ကျနော့်အနေနဲ့ ကလေးတယောက် ဒီ အဋ္ဌကထာကို ဖြေပြီး ချီးမြှောက်ခြင်းခံရတာနဲ့ပါတ်သက်တဲ့ အမြင်ကို ပြောရရင်တော့ အဲဒါက လူတယောက်ကို ဦးနှောက်ဆေးလိုက်ပြီး ဦးနှောက်အဆေးအခံနိုင်ဆုံးလူကို ဆုချတာပါပဲ။
လူတယောက်ကို ပူနေတဲ့ ထောပတ်အိုးနဲ့ လောင်းရင် သူ့ဟာသူ မေတ္တာမက လို့ ဘာပဲ ရှိရှိ အပူလောင်မှာပါပဲ။ ဒါဟာ ရုပ်ရဲ့ ပထဝီ နဲ့ တေဇော ရဲ့ သဘောပါ။ ဒီသဘောတွေကို ကိုယ့်အလိုကျ စီမံလို့မရဘူးဆိုတာ မြတ်စွာဘုရားဟောတဲ့ အနတ္တတရားပါ။
ဒီတော့ မေတ္တာထားလိုက်လို့ မေတ္တာထားနိုင်လို့ ရုပ်ရဲ့သဘောက အပူခံနိုင်တဲ့ စီလီကွန်ရုပ် အဖြစ်ကို ပြောင်းမသွားပါဘူး။ သီရိမာက ဥတ္တရာကို ဆီပူနဲ့လောင်းချတာ ဥတ္တရာ ဘာမှမဖြစ်ဘူးဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ အဓိပ္ပါယ်လဲ မရှိပါဘူး။ ဒါကိုပဲ မေတ္တာတရားထားနိုင်ရင် ဖြစ်တယ်လို့ တကယ်ယုံကြည်တယ် တကယ်လဲ မေတ္တာထားနိုင်တယ် စွမ်းတယ် ဆိုရင် ကျနော် ဆီပူနဲ့ လောင်းချပြပါ့မယ်။ မေတ္တာထားပြီး ဘာမှ မဖြစ်အောင် နေပြပါ။ ဘာအန္တရာယ်မှ မဖြစ်ဘူး။ အပူလောင်မှု လုံးဝ မဖြစ်ဘူး၊ ရုပ်ပိုင်းဆိုင်ရာ ဘာထိခိုက်မှုမှ မရှိဘူး ဆိုရင် ရှိသမျှ အကုန်ပေးပြီး တသက်လုံးကျွန်ခံ ပါ့မယ်။
အဲဒီတော့ အဓိပ္ပါယ်မရှိ သိပ္ပံနည်းကျ မဖြစ်နိုင်တာတွေကို အဋ္ဌကထာအနေနဲ့ ဘုရားပွင့်ပြီး နောက် နှစ် ၉၀၀ လောက်မှာ ထင်သလို ရေးထားတာတွေကို ယုံကြည်တဲ့သူတွေကို ဆုချတဲ့ စနစ်နဲ့ လောကကို ဘုန်းကြီးတွေ ဖျက်စီးနေကြတာဟာ လူတွေရဲ့ စဉ်းစား တွေးခေါ်နိုင်စွမ်း၊ အကြောင်းအကျိုး ဆင်ခြင်မှုကို သိန်းတထောင်ရင်းပြီး သတ်လိုက်တာပါပဲ။
မြန်မာပြည်က လူတွေက ဒီအဖြစ်အပျက်ကိုကြည့်ပြီး ဘာပြောမလဲ ဆိုတော့ မေတ္တာထားနိုင်ရင် ဆီပူမလောင်နိုင်ဘူးဆိုတဲ့ အယူမှားဖြစ်သွားမယ်။ ဘယ်လိုမေတ္တာထားရင် ဆီပူမလောင်တဲ့ Super Power ရသွားမယ်လို့ တလွဲယုံကြည်မှုဖြစ်မယ်။ အင်မတန် စိတ်ပျက်စရာကောင်းတဲ့ မျက်ကန်း ယုံကြည်မှုတွေပါ။
ရဟန်း ရှင် လူ အားလုံးကို စိန်ခေါ်ပါတယ်။ အဲဒီဇာတ်လမ်း အမှန်ဖြစ်ကြောင်း သက်သေပြချင်ရင် ကျနော်ပေါ် မေတ္တာထားပြပြီး ကျနော် ဆီပူနဲ့လောင်းတာမှာ ဘာမှ မဖြစ်ကြောင်းသက်သေပြပါ။ ဒါမှမဟုတ်လဲ ကျနော် လောင်းချနိုင်တဲ့သူကို ရှာပေးပါ့မယ်။ ဘယ်သူလောင်းချရမယ်ဆိုတာ အဓိက မကျပါဘူး။ သူတို့ရဲ့ ထိုးဇာတ်ကြီးထဲမှာလဲ ဥတ္တရာက အဲဒီအချိန်မှာ ပုထုဇဉ်ပဲမို့ ပုထုဇဉ် ရဟန်းးထဲက မေတ္တာ ထားတတ်တဲ့ ဈာန် အထိကို စိန်ခေါ်ပါတယ်။ နိရောဓ သမ္မာပါတ်ကတော့ မပါပါဘူး။ နိရောဓ သမ္မာပါတ်က မေတ္တာမဟုတ်ပါဘူး။ အပေါ်မှာ ကျနော်ပြောခဲ့သလို ရှိသမျှ အကုန်ပေးမယ့် အပြင် တသက်လုံးပါ ကျွန်ခံပါ့မယ်။
မလုပ်ရဲရင်တော့ အဲဒီအယူကို စွန့်ကြပါ။ အဋ္ဌကထာတွေရဲ့ ကျွန် အဖြစ်မခံကြပါနဲ့။ ဦးနှောက်ဆိုတာ တင်ပါ့ဘုရား လုပ်ဖို့မဟုတ်ပါဘူး။ စဉ်းစားဖို့ပါ။


Leave a Reply