သူရာ ဆိုသည်မှာ မီးဖြင့်ချက်လုပ်၍ဖြစ်စေ၊ တဆေးစသည်တို့ဖြင့် ဖောက်လုပ်၍ဖြစ်စေ ရရှိလာသော မူးယစ်စေတတ်သည့် သေရည်အရက်မျိုး ဖြစ်ပါသည်။

၁။ ပိဋ္ဌသူရာ – ဆန်မှုန့်၊ ကောက်ညှင်းမှုန့် စသည်တို့ကို တဆေးဖြင့် ဖောက်ထားသော သေရည်။

၂။ ပူဝသူရာ – မုန့်ညက်ဖြင့် ဖောက်ထားသော သေရည်။

၃။ ဩဒနသူရာ – ထမင်းကို ဖောက်ထားသော သေရည်။

၄။ ကိဏ္ဏပက္ခိတ္တသူရာ – တဆေးချည်းသက်သက်ဖြင့် ဖောက်ထားသော သေရည်။

၅။ သမ္ဘာရသံယုတ္တသူရာ – မူးယစ်စေတတ်သည့် အပင်၊ အမြစ်၊ အသီး စသော အမယ်များစွာကို ပေါင်းစပ်ဖောက်ထားသော သေရည်။

မေရယ (၅) မျိုး

မေရယ ဆိုသည်မှာ မီးဖြင့်ချက်လုပ်ခြင်း မဟုတ်ဘဲ သဘာဝအတိုင်း အလိုအလျောက်ဖြစ်စေ၊ အချဉ်ဖောက် စိမ်ထားခြင်းဖြင့်ဖြစ်စေ မူးယစ်လာသော ယမကာမျိုး ဖြစ်ပါသည်။

၁။ ပုပ္ဖာသဝ – သစ်ပွင့်ရည် (ဥပမာ- ထန်းပွင့်၊ အုန်းပွင့်) ကို စိမ်၍ဖြစ်သော ယမကာ။

၂။ ဖလာသဝ – သစ်သီးရည်ကို စိမ်၍ဖြစ်သော ယမကာ။

၃။ မဓွာသဝ – ပျားရည်၊ စပျစ်ရည် စသည်ကို စိမ်၍ဖြစ်သော ယမကာ။

၄။ ဂုဠာသဝ – ကြံရည်၊ ထန်းလျက်ရည် စသည်ကို စိမ်၍ဖြစ်သော ယမကာ။

၅။ သမ္ဘာရသံယုတ္တမေရယ – မူးယစ်စေတတ်သော အရသာ အမျိုးမျိုးကို စုပေါင်းစိမ်ထားသော ယမကာ။

ဒါကတော့ ဓမ္မပဒ အဋ္ဌကထာမှာ ဖွင့်ဆိုထားတဲ့ သူရာမေရယ ရဲ့ ဖွင့်ဆိုချက် ဖြစ်ပါတယ်။

ဒီနေ့တော့ တဆက်တည်း ဆေးခြောက်၊ အရွက်၊ Marijuana (နောက်ပိုင်းမှာ အရွက်လို့ပဲ သုံးနှုန်းပါ့မယ်) နဲ့ပါတ်သက်ပြီး နည်းနည်းရေးပါမယ်။ မဂ် ဖိုလ် ကျပြီးတဲ့နောက်မှာ အရွက်ကို စွဲလမ်းခဲ့ဖူး သောက်ခဲ့ဖူးတဲ့ ကိုယ်ဟာ ဒါနဲ့လဲ မကင်းခဲ့ပါဘူး။ အဲဒီနေရာမှာ ကျနော်ဟာ စင်္ကာပူမှာ နေစဉ်ကတည်းက အဲဒီ အရွက်နဲ့ ပါတ်သက်လို့ ကောင်းကျိုး၊ ဆိုးကျိုး စတဲ့ ကိစ္စတွေနဲ့ ပါတ်သက်လို့ အင်တာနက် ယျုကျုမှာ သိပ္ပံပညာရှင်များ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ လူမှုရေး ပညာရှင် များပြောတဲ့ စကားတွေ အကြောင်းအရာတွေကို အများကြီးလေ့လာခဲ့ဖူးတယ် ဆိုတာကိုလဲ သိစေချင်ပါတယ်။

အဲဒီတော့ ကျနော် အနေနဲ့ မဂ် ဖိုလ်ကျပြီးတဲ့အခါ သူရာမေရယ နဲ့ပါတ်သက်ပြီး ပိဋကတ်တော်လာ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှာခဲ့ပါတယ်။ အဲဒီမှာ ဘာသွားတွေ့လဲ ဆိုတော့ ဓမ္မပဒ အဋ္ဌကထာလာ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သွားတွေ့ခဲ့ပါတယ်။ အဲဒီမှာ အားလုံး သတိထားမိတဲ့အတိုင်း သူရာက ငါးမျိုး၊ မေရယက ငါးမျိုးဆိုပြီး အဓိပ္ပွါယ်ဖွင့်ထားပြီး အဲဒီထဲမှာ အငွေ့မပါပဲ အရည်တွေသာ ပါတယ် ဆိုတာကို တွေ့ခဲ့ပါတယ်။ အဲဒါကြောင့်လဲ တချိန်တုန်းက ပိဋကတ် တော်မှ တပါး ဘာမှ အားကိုးရာမရှိတဲ့ ကျနော်က ဒါဆိုရင် အရွက်က သူရာမေရယ ထဲမှာ မပါဘူးလို့ပဲ ယူဆခဲ့မိပါတယ်။ နောက်တချက်ကတော့ စိတ်ရောဂါကု ဆရာဝန်ပေးတဲ့ ဆေးတွေထဲမှာလဲ မူးယစ်ဆေး (ဘိန်းကဲ့သို့ အရာများပါပါတယ်) အဲဒါကြောင့် အဲဒီဆေးတွေကိုလဲ သိပ်မသောက်ချင်တဲ့ ကျနော်က ဥတုဘောဇန သင်္ဂဟ ကျမ်းထဲမှာ ပါတဲ့ အရူးရောဂါပျောက်ဆေးမှာ အရွက်လို့ ရေးထားတာကို မြင်ပြီး ကိုယ့်ကိုယ်ကိုယ်လဲ ရူးနေတာလို့ ထင်ပြီး အဲဒါပျောက်အောင် ဆိုပြီး အဲဒီအရွက်ကို သောက်ခဲ့ပါတယ်။ နောက်တချက်ကတော့ အင်တာနက်မှာ တွေ့ခဲ့ဖူးတဲ့ ဆေးဖက်ဝင်တဲ့ အရွက်၊ အပန်းဖြေရာတွင်သုံးသော အရွက် (medical marijuana, recreational marijuana) ဆိုတဲ့ ခေါင်းစဉ်အောက်က အရွက်က ဦးနှောက်မှာ ရှိတဲ့ နူရွန်တွေကို အထောက်အပံ့ပေးတယ် ပြန်ကောင်းဖို့ လုပ်ပေးတယ် ဆိုတာကို အမှတ်ရပြီး လွတ်လွတ်လပ်လပ် သုံးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးတခေါက် ဆေးရုံတက်တဲ့အချိန်မှာတော့ ဒါနဲ့ပါတ်သက်ပြီး ခန္ဓာနဲ့ ဆင်ခြင်မှုလုပ်ပြီး လုံးဝ စွန့်လွှတ်ခဲ့ပါတယ်။ ဆင်ခြင်မှုလုပ်ပုံကတော့ ကိုယ့်ကို ငွေကြေးတွေပုံပေးမယ်၊ အရွက်သောက်မလားလို့ မေးတယ် ဆိုရင် ဘာအဖြေထွက်မလဲ ဆိုတာကို စဉ်းစားရတာပါ။ အဲလိုစဉ်းစားတဲ့အခါကျမှ မသောက်ဘူးဆိုတဲ့ အဖြေထွက်ပြီး ဒါဆိုရင် သူရာမေရယ ထဲမှာ အရွက်လဲ ပါတယ် ဆိုပြီး လုံးဝကို စွန့်လွှတ်လိုက်တာပါ။ အဲဒါကို သိတဲ့အချိန်က စပြီးလဲ သောက်ချင်စိတ်က လုံးဝကို မဖြစ်တော့ပါဘူး။

ဒီတော့ ဒါနဲ့ပါတ်သက်ပြီး နောက်ဆုံးအနေနဲ့ ဗဟုသုတ ရအောင် နည်းနည်းပြောပြခဲ့ပါမယ်။ အဲဒါကတော့ အခုအချိန်ထိ ဒီအရွက်နဲ့ပါတ်သက်ပြီး နိုင်ငံတကာ ဆေးပညာ လောကမှာ ငြင်းကြ ခုန်ကြတုန်းရှိပါသေးတယ်။ ကောင်းတယ် မကောင်းဘူး အမျိုးမျိုး ငြင်းနေကြတုန်းပါ။ တချို့နိုင်ငံတွေမှာလဲ ကောင်းတယ်ဆိုတဲ့ဘက်ကို အလေးပေးပြီး တရားဝင် ပြုလုပ်ထားတာတွေ ရှိပါတယ်။ ဟော်လန်ဆိုရင် တရားဝင်လုပ်ထားတာ အလွန်ကြာပါပြီ။ နောက်ပိုင်းမှာ အမေရိကန် တချို့ပြည်နယ်တွေနဲ့ ထိုင်းမှာ တရားဝင်လုပ်တာမျိုးတွေ ရှိပါတယ်။ ထားပါတော့ အဓိက ပြောချင်တာကတော့ တကယ်လို့ အဲဒါကို မစမ်းသပ်ဖူးဘူး ဆိုရင်တော့လုံးဝ မစမ်းသပ်သင့်တဲ့ အကြောင်းပါ။ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ မူးယစ်ဆေးဆိုတာ ရှောင်သင့်ပါတယ်။ တတ်နိုင်ရင် ဆေးလိပ်ပါ မသောက်သင့်ပါဘူး။ ဒီလိုမသောက်တာကတော့ ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ ဒီလိုနားမလည်ခဲ့တဲ့ မိုက်ခဲ့တဲ့ ကျနော်ကတော့ ဟိုးငယ်စဉ် ဆယ်တန်းဘဝ လောက်ကတည်းက သောက်ခဲ့မိတာပါ။

အဲဒီတော့ ဒီနှစ်ပိုင်းအတွင်းမှာ ဓမ္မပဒ အဋ္ဌကထာကို ယုံကြည်မိတဲ့၊ ဥတုဘောဇန သင်္ဂဟကျမ်းကို ယုံကြည်မိတဲ့၊ ဆရာဝန်ပေးတဲ့ဆေးကို မသောက်ပဲ ရောဂါအမြစ်ပြတ်တာကို လိုချင်မိတဲ့ စိတ်အပန်းဖြေရာတွင် အသုံးပြုနိုင်သည်ဆိုတဲ့ သိပ္ပံပညာရှင် တချို့ရဲ့ စကားကို နားယောင်ခဲ့တဲ့ ကျနော်က အဲဒါကို သုံးစွဲမိပြီး အဲဒါဖြတ်ဖို့အတွက် ဆေးရုံကို သုံးခေါက်ရောက်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တစ်အချက် ဒါဟာ သူရာမေရယ ထဲမှာ ပါတယ်။ နှစ်အချက် ဒါကို သုံးခြင်းအားဖြင့် ကိုယ့်မိသားစုမှာ စိတ်ညစ်ရတယ်။ ငွေကြေးတွေ ကုန်ကျရတယ် ဆိုတာကို ဆင်ခြင်မိပြီး ဒါကို ၂၀၂၅ ဩဂုတ်လ ထဲက လုံးဝ မသုံးတော့ပါဘူး။

ဒါနဲ့ပါတ်သက်ပြီး သောက်မိပြီးသား သောက်နေဆဲလူတွေကို ပြောချင်တာကတော့ သူက ဘာအလုပ်မှ မရှိတဲ့အချိန်ဆိုရင်တော့ မဆိုးပါဘူး၊ ဒါပေမယ့် အလုပ်လုပ်ရမယ် ဆိုရင်တော့ လုံးဝကို အဆင်မပြေတဲ့ ကိစ္စလို့ ပြောချင်ပါတယ်။ သူက မစွဲဘူးဆိုပေမယ့်လဲ ဆေးလိပ်လောက်တော့ စွဲပါတယ်။ အရွက်များ မစွဲပါဘူးကွာ ငါဆို နေ့တိုင်းသောက်နေတာပဲ ဆိုတဲ့သူတွေ များပါတယ်။

နောက်ထပ် အရေးကြီးတဲ့အချက် တချက်ကတော့ အဲဒီအရွက်က အသက် ၂၅ မပြည့်ခင် သောက်ရင် ဦးနှောက်ဖွံ့ဖြိုးမှုကို ဆိုးကျိုးပေးတယ် ဆိုတာကို သိပ္ပံပညာရှင်တွေ အားလုံးက လက်ခံထားကြပါတယ်။ ကျနော်ဆိုလဲ ငယ်ငယ်ကတည်းက သောက်မိတော့ စာတွေကို ကျက်မှတ်တဲ့နေရာမှာ အလွန်အားနည်းပါတယ်။

အဲဒီတော့ အနှစ်ချုပ်အနေနဲ့ ပြောချင်တာကတော့ အဲဒါဟာ သူရာမေရယ ထဲမှာ ပါတာ ဖြစ်တဲ့အတွက် မကောင်းပါဘူး။ မသောက်သင့်တဲ့အရာပါလို့ပဲ ပြောချင်ပါတယ်။ သောက်မိပြီးသား သောက်လက်စ လူတွေကိုတော့ ဘာမှ မပြောလိုပါဘူး။ အဲဒီ Debate ဟာ ဘယ်တော့မှ ပြီးမယ့် Debate မဟုတ်ပါဘူး။

ပုထုဇဉ်တွေ ကတော့ ဆေးလိပ်၊ အရက်၊ မိန်းမ ဆိုတာ လုံးဝမကောင်းဘူး၊ ဒါပေမယ့် ဒါမှ မလုပ်ရင်လဲ လောကကြီးဘာလို့ နေဦးမှာလဲ လို့ ပြန်ပြောမှာကို ကြားယောင်ပြီး ဘာမှ အထွေအထူး မှတ်ချက်ပေးလိုခြင်းမရှိတော့ပါဘူး။ ကျနော်သောက်ခဲ့မိတာကတော့ အပေါ်မှာ ပြောခဲ့တဲ့အကြောင်းတွေကြောင့်ပါလို့ပဲ ပြောချင်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောရရင် အယူအဆ အမှားတွေဆိုတာ အင်မတန် ဒုက္ခပေးပါတယ်။ ကျနော် အရက် ဆိုတာကို စမ်းမိတာကလဲ အရက် နဲ့ ရေ ရောသောက်ရင် ရေသာဝင်ပြီး အရက်မဝင်ဘူးလို့ အခိုင်အမာ ပြောထားတဲ့ အယူမှား လောကမှာ ရှိခဲ့လို့ပါ။ အဲဒီအယူမှားသာ မရှိခဲ့ရင် ကျနော်သောက်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ အရွက်ကို သောက်ဖြစ်တာကလဲ ဓမ္မပဒ အဋ္ဌကထာမှာ သူရာမေယရသည် အရည်တွေသာ ဖြစ်သည်လို့ အခိုင်အမာ ပြောထားလို့ပါ။ အဲလိုမဟုတ်ရင် သောက်ချင်မှ သောက်မိမှာပါ။ ဒါကြောင့် ဒီကိစ္စတွေမှာ တကယ်တော့ ကျနော့် အပြစ်ဆိုတာထက် အယူမှားတွေရဲ့ အပြစ်လို့ စိတ်ထဲ ဖြစ်မိပါတယ်။ (ကိုယ့်မှာလဲ အရွက်နဲ့ပါတ်သက်ပြီး အတိုင်းအတာ တခုထိ တာဝန်ရှိတယ် ယူဆပါတယ်။ အရက်ကတော့ ကျနော့် အပြစ်လုံးဝမဟုတ်ပါ။ ကျနော်က အရက်ကို အဝင်ဆိုးလို့ ဘယ်တုန်းကမှ မကြိုက်ခဲ့ပါ။ သောက်ချင်စိတ်လဲ လုံးဝမရှိခဲ့ပါ။) အဲဒါကြောင့် တရားတော်တွေနဲ့ ပါတ်သက်ရင် အယူအမှားတွေကို ထင်သလို ပြောတာဟာ အင်မတန် အပြစ်ကြီးတယ်လို့ပဲ ယူဆမိပါတယ်။ ကျနော်အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားတာကလဲ အမှားမပြောမိဖို့ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *