယ် ဆိုတာမျိုး အခုအချိန်ထိ တခါမှ မကြုံဖူးပါဘူး။ ဘာနတ်မှလဲ မမြင်ဖူးပါဘူး။ အဲဒီအပြင် နတ်တွေမှာ အာရုံခံစား စရာတွေ များလွန်းလို့ ကုသိုလ် အမှုကို မေ့လျော့ တတ်တယ် ဆိုတာက တချက်၊ နတ်တွေထဲမှာလဲ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ နတ်တွေ ရှိတာက တချက်၊ ကိလေသာ အကုန်မကုန်သေးတာက တချက်ကြောင့်မို့ ဘာနတ်ကမှ အထူးတလည် စောင့်ရှောက်မယ် ကူညီမယ်လို့ လုံးဝကို မထင်ပါဘူး။

နောက်တချက်ကတော့ ပြောခဲ့တဲ့အတိုင်း အတ္တနဲ့ ပါတ်သက်ပြီး အမြင်မှန်သွားခြင်း သက်သက်သာ ဖြစ်တာမို့ အလိုလို နေရင်းနဲ့ ပရိုဂရမ်တွေကို ရေးတာနဲ့ ပါတ်သက်ပြီး ကျွမ်းကျင် မသွားပါဘူး။ ပရိုဂရမ်မင်း အလုပ်ကနေ နားလာတာ ၁၀ နှစ် နီးပါးတောင် ရှိပြီမို့ အသက်ကလဲ ၄၅ ပြည့်ခါနီးပြီမို့ အင်မတန် နုံချာတဲ့ ပရိုဂရမ်မာ အဆင့်သာ ရှိပါတော့တယ်။ ထူးခြားဆန်းပြားတဲ့ ပရိုဂရမ် ရေးဖို့ နေနေသာသာ ဟဲလို ဝေါ တောင် အတော်ကြီး ကို စဉ်းစားပြီး ရေးရမယ့် သဘောရှိပါတယ်။ ပရိုဂရမ် ရေးစဉ်ကလဲ စီနီယာ လယ်ဗယ် မရောက်ခဲ့သူမို့ အခုအချိန် မှာ ဘယ်လိုမှ မစွမ်းတော့ပါဘူး။

ဒီနေရာမှာ ဣဒ္ဓိပါဒ် လေးပါး နဲ့ ပါတ်သက်ပြီး နည်းနည်း ပြောချင်ပါတယ်။ ဣဒ္ဓိပါဒ် ဆိုတာနဲ့ ပါတ်သက်ရင်တော့ အတော်လေး သိလာ၊ အသုံးချ နိုင်လာတာကတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း ဣဒ္ဓိပါဒ်လေးပါး ဆိုတာက တန်ခိုး နဲ့တွဲပြီး မြင်ပေမယ့် သူက တကယ်တော့ ပြီးပြည့်စုံစေသော တရား လို့ ဘာသာပြန်ချင်ပါတယ်။ ဣဒ္ဓိပါဒ် လေးပါး ဆိုတာက တခြားမဟုတ်ပါဘူး။ အဓိပတိ တရားလေးပါး ဖြစ်တဲ့ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ ဆိုတာကို ပဲ ပြောတာပါ။ ဒါနဲ့ ပါတ်သက်ရင် အဓိပတိတရား လေးပါးဆိုတဲ့ စာရေးခဲ့ ပြီးပါပြီ။

အဲဒီတော့ ပထမ မဂ် ကျတယ် သောတာပန် တယ် ဆိုတာဟာ အမြင်မှန်ယုံ သက်သက်သာ ဖြစ်ပြီး ကျနော့် အတွက်တော့ ခြောက်နှစ်လောက် ဒီအလုပ်ထဲမှာပဲ နှစ်မြုပ်ခဲ့ရတဲ့ အတွက် ကျနော့် အားသာချက်က တရား အားထုတ်သူများအတွက် တရားအားထုတ်ရာမှာ အထောက်အကူ ပြုစေမယ့် စာများ ရေးသား ခြင်းသာ ဖြစ်ပါတယ်။ နောက်တချက်က မမြင်ရတဲ့ နတ် သိကြားတွေ ရဲ့ ကူညီ စောင့်ရှောက်မှု ဆိုတာထက် ကျနော့်ရဲ့ စာဖတ်သူများရဲ့ ကူညီ စောင့်ရှောက်မှု ဖြစ်တဲ့ စာမူခ ပေးခြင်းကပဲ လက်တွေ့ကျ သဘာဝကျတဲ့ ကိစ္စ ဖြစ်ပါတယ်။

အဲဒါကြောင့် ကျနော့်အနေနဲ့ သမ္မဒါ တရားလေးပါး နဲ့ အညီ မိတ်ဆွေကောင်း ရှိရမှာ ဖြစ်တဲ့အတွက် စာဖတ်သူ မိတ်ဆွေကောင်းများ တိုးပွားရေး အလေးထားပါတယ်။ အလုပ်ကြိုးစားတဲ့ အနေနဲ့ စာများများ ရေးနိုင်အောင် ကြိုးစားပါတယ်။ လုပ်ငန်းကျွမ်းကျင်မှု အတွက် ကိုယ်ရေးမယ့် တရားတွေ စာတွေကို များများ ဆင်ခြင်ပါတယ်။ ဒါတွေကပဲ ကျနော့်အတွက်၊ ကျနော်လုပ်ချင်သော အရိယာ များများ ပေါ်ထွန်းစေလိုမှု အတွက် အကောင်းဆုံး လုပ်ရပ် ဖြစ်တယ်လို့ ယူဆပြီး ဒီအလုပ်များကို ကြိုးစားလုပ်ကိုင်နေတယ် လို့ပဲ ပြောပါရစေ။

ကျနော်အနေနဲ့ လူစွမ်းကောင်း မဟုတ်တာကို မိတ်ဆွေများ အနေနဲ့ သဘောပေါက်တဲ့ နားလည်တဲ့ အားလျော်စွာ စာမူခများကိုပဲ ပေးနိုင်သလောက် ပေးကြဖို့ တောင်းဆိုရင်း နိဂုံးချုပ်ပါရစေ။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *