ခန္ဓာငါးပါး (ရုပ်၊ ဝေဒနာ၊ ဝိဉာဏ်၊ သညာ၊ သင်္ခါရ) ရှိနေသ၍ မလွဲမသွေ ကြုံရမှာကတော့ သေခြင်းတရားပါ။ ရုပ်တရား နာမ်တရား ဟာ သင်္ခါရတရားတွေ အနတ္တတွေမို့ အသက်ဇီဝဆိုတာ မရှိပါဘူး ဒါပေမယ့် သေခြင်းတရား ကတော့ ရှိပါတယ်။ သေခြင်းတရားကို မလွဲ မသွေ ကြုံရမှာ ဖြစ်လို့ မသေခင်က သေခြင်းတရားအကြောင်းကို သိပြီး ပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ သေခြင်းတရားကို သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ နဲ့ မဖြတ်ကျော်ပဲ အနိစ္စ ဒုက္ခ အနတ္တ ကို သိနားလည်တဲ့ ဉာဏ်နဲ့ ဖြတ်ကျော်ဖို့ အရေးကြီးပါတယ်။
သေခြင်းတရားနဲ့ ပါတ်သက်ပြီး ကြုံရတော့မယ်ဆိုရင် သိထားသင့်တဲ့ ပထမအချက်ကတော့ ရှေ့ဘဝ နောက်ဘဝ ဆိုတာ ဆောင်ပြောရရင် ရှိပါတယ်။ ဒီဘဝ ရုပ်နာမ် ပျက်စီးသွားတဲ့ အခါမှာ နောင်ဘဝ ရုပ်နာမ်ဆိုတာ ဖြစ်ဦးမှာပါ။ မပြီးပြတ်သွားပါဘူး။ သေခါနီးမှာ ဖြစ်တဲ့ စိတ် ပေါ်မူတည်ပြီး ကံအကျိုးပေးဖြစ်ပြီး အဲဒီကံ အကျိုးပေးအတိုင်း ဘဝ အသစ်တစ်ခု ထပ်ဖြစ်ရဦးမှာပါ။
အတည့်ပြောရရင်တော့ ရှေ့ဘဝနောက်ဘဝ ဆိုတာ မရှိပါဘူး အခုလဲ ပိုင်စိုးမရတဲ့ ငါ သူ မဟုတ်တဲ့ ရုပ်နာမ် ဖြစ်ပျက်ကြီး ဖြစ်ပျက်နေတာသာရှိပြီး သေတယ်ဆိုတဲ့ အခါမှာလဲ စုတိစိတ် ဆိုတဲ့ နာမ် ဖြစ်ပျက် ထိုမှတဆင့် ပဋိသန္ဓေစိတ် ကို အကျိုးပေးပြီး ရုပ်နာမ် ဖြစ်ပျက် ဆက်ဖြစ်ဦးမှာပါပဲ။ ဒါကြောင့်လဲ ရှေ့ဘဝ နောက်ဘဝ ဘုရား မဝေဖန် ဆိုတဲ့ စကား ဖြစ်လာတာပါ။ ပုဂ္ဂိုလ် သတ္တဝါ သေပြီးဖြစ်ဦးမှာလား ဆိုရင် ရုပ်နာမ် ဖြစ်ပျက်သာ ရှိတာမို့ မရှိတဲ့ ပုဂ္ဂိုလ် သတ္တဝါနဲ့ မေးတာကို ဘုရား မဖြေတာပါ။
နောက်တစ်ချက်ကတော့ ပုထုဇဥ် ဘဝနဲ့ သေရင် ဝိနိပါတိက ဘေးဆိုတဲ့ ပရမ်းပတာ ကျရောက် တတ်တဲ့ ဘေးရှိပါတယ်။ ဘာလို့လဲ ဆိုတော့ အနိစ္စ ဒုက္ခ အနတ္တ နဲ့ ရုပ်တရား နာမ်တရား ကိလေသာ တရား ကံတရား တို့ရဲ့ အကြောင်းကြောင့် အကျိုး ဖြစ်နေရုံသက်သက် ငါသူဆိုတာ မရှိဆိုတာကို သေခါနီးမှာ နှလုံးမသွင်းနိုင် မဆင်ခြင်နိုင်လို့ပါ။ ဒီအတွက် ရုပ်နာမ်ပဲ ရှိတယ်ဆိုတာကို သိဖို့နဲ့ ခုနပြောခဲ့ သလို အကြောင်းကြောင့် အကျိုး ဖြစ်နေတယ်ဆိုတာကို လေးလေးနက်နက် သိထားဖို့ လိုပါတယ်။ ဒါဆိုရင်တော့ တဘဝ အပယ်မလားဘူးလို့ ဆိုရိုးရှိပါတယ်။
ရုပ်နာမ် ခွဲသိတယ်ဆိုတာကတော့ မြင်နေရတဲ့ ကိုင်တွယ်လို့ ရတဲ့ ချိန်တွယ်လို့ ရတဲ့ အရာမှန်သမျှဟာ ရုပ်ပါ။ ခန္ဓာကိုယ်ကြီးဟာ ရုပ်ပါ။ သေရင်ကျန်ခဲ့တဲ့ အလောင်းကောင်ကြီးနဲ့ ဘာမှ မထူးပါဘူး။ ချိန်တွယ်လို့ မရတဲ့ ခံစားတတ်တဲ့သဘော သိတတ်တဲ့သဘော မှတ်သားတတ်တဲ့ သဘော ပြုလုပ်တတ်တဲ့သဘော (စေတနာ) ဒါတွေကတော့ နာမ်ပါ။ အကောင်အထည်မရှိပါဘူး။ ဒီအပြင်ဘာမှ မရှိတဲ့အတွက် ငါသူဆိုတာ မရှိပါဘူး။ ရုပ်နာမ်ရဲ့ ဖြစ်ပျက်သာ ရှိပါတယ်။ ဒါကို သေသေချာချာ ကိုယ့်ခန္ဓာနဲ့ တိုက်ပြီး အမှန်သိမြင်လက်ခံ သွားရင် ရုပ်နာမ်ခွဲ သိတဲ့ ဉာဏ်ပါပဲ။ ရုပ်နာမ်သာရှိတယ် ငါသူ ဆိုတာ ပုဂ္ဂိုလ် သတ္တဝါဆိုတာ မရှိဘူးဆိုတာကတော့ ဒီဉာဏ်နဲ့ ဆုံးဖြတ်ချက် ချရမယ့် ကိစ္စပါ။ ဒါအရေးကြီးပါတယ်။
အကြောင်းကြောင့် အကျိုး ဖြစ်နေတယ်ဆိုတာကို နားလည်ဖို့ကတော့ ရုပ်တရားဟာ ကံ စိတ် ဥတု အဟာရရဲ့ ပြုပြင်မှုကြောင့် ဖြစ်နေတာ ဖြစ်ပြီး ငါသူမဟုတ် အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားလို့ သိဖို့ပါပဲ။ နာမ်တရားကတော့ အာရုံလို့ခေါ်တဲ့ အဆင်း အသံ အနံ အရသာ ထိတွေ့မှု နဲ့ တွေးကြံမှု အတွေးအကြံ နဲ့ ဒွါရလို့ခေါ်တဲ့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် တို့ ထိခိုက် ရာကနေ ဖြစ်လာတာပါ။
ဒီတော့ ရုပ်တရားရော နာမ်တရားရော ဟာ အကြောင်းကြောင့် အကျိုး ဖြစ်ပျက်နေတာသာ ရှိပြီး ငါသူဆိုတာ မရှိ ဖြစ်ပျက်နေမှု သာ ရှိတယ်။ ပိုင်းစိုးရတဲ့ သဘောနဲနဲမှ မရှိ ဆိုတာကို နားလည်ရမှာပါ။ ပိုင်စိုးမရ အကြောင့်ဖြစ်တဲ့ အကျိုးတရားသက်သက်သာမို့ အနတ္တဆိုတာကို နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။ ပိုင်စိုးမရတဲ့ သဘောမို့ အိုနာသေ ဖြစ်ရတာပါ။ ဒါကြောင့် အိုနာသေနဲ့ ကြုံရတဲ့အခါမှာ အနတ္တ ဆိုတဲ့ အကြောင်း သက်သေပြနေတာပဲလို့ ဆင်ခြင်နိုင်ရင်တော့ အကောင်းဆုံး ပါပဲ။ ဒီလောက်ဆို သေခြင်းတရားနဲ့ ရင်ဆိုင်တဲ့အခါ အကျိုးတစုံတရာ ဖြစ်မယ်လို့ ယူဆပါတယ်။


Leave a Reply