ဒီစကားက မိုးကုတ်ဆရာတော်ကြီး စကားပါ။ သုညတ တရားကလဲ အရေးကြီးပါတယ်။ သုညတ ဆိုတာဟာ ပုဂ္ဂိုလ် သတ္တဝါ ဆိတ်သုဉ်းတာကို သုညတလို့ ခေါ်ပါတယ်။

ဒီအကြောင်း မပြောခင်မှာ လောက သုံးပါးအကြောင်း ပြောပါ့မယ်။ လောက ဆိုတာ သုံးပါးရှိပါတယ်။ သတ္တလောက၊ ဩကာသ လောက၊ သင်္ခါရ လောကပါ။ သတ္တလောက ဆိုတာက သတ္တဝါတွေကို ပြောတာ ဖြစ်ပြီး၊ ဩကာသ လောက ကတော့ ရေမြေ တောတောင် စတာတွေ အကုန်လုံးကို ပြောတာပါ။ သတ္တဝါ ဆိုတာ ဟာလဲ အကြောင်းကြောင့် အကျိုး ဖြစ်တာဖြစ်ပြီး၊ ဩကာသလောက ဆိုတာသည်လည်း အကြောင်းကြောင့် ဖြစ်တဲ့ အကျိုး ပါပဲ။ သတ္တလောကမှာ ရုပ်ကို စီမံတာသည် ကံ၊ စိတ်၊ ဥတု၊ အဟာရ ဖြစ်ပြီး၊ ဩကာသ လောက ကို စီမံတာကတော့ ဥတု ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ဒီလောက နှစ်ခုစလုံးဟာ အကြောင်းကြောင့် ဖြစ်သော အကျိုးတရား ဖြစ်တဲ့ သင်္ခါရတရားတွေသာ ဖြစ်တဲ့အတွက် လောက နှစ်မျိုးစလုံးဟာ သင်္ခါရ လောကထဲမှာ အကျုံးဝင်သွားပါတယ်။

အဲဒီတော့ ဩကာသ လောကဆိုတာကတော့ သတ္တဝါမဟုတ်မှန်းရှင်းပါတယ်။ သတ္တဝါလို့ သတ်မှတ်ထား တဲ့ ရုပ်နာမ် တွေမှာတော့ သတ္တဝါ ဆိုတဲ့ အထင်ရှိနေကြပါတယ်။ ကျနော်တို့က သတ္တဝါ လို့ပြောရင် သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်၊ စဉ်းစားနိုင်၊ တွေးခေါ်နိုင်၊ ပြုလုပ်နိုင် တယ်လို့ ယူဆထားတာပါ။

တကယ်တော့ ရုပ်နာမ်ကို ပိုင်းခြား စိတ်ဖြာကြည့် လိုက်မယ် ဆိုရင် ရုပ်ဆိုတာကလဲ ဓမ္မသင်္ဂဏီမှာ လာတဲ့အတိုင်း ယောက်ျားမိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ မရှိပဲ ထိပါး၍ ရသောရုပ်၊ ထိပါး၍ မရသောရုပ်၊ မြင်အပ်သောရုပ်၊ မမြင်အပ်သော ရုပ်….. စသဖြင့် ရုပ်ပေါင်းများစွာ ပေါင်းစည်းထားတာပါ။ အဲလိုပါပဲ နာမ်တရား ဆိုတာကလဲ စိတ် နဲ့ စေတသိတ်တွေ ပေါင်းစည်းပြီး ဖြစ်နေတာပါ။

အဲဒီတော့ မြင်အပ်သော ရုပ်ဆိုတာကို သတ္တဝါလား စဉ်းစားကြည့်ရအောင်ပါ။ မြင်အပ်သောရုပ်ဆိုတာက သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်၊ စဉ်းစားနိုင်၊ ပြုလုပ်နိုင် စတဲ့အလုပ်တွေ တခုမှ မလုပ်နိုင်ပါဘူး သူ့သဘာဝ အတိုင်း ဖောက်ပြန် ပျက်စီးတဲ့အလုပ်ပဲ လုပ်နိုင်ပါတယ်။ အဲလိုပါပဲ ယောက်ျားရုပ် မိန်းမရုပ် ဆိုတာကိုလဲ ခွဲကြည့်လိုက်ရင် သဏ္ဌာန်သာ ကွာတာပါ။ တကယ်တော့ တူညီတဲ့ ရုပ်တွေပဲ စုစည်းထားတာ ဖြစ်လို့ ရုပ်တခု ခြင်းစီဟာလဲ သတ္တဝါရဲ့ သဘောတွေ မရှိတဲ့အတွက် ယောက်ျားပဲ မိန်းမပဲ ဆိုတာလဲ ပြောလို့မရပါဘူး. တူညီသော ရုပ်များသာ ဖြစ်ပါတယ်။ နာမ်တရားတွေမှာလဲ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ တူညီတဲ့ စိတ်တွေ ချည်းပါပဲ။ ဒီနေရာမှာ လောဘကိုလဲ ငါ့လောဘလို့ ထင်တတ်ပါတယ်။ တကယ်တော့ လောဘဆိုတဲ့ တရားဟာ သတ္တဝါဆိုတဲ့သဘော သွားနိုင်၊ လာနိုင်၊ စားနိုင်၊ ဆုံးဖြတ်နိုင်၊ စဉ်းစားနိုင် စတာတွေ မလုပ်နိုင်ပါဘူး။

အဲဒါကြောင့် သတ္တဝါဆိုတဲ့ သဘောဟာ သေသေချာချာ စမ်းစစ်ကြည့်ရင် လောကကြီးမှာ မရှိပါဘူး။ အဲဒါကြောင့် လောကကြီးမှာ ပုဂ္ဂိုလ် သတ္တဝါ ဆိတ်သုဉ်းတယ် ဆိုတဲ့ သုညတ ဆိုတဲ့ သဘောပါပဲ။

ဒီလောက်ဆို သုညတ ဆိုတဲ့ သဘောကို နားလည်ပြီ ထင်ပါတယ်။ သုည နဲ့ သုညတ နဲ့ မတူတာကိုလဲ သတိထား စေလိုပါတယ်။ သုည ဆိုတာက ဂဏန်း သင်္ချာက လာတဲ့ စကားဖြစ်ပြီး ဘာမှ မရှိတာကို ကိုယ်စားပြုတာပါ။ သုညတ ဆိုတာကတော့ ပုဂ္ဂိုလ်သတ္တဝါ မရှိ ဆိုတာကို ကိုယ်စားပြုတာပါ။ နိဗ္ဗာန်ကိုလဲ သုညတ ဓမ္မ အဖြစ် ခေါ်တာ သုံးနှုန်းတာ ကြားဖူးပါတယ်။ ဒါပေမယ့် နိဗ္ဗာန်က သုညပဲ လို့ ပြောလိုက်ရင်တော့ နိဗ္ဗာန်ဆိုတဲ့ အရှိတရား ကို မမြင်နိုင်ပဲ ဥစ္ဆေဒ ဒိဋ္ဌိ ဖက် ကူးသွားနိုင်ပါတယ်။

စကားမစပ် ဦးမောင်မောင်တို့က ဖြစ်ပြီး ပျက်နေတာ ဖြစ်တာကြောင့် သုည ဆိုတဲ့ စကားကို သုံးပါတယ်။ တကယ်တော့ ဖြစ်ပြီးပျက်နေတဲ့ တရားတွေကို ဖြစ်ပြီးပျက်နေတဲ့ တရားတွေ အဖြစ်ပဲ မြင်ရမှာပါ။ အဲဒီမှာ ပျက်တဲ့ နေရာမှာ၊ ပျက်တယ်ဆိုတာ မှန်ကြောင်း ဆုံးဖြတ်တဲ့ ဉာဏ်ကိုတော့ လောကီမဂ်လို့ ခေါ်ပါတယ်။ အဲဒီအဆင့်ကို ကျော်ပြီး ဖြစ်ပျက်နေတာ ရှိပါလျှက်မရှိဘူး၊ သုညပဲ။ သုညလို့ သိတာက နိဗ္ဗာန်ပဲ အဲဒါကြောင့် ကျင့်စရာမလို နိဗ္ဗာန်က မြင်စရရာမလို ရှိပြီးသားပဲ ဆိုတာတွေက ကျတော့ တရားတော်ကို လွန်ပြီး ဟောတဲ့ ကိစ္စတွေပါ။ ကျနော် သုံးသပ်မိသလောက်တော့ ဦးမောင်မောင် တပည့်တွေဟာ သုညတ နဲ့ ပါတ်သက်ပြီးရင်လဲ သေချာ မသိပါဘူး။ သုညတ ဆိုတဲ့ထိ မရောက်ပါဘူး။ အဲလိုပဲ ဖြစ်ပျက်ကိုလဲ ရှုမှတ်ပုံ မှားနေပါတယ်။ ဦးမောင်မောင် မှားခဲ့တာတွေက အဲဒါတွေပါ။ တရားအားထုတ်ရင်း အချိန်မတန်ခင် ဖြစ်ချင်စိတ်တွေ များပြီး တရားကို အလွယ်လေး လုပ်လိုက်လို့ နောက်လိုက် နောက်ပါများနဲ့ တကွ မဂ်ဖိုလ် ကို မရနိုင်တဲ့ လတ်တလောမှာ မောဟနဲ့ စိတ်ကျေနပ်စေတဲ့ သဘောဖြစ်နေတာပါ။

နောက်ထပ် မှတ်သားစရာ တခုက သုညတဆိုတဲ့ သဘောက ဝိပဿနာ ဉာဏ်ထဲမှာပဲ ပါပါသေးတယ်။ သုညတ ဆိုက်ရုံနဲ့ မဂ်မကျ နိုင်သေးပါဘူး။ သူ့အထက်မှာ ဉာဏ်စဉ်တွေ ရှိပါသေးတယ်။ သုညတ သဘောကို တကယ် နားလည်မယ် ဆိုရင်တော့ စိတ်အေးချမ်းမှု တမျိုး ရမှာပါ။ ကိုယ့်ရုပ်နာမ် နဲ့ သူတပါး ရုပ်နာမ်တွေရဲ့ သတ္တဝါမဟုတ်မှု ကို တခုခြင်း ပိုင်းခြား စိတ်ဖြာပြီး ဆင်ခြင် လိုက်မယ် ဆိုရင် နောက်ဆုံးမှာ သတ္တဝါ ဆိုတာ မရှိဆိုတာကို လုံးလုံးသဘော ပေါက် သွားမှာပါ။ အဲဒီအခါ အပူအပန်တွေကနေ ခဏအေးချမ်းမှု ရမှာပါ။ သတ္တဝါ မရှိတော့ ပူစရာ မရှိဘူးဆိုတဲ့ သဘောမျိုးပါ။ ဒါပေမယ့် နောက်တဆင့် တက်ချင်ရင်တော့ အဲဒီ သုညတ ကို သိတဲ့ စိတ်ပါ ကိုယ်မဟုတ် ဆိုတာကို ထပ်သိပြီး သုညတ အစစ်အမှန်ကို ဆိုက်နိုင်ပါတယ်။ ဒါပေမယ့် ပြောခဲ့တဲ့ အတိုင်း မဂ်တော့ မဟုတ်သေးပါဘူး။

မဂ်ရဲ့ ထူးခြားချက်က လောကကြီးမှာ သုခ ဆိုတဲ့ အရာ လုံးဝ မရှိတာကို သဘောပေါက်ပြီး သုခနဲ့ ပါတ်သက်တဲ့ အယူ စင်ကြယ်သွားတာပါ။ အဲဒါကြောင့်လဲ ပထမ မဂ်ကျပြီးသူများက မရမနေဆိုတဲ့ သဘောတွေ ပျောက်ကုန် တာပါ။ တကယ်မဂ် ဆိုခဲ့ရင် ဒုက္ခသစ္စာကို ပိုင်းခြားသိခြင်း၊ သမုဒယ ကိုပါယ်ခြင်းနဲ့ နိဗ္ဗာန်ကို မြင်ခြင်းတို့ ဖြစ်ရပါတယ်။ အဲဒီတော့ ဦးမောင်မောင် အယူအဆနဲ့ မဂ်ကျပြီ ထင်ရင်တော့ (တနည်း) အရိယာ ဖြစ်ပြီ ထင်ရင်တော့ အဲဒီသဘောတွေ ကိုယ့်မှာ ပြည့်စုံပြီလား၊ တနည်း ဖိုလ်ကို ပြန် အမှတ်ရနိုင်တဲ့ သဘောရှိပြီလား ဆင်ခြင်ကြည့်ပါ။

ကျနော်တို့ အနေနဲ့က ဦးမောင်မောင်လူ မိုးကုတ်ဆရာတော်ကြီးလူ စသဖြင့် ပုဂ္ဂိုလ် အစွဲတွေမှ လွန်မြောက်ဖို့ လိုပါတယ်။ ကျနော်တို့က ဆရာတွေထက် တရားတော်ကို ပိုအလေးအမြတ်ထားရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်နောက် မလိုက်ပဲ တရားနောက် လိုက်ရမှာ ဖြစ်ပါတယ်။ တရားတော်နဲ့ ယှဉ်လာရင် မိုးကုတ်ဆရာတော် ကြီးမှာ အမှားပါတယ်ဆိုလဲ ထောက်ပြရမှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဆရာတော်ကြီးက ပရိနိဗ္ဗာန် ပြုသွားပြီ မို့ ဘာမှ ထိခိုက်စရာ မရှိပါဘူး။ ကျနော်တို့ အနေနဲ့ကတော့ မဂ်ဖိုလ် ကျအောင် တရားအားထုတ်ရဦးမှာ မို့ ကိုယ်ပိုင်ဉာဏ်နဲ့ သေသေချာချာ စမ်းစစ်ပြီး ကိုယ်တိုင်ကျင့်သုံးဖို့ အဓိကပါပဲ။

အတ္တာဟိ အတ္တနော နာထော လို့ပြောရင်းပဲ နိဂုံးချုပ်ပါရစေ။


Leave a Reply

Your email address will not be published. Required fields are marked *