ဗုဒ္ဓဘာသာ စာပေများတွင် သောတာပန်ပုဂ္ဂိုလ်တစ်ဦး၏ အကျင့်သီလနှင့် ပါတ်သက်၍ ဆွေးနွေးငြင်းခုံမှုများစွာ ရှိတတ်ပါသည်။ အထူးသဖြင့် “သောတာပန်သည် ငါးပါးသီလကို လုံးဝ မကျိုးမပေါက်တော့ဘူး၊ အသက်နှင့်လဲ၍ စောင့်ထိန်းသည်” ဟူသော အဆိုအမိန့်များကို မကြာခဏ ကြားရတတ်ပါသည်။ ဤကိစ္စကို အစွဲအလမ်းကင်းကင်းဖြင့် ယုတ္တိဗေဒနည်းကျကျ လေ့လာကြည့်မည်ဆိုလျှင် ဘုရားရှင် တိုက်ရိုက်ဟောကြားခဲ့သော ပါဠိတော် အထောက်အထားများကို အဓိကထား ကြည့်ရှုရမည် ဖြစ်ပါသည်။

တိကျသေချာသော ပါဠိတော် အထောက်အထား

သောတာပန်ပုဂ္ဂိုလ် လုံးဝ မပြုလုပ်နိုင်တော့သော ကိစ္စရပ်များနှင့် ပါတ်သက်၍ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်ပါဠိတော်၊ ၉-အဘဗ္ဗဝဂ် တွင် မြတ်စွာဘုရားရှင် အတိအလင်း ဟောကြားထားချက် ရှိပါသည်။ ထိုသုတ်တော်အရ သောတာပန် (ဒိဋ္ဌိသမ္ပန္နပုဂ္ဂိုလ်) သည် အောက်ပါ အချက် ၆ ချက်ကို လုံးဝ (လုံးဝ) မကျူးလွန်နိုင်တော့ပေ-

၁။ အမိကို သတ်ခြင်း

၂။ အဖကို သတ်ခြင်း

၃။ ရဟန္တာကို သတ်ခြင်း

၄။ ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုခြင်း

၅။ သံဃာကို သင်းခွဲခြင်း

၆။ ဘုရားရှင်မှတစ်ပါး အခြားသော ဆရာကို ကိုးကွယ်ဆည်းကပ်ခြင်း

ယုတ္တိဗေဒနည်းဖြင့် ချဉ်းကပ်ခြင်း

မြတ်စွာဘုရားရှင်သည် စကားကို တခွန်းတည်းနှင့် အမှန်သာ ဟောကြားလေ့ရှိသော ဂုဏ်တော်နှင့် ပြည့်စုံပါသည်။ ဤသုတ္တန်တွင် သောတာပန် လုံးဝ မလုပ်နိုင်တော့သော အရာများကို ဟောကြားရာ၌ အထက်ပါ ၆ ချက်ကိုသာ ကန့်သတ်ဟောကြားထားပါသည်။ တခြားကံများနှင့် ပါတ်သက်၍မူ ရတနသုတ်တွင် “ထိုသောတာပန်သည် ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ မကောင်းသော အပြစ်ကို ပြုမိစေကာမူ ထိုအပြစ်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။ နိဗ္ဗာန်ကို မြင်ပြီးသော ပုဂ္ဂိုလ်၏ ဖုံးကွယ်ထားနိုင်စွမ်း မရှိခြင်းကို ဘုရားရှင် ဟောတော်မူခဲ့သည်။” လို ရေးထားပါတယ်။

အကယ်၍ သောတာပန်သည် အခြားသော ကိစ္စရပ်များ (ဥပမာ- ငါးပါးသီလ ကျိုးပေါက်ခြင်း) ကိုပါ “ကမ္ဘာပြိုလျှင်တောင် လုံးဝ မလုပ်တော့ပါ” ဟု ဆိုမည်ဆိုလျှင် မေးခွန်းထုတ်စရာ တစ်ခု ပေါ်လာပါသည်။ “မြတ်စွာဘုရားရှင်သည် ထိုအချက်များကို ဤသုတ္တန်တွင် ထည့်ဟောရန် မေ့ကျန်ခဲ့သလား” ဟူသော မေးခွန်းပင် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်သည် မေ့လျော့ခြင်း သဘောမရှိကြောင်း လက်ခံမည်ဆိုလျှင် ယုတ္တိဗေဒသဘောတရားအရ ရှင်းလင်းသော အဖြေတစ်ခု ထွက်လာပါသည်။

ထိုအဖြေမှာ- သောတာပန်ပုဂ္ဂိုလ်သည် အထက်ပါ ပြင်းထန်လှသော အပြစ်ကြီး ၆ ခုကို မည်သည့်အကြောင်းနှင့်မျှ လုံးဝ မကျူးလွန်တော့သော်လည်း၊ ယင်းစာရင်းတွင် မပါဝင်သော (ငါးပါးသီလ အပါအဝင်) အခြားကိစ္စရပ်များကိုမူ အခြေအနေနှင့် အကြောင်းတရားများ အပေါ်မူတည်၍ ကျိုးပေါက်သည်ဟု ပုထုဇဉ်များ မြင်နိုင်သည့်အခြေအနေ ဖြစ်တတ်သေးသည် ဆိုသော အဓိပ္ပါယ်ပင် ဖြစ်ပါသည်။ အရိယာ အချင်းချင်းကတော့ သီလကို စပ်စုလေ့မရှိပါ။

ဘာကြောင့် ဒီလိုပြောရလဲ ဆိုတော့ ဒီသုတ္တန်မှာ ဟောထားတဲ့ ကိစ္စတွေက ကမ္ဘာသာ ပြောင်းပြန်လည်ရင် လည်သွားမယ် သောတာပန် အတွက် မဖြစ်နိုင်တော့တဲ့ ကိစ္စတွေကို ဟောထားတာမို့လဲ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒါက ကျနော့် ပြသနာတော့ မဟုတ်တော့ပါဘူး။ ကျနော့်အတွက်ကတော့ ငါးပါးသီလကို ဒီနှစ် ဇန်နဝါရီ (၁) ရက်နေ့ကတည်းက စပြီး အပြည့်ထိန်းလိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး လုံးဝ မကျိုးမပေါက် မပျောက်မကြား ထိန်းထားလို့ပါ။ ဒါပေမယ့် သောတာပန် ဘာမလုပ်တော့ဘူး၊ ငါးပါးသီလ ကို လုံးဝမပေါက်ဘူး အသက်နဲ့ လုံတယ် စသဖြင့် ပြောနေတာတွေဟာ ဉာဏ်နည်းလွန်းပါတယ်။ အရိယာတွေကလဲ မရှင်းပြချင်တော့ မရှင်းပြတော့ဘူး။ ပြောပြန်ရင်လဲ ရန်ဖြစ်ရမယ့် ကိစ္စတွေ ဖြစ်နေမှာမို့ပါ။

ဒါပေမယ့် နားလည်နိုင်အောင် နည်းနည်းပြောပါမယ်။ ပုထုဇဉ်တွေ သိတဲ့ ငါးပါးသီလ ဆိုတာက အတ္တဒိဋ္ဌိ နဲ့ ကျုးလွန်တဲ့ သီလပါ။ အရိယာမှာ အတ္တဒိဋ္ဌိ မရှိတဲ့အတွက် အတ္တဒိဋ္ဌိ နဲ့ (ပုထုဇဉ်သိတဲ့ငါးပါးသီလ) ချိုးဖောက်ခြင်း မဖြစ်နိုင်ပါဘူး။ အဲဒါကို အရိယာ ချင်း အတ္တနဲ့ ကျိုးတာမဟုတ်ဘူး ကာမ နဲ့ကျိုးတာ၊ ရူပနဲ့ကျိုးတာ၊ အရူပ နဲ့ကျိုးတာ စသဖြင့် ပြောလေ့ရှိပါတယ်။

ဒီတော့ စာတတ်တယ်လို့ ကိုယ့်ဟာကိုယ် ယူဆရင်တော့ အခုကိုးကားပြတဲ့ သုတ္တန်မှာ ဟောထားတာကို စာတတ်ပေတတ်လိုအဓိပ္ပါယ်ကောက်ရင် အဲဒီ ၆ ခုကတော့ ကမ္ဘာသာ ဟိုဘက် ဒီဘက် လန်သွားမယ် သောတာပန် မဖြစ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ အဲဒီတော့ အဲဒီကနေ ဖြန့်ကျက်ထွက်လာတဲ့ အဓိပ္ပါယ်အရ ကျန်တဲ့ ကိစ္စမှန်သမျှကတော့ အခြေအနေ ပေါ်မူတည်တယ်လို့ပဲ အဖြေထွက်ရမှာ ဖြစ်ပါတယ်။

(နောက်ဆုံးပြောချင်တာကတော့ အရိယာ သီလကို စပ်စုမယ့်အစား၊ ကိုယ်တိုင် အရိယာ ဖြစ်အောင် လုပ်ပါလို့ပဲ ပြောချင်ပါတော့တယ်)


Leave a Reply

Your email address will not be published. Required fields are marked *