ယနေ့ခေတ်ဟာ သိပ္ပံနဲ့ နည်းပညာ အထွန်းကားဆုံး ခေတ်လို့ ဆိုရပါမယ်။ လူတွေဟာ အရင်က နတ်ဘုရားတွေ ဖန်ဆင်းတယ်လို့ ယုံကြည်ခဲ့တဲ့ အရာတွေကို သိပ္ပံနည်းကျ အဖြေထုတ်နိုင်လာကြပြီ။ အဏုမြူဗုံးတွေ လုပ်နိုင်လာတယ်၊ အင်္ဂါဂြိုဟ်ပေါ် ယာဉ်တွေ လွှတ်နိုင်လာတယ်၊ လူသားရဲ့ မျိုးဗီဇ (DNA) ကိုတောင် ပြုပြင်နိုင်လာကြပြီ။ ဒါကြောင့် လူအတော်များများက သိပ္ပံပညာဟာ အရာရာကို သိနိုင်တယ်၊ သိပ္ပံပညာကသာ အမှန်တရားလို့ ယူဆလာကြတယ်။
ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ အပြတ်ပြောရဲတယ်။ သိပ္ပံပညာ ဘယ်လောက်ပဲ တိုးတက်တိုးတက်၊ ဘယ်တော့မှ လိုက်မမီနိုင်တဲ့၊ သိပ္ပံပညာရှင်တွေ မျက်စိလည်နေတဲ့ နယ်ပယ်တစ်ခု ရှိတယ်။ အဲဒါကတော့ ဗုဒ္ဓဟောကြားခဲ့တဲ့ “အနတ္တ” (Non-Self) သဘောတရားပါပဲ။ သိပ္ပံပညာက “ရုပ်” (Matter) ကို အတော်လေး သိနေပြီလို့ ထင်ရပေမယ့် “နာမ်” (Mind) နဲ့ “အနတ္တ” အစစ်အမှန်ကိုတော့ အဝေးကနေ လှမ်းကြည့်နေရတုန်းပါပဲ။
သိပ္ပံက မြင်တဲ့ ရုပ်နှင့် နာမ်
သိပ္ပံပညာက ရုပ်လောကကြီးကို ဖြိုခွဲကြည့်တယ်။ အရာဝတ္ထုတွေကို မော်လီကျူး၊ မော်လီကျူးကနေ အက်တမ်၊ အက်တမ်ကနေ ပရိုတွန်၊ နယူထရွန်၊ အီလက်ထရွန် ဆိုပြီး ဖြိုခွဲပြတယ်။ အခုနောက်ပိုင်း ကွမ်တမ် ရူပဗေဒ (Quantum Physics) မှာဆိုရင် အဲဒီ အမှုန်အမွှားလေးတွေဟာ တကယ်တော့ အစိုင်အခဲ မဟုတ်ဘဲ စွမ်းအင်လှိုင်း (Wave) တွေသာ ဖြစ်တယ်လို့ ပြောလာကြတယ်။ ဒါဟာ ဗုဒ္ဓဟောတဲ့ “ရုပ်ဆိုတာ မမြဲဘူး၊ အမြဲတမ်း ပြောင်းလဲနေတဲ့ သဘောရှိတယ်” ဆိုတဲ့ အနိစ္စသဘောနဲ့ အတော်လေး နီးစပ်လာတာပါ။
ဒါပေမဲ့ သိပ္ပံပညာရဲ့ အားနည်းချက်က “နာမ်” (Mind/Consciousness) ကို ရှင်းပြတဲ့နေရာမှာ ရှိပါတယ်။ သိပ္ပံပညာရှင် အများစုက စိတ်ဆိုတာ ဦးနှောက်ထဲမှာရှိတဲ့ နျူရွန် (Neuron) တွေရဲ့ လျှပ်စစ်စီးဆင်းမှုနဲ့ ဓာတုဗေဒဆိုင်ရာ တုံ့ပြန်မှုတွေကြောင့် ဖြစ်လာတဲ့ “ဘေးထွက်ပစ္စည်း” (By-product) တစ်ခုလို့ပဲ မြင်ကြတယ်။ ဆိုလိုတာက ရုပ်ရှိလို့ နာမ်ဖြစ်တာ၊ ရုပ်ပျက်ရင် နာမ်ပါ ပျက်သွားတာပဲလို့ ယူဆကြတယ်။ ဒါကို Materialism (ရုပ်ဝါဒ) လို့ ခေါ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ကို အစိတ်စိတ်အမွှာမွှာ ခွဲကြည့်ကြတယ်။ ဘယ်နေရာကနေ “ငါ” ဆိုတဲ့ ခံစားချက် ထွက်လာသလဲလို့ ရှာကြတယ်။ ဒါပေမဲ့ သူတို့ ဘယ်တော့မှ ရှာမတွေ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က “ပညတ်” (Concepts) နယ်ပယ်ထဲမှာပဲ ရှာနေကြလို့ပါ။
ဗုဒ္ဓနည်းကျ မြင်တဲ့ အနတ္တ
ဗုဒ္ဓကတော့ သိပ္ပံပညာရှင်တွေထက် နှစ်ပေါင်း ၂၅၀၀ စောပြီး ဒီထက်ပိုမို နက်ရှိုင်းတဲ့ “ပရမတ္တ” အမှန်တရားကို ဟောခဲ့တယ်။ ဗုဒ္ဓက ရုပ်ကိုတင်မကဘူး၊ နာမ်ကိုပါ အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်သလို အသေးစိတ် ဖြိုခွဲပြခဲ့တယ်။ ရုပ်ကိုတော့ မြင်အပ်သောရုပ်၊ မမြင်အပ်သောရုပ်၊ ထိပါး၍ရသောရုပ်၊ ထိပါး၍မသောရုပ် ဆိုပြီး အနတ္တဆင်ခြင်နိုင်ဖို့ကိုသာ အမျိုးအစားခွဲပြခဲ့ပါတယ်။ စိတ်ကိုတော့ စိတ်နဲ့ စေတသိတ်ဆိုပြီး နှစ်မျိုးခွဲပြခဲ့ပါတယ်။ စေတသိတ်ကို ခွဲပြတယ် ဆိုတာဟာ ဘယ်လောက် ခက်ခဲလဲဆိုရင် သမုဒ္ဒရာထဲက ရေကို ဘယ်ရေက ဧရာဝတီရေ၊ ဘယ်ဟာက သံလွင်ရေ၊ ဘယ်ဟာက ချင်းတွင်းရေ လို့ ခွဲပြရလို အင်မတန်ခက်ခဲပါတယ်။ စိတ်ဟာ စေတသိတ်နဲ့ ယှဉ်ပြီး အမြဲဖြစ်နေတာပါ။ စိတ်တစ်ခု ဖြစ်ပြီးတာနဲ့ နောက်စိတ်တစ်ခုက အစားထိုးဝင်လာတယ်။ ဒီလို အစားထိုးမှု မြန်ဆန်လွန်းတဲ့အတွက် ကျွန်တော်တို့က စိတ်ကို “တစ်ခုတည်း” လို့ ထင်ပြီး “ငါ” လို့ စွဲနေကြတာပါ။
ဥပမာပေးရရင် လျှပ်စစ်မီးသီးတစ်လုံး လင်းနေတာကို ကြည့်ပါ။ ကျွန်တော်တို့ မျက်စိထဲမှာတော့ မီးက အမြဲတမ်း လင်းနေတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ လျှပ်စစ်စီးကြောင်းက တစ်စက္ကန့်ကို အကြိမ်ပေါင်းများစွာ (Frequency) ဝင်လိုက် ထွက်လိုက် ဖြစ်နေတာပါ။ အဲဒီ ဖြစ်ပျက်မှုက မြန်လွန်းလို့ ကျွန်တော်တို့ မျက်စိက “အမြဲလင်းနေတဲ့ မီး” လို့ အထင်မှားတာပါ။ ခန္ဓာကိုယ်မှာလည်း ဒီအတိုင်းပါပဲ။ ရုပ်နာမ်တွေ ဖြစ်ပျက်နေတာ မြန်လွန်းလို့ “ငါ” ဆိုတဲ့ အစိုင်အခဲကြီး ရှိနေတယ်လို့ အထင်မှားနေကြတာ။ အဲဒီ အထင်မှားမှုကို “သက္ကာယဒိဋ္ဌိ” လို့ ခေါ်ပါတယ်။
သိပ္ပံက ဘာလို့ အနတ္တကို မရောက်နိုင်သလဲ
သိပ္ပံပညာဟာ “အရာဝတ္ထု” (Object) တွေကိုပဲ လေ့လာတာပါ။ သိပ္ပံပညာရှင်က မှန်ပြောင်းထဲကနေ ဆဲလ်တွေကို ကြည့်တယ်။ သူက ကြည့်တဲ့သူ (Subject)၊ ဆဲလ်က အကြည့်ခံရတဲ့အရာ (Object)။ ဒီနေရာမှာတင် “ငါ” နဲ့ “သူ” ဆိုတဲ့ ခွဲခြားမှု ရှိနေပြီ။
ဗုဒ္ဓရဲ့ ဝိပဿနာ လမ်းစဉ်ကတော့ ကြည့်တဲ့သူ (Subject) ဆိုတာ မရှိဘူး။ ကြည့်နေတဲ့ စိတ်ဆိုတာလည်း ဖြစ်ပျက်နေတဲ့ သဘောတရားမျှသာ ဖြစ်တယ်ဆိုတာကို ကိုယ့်ခန္ဓာထဲမှာ ပြန်ကြည့်တာဖြစ်ပါတယ်။ “ငါ ကြည့်နေတယ်” ဆိုတဲ့ အစွဲကို ဖြုတ်ပြီး “ကြည့်တဲ့သဘော (နာမ်) နဲ့ အကြည့်ခံရတဲ့ သဘော (ရုပ်) ဖြစ်ပျက်နေတယ်” လို့ မြင်တာပါ။
သိပ္ပံပညာရှင်တွေဟာ စကြာဝဠာကြီးရဲ့ အစကို ရှာကြတယ်။ Big Bang ကို ရှာကြတယ်။ ဒါပေမဲ့ သူတို့ဟာ “ငါ” ဆိုတဲ့ ဒိဋ္ဌိကိုတော့ မခွာနိုင်ကြဘူး။ အဲဒီ ဒိဋ္ဌိ မပြုတ်သရွေ့ သူတို့ ရှာတွေ့တဲ့ အမှန်တရားဟာ အပေါ်ယံ (Relative Truth) သာ ဖြစ်နေပါလိမ့်မယ်။ အနတ္တ ဆိုတာ စာဖတ်ရုံ၊ ဓာတ်ခွဲခန်းထဲမှာ ရှာရုံနဲ့ ရနိုင်တဲ့ အသိမျိုး မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာမှာ ဉာဏ်နဲ့ စိုက်ကြည့်မှသာ ပေါ်လာမယ့် အမှန်တရားပါ။
အနတ္တ နှင့် သိပ္ပံနည်းကျ ယုတ္တိဗေဒ
ကျွန်တော်တို့ သိပ္ပံနည်းကျ စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေဟာ ၇ နှစ် ကြာတိုင်း တစ်ခါ အသစ်လဲတယ်လို့ သိပ္ပံက ပြောတယ်။ ဆိုလိုတာက လွန်ခဲ့တဲ့ ၇ နှစ်က “ထက်အောင်” နဲ့ အခု “ထက်အောင်” ဟာ ရုပ်ပိုင်းဆိုင်ရာအရ တစ်ခုမှ မတူတော့ဘူး။ ဒါဆိုရင် “ငါ” ဆိုတာ ဘယ်သူလဲ။
“ငါ” ဆိုတာ မှတ်ဉာဏ်တွေပဲလား။ မှတ်ဉာဏ်ဆိုတာကလည်း ဦးနှောက်ထဲက ပရိုတိန်းတွေ၊ လျှပ်စစ်စီးကြောင်းတွေ ဖြစ်ပျက်နေတာပဲ မဟုတ်လား။ အဲဒီ ဖြစ်ပျက်မှုကို သိပ္ပံက မြင်နိုင်ပေမယ့် အဲဒီမှာ “ငါ” မရှိဘူးဆိုတာကိုတော့ သိပ္ပံပညာရှင်တွေရဲ့ အတ္တ (Ego) က လက်မခံနိုင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က “လောကကို ငါတို့က စူးစမ်းနိုင်တယ်၊ ငါတို့က ထိန်းချုပ်နိုင်တယ်” ဆိုတဲ့ မာနကို ဆုပ်ကိုင်ထားလို့ပါပဲ။
ဗုဒ္ဓဘာသာကတော့ အရာအားလုံးဟာ အကြောင်းကြောင့် ဖြစ်တာလို့ ပြောတယ်။ ဘယ်သူ့ရဲ့ စီမံဖန်တီးမှုမှ မဟုတ်ဘူး။ ဘယ်သူမှလည်း မပိုင်ဘူး။ သိပ္ပံကတော့ “အကြောင်းအကျိုး” (Cause and Effect) ကို လက်ခံပေမယ့် “ပိုင်ဆိုင်သူ” (Owner/Self) မရှိဘူးဆိုတာကိုတော့ သေချာ မရှင်းပြနိုင်သေးပါဘူး။
ဝိပဿနာ – သိပ္ပံထက် သာလွန်သော နည်းပညာ
အခုခေတ်မှာ AI (Artificial Intelligence) တွေ အလွန် တိုးတက်လာပြီ။ AI တွေက လူတွေလို စဉ်းစားနိုင်တယ်၊ ဖန်တီးနိုင်တယ်။ ဒါပေမဲ့ AI မှာ “စိတ်” ရှိသလား ဆိုတာ ငြင်းခုံနေကြတုန်းပဲ။ ဗုဒ္ဓဘာသာ အမြင်အရ ပြောရရင် AI ဆိုတာ “ရုပ်” (Hardware) နဲ့ “ပညတ်” (Software/Algorithm) ပဲ ရှိတာပါ။ သူ့မှာ “နာမ်” (Consciousness) မရှိပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ လူတွေကျတော့ ရုပ်နာမ် နှစ်ပါးစလုံး ရှိတယ်။ အဲဒီ ရုပ်နာမ် နှစ်ပါးစလုံးဟာလည်း AI လိုပဲ program ဆွဲထားတဲ့အတိုင်း (ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားတွေအတိုင်း) လည်ပတ်နေတာပါ။ ကျွန်တော်တို့မှာလည်း “ငါ” ဆိုတဲ့ ထိန်းချုပ်သူ၊ လုပ်သူ မရှိဘူး။ ခန္ဓာကိုယ်ကြီးက သူ့ဘာသာသူ အိုချင်လို့ အိုနေတာ၊ နာချင်လို့ နာနေတာ။ ကျွန်တော်တို့မှာ တားဆီးပိုင်ခွင့် မရှိပါဘူး။
ဒါကို သိပ္ပံက “ဇီဝကမ္မ ဖြစ်စဉ်” လို့ ခေါ်ပြီး ဗုဒ္ဓက “အနတ္တ” လို့ ခေါ်ပါတယ်။ သိပ္ပံက ဒါကို “အချက်အလက်” (Data) တစ်ခုအနေနဲ့ပဲ မြင်တယ်။ ဗုဒ္ဓဘာသာကတော့ ဒါကို “သံသရာက လွတ်မြောက်ကြောင်း လမ်းစ” အနေနဲ့ မြင်ပါတယ်။ ဒီကွာခြားချက်က အင်မတန် ကြီးမားပါတယ်။
နိဗ္ဗာန် ဆိုတာ ဘာလဲ
ဒီနေရာမှာ ကျွန်တော် အမြဲ သတိပေးလေ့ရှိတဲ့ အချက်တစ်ခုကို ထပ်ပြောချင်တယ်။ လူအတော်များများက “အနတ္တ” အကြောင်း စာတွေဖတ်၊ သိပ္ပံနည်းကျ တွေးတောပြီး “ဪ… ငါ မရှိပါလား” လို့ သိလိုက်ရင် နိဗ္ဗာန် ရောက်ပြီလို့ ထင်နေကြတယ်။ ဒါဟာ အင်မတန် အန္တရာယ်ကြီးတဲ့ အယူအဆအမှား (မိစ္ဆာဒိဋ္ဌိ) တစ်ခုပါ။
သိပ္ပံနည်းကျ သိတာ၊ စာတွေ့သိတာ (စိန္တာမယပညာ) ဟာ သာမန်အချိန် အမှန်မြင်ရုံပဲ ရှိပါသေးတယ်။ ဒါကို နိဗ္ဗာန်လို့ မသုံးနှုန်းပါနဲ့။ နိဗ္ဗာန်ဆိုတာ မဂ်အခိုက်၊ ဖိုလ်အခိုက်မှာမှ မျက်မှောက်ပြုနိုင်တာ ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် “ဖိုလ်” စိတ်ဖြစ်တဲ့ အချိန်မှာမှ နိဗ္ဗာန်ရဲ့ အရသာကို အပြည့်အဝ ခံစားရတာပါ။
ဒီအဆင့်ကို ရောက်ဖို့ဆိုတာ သိပ္ပံနည်းကျ ဓာတ်ခွဲခန်းထဲမှာ လုပ်လို့ မရဘူး။ ကိုယ့်ခန္ဓာ ဓာတ်ခွဲခန်းထဲမှာ ဝိပဿနာ တရားကို ကျင့်ကြံအားထုတ်မှ ရနိုင်တာပါ။ ရုပ်နာမ်ရဲ့ ဖြစ်ပျက်မှုကို အရှိန်အဟုန်နဲ့ မြင်လာပြီး၊ အဲဒီ ဖြစ်ပျက်မှုအပေါ် ငြီးငွေ့လာကာ၊ ဖြစ်ပျက်မှုတွေ အားလုံး ချုပ်ငြိမ်းသွားတဲ့ နေရာကို ဆိုက်ရောက်သွားတာဟာ နိဗ္ဗာန်ပါပဲ။ ဒါကို သိပ္ပံပညာက ဘယ်တော့မှ လိုက်မမီနိုင်ပါဘူး။ ဘာလို့လဲဆိုတော့သိပ္ပံပညာဟာ “ဖြစ်ပျက်” နယ်ပယ်ထဲမှာပဲ ကျင်လည်နေပြီး၊ နိဗ္ဗာန်ကတော့ “အသင်္ခတ” ဖြစ်ပျက်ကင်းတဲ့ နယ်ပယ် ဖြစ်နေလို့ပါပဲ။
နိဂုံးချုပ်
မိတ်ဆွေတို့… သိပ္ပံပညာကို အထင်ကြီးတာ မမှားပါဘူး။ ဒါပေမဲ့ သိပ္ပံပညာက ခင်ဗျားတို့ကို ဒုက္ခကနေ မလွတ်မြောက်စေနိုင်ပါဘူး။ သိပ္ပံပညာက ခင်ဗျားတို့ကို သေခြင်းတရားကနေ မကယ်တင်နိုင်ပါဘူး။
တကယ့် လွတ်မြောက်ရေး လမ်းစဉ်ကတော့ ဗုဒ္ဓဟောခဲ့တဲ့ “အနတ္တ” တရားပါပဲ။ သိပ္ပံပညာရှင်တွေ ရှာမတွေ့သေးတဲ့ “ငါ” မရှိတဲ့ အမှန်တရားကို ခင်ဗျားတို့ရဲ့ ခန္ဓာထဲမှာ ရှာဖွေကြည့်ကြပါ။ စာထဲမှာ ရှာတာ မဟုတ်ဘူး။ တွေးတောတာ မဟုတ်ဘူး။ လက်တွေ့ ရှုမှတ်တာပါ။
ရုပ်နာမ်ရဲ့ ဖြစ်ပျက်မှုကို မြင်အောင်ကြည့်ပါ။ “ငါ” လို့ စွဲနေတဲ့ အစွဲကို ဖြုတ်ပါ။ အဲဒီလို ဖြုတ်နိုင်တဲ့ အချိန်မှာ ခင်ဗျားတို့ဟာ သိပ္ပံပညာရှင်တွေ တစ်သက်လုံး ရှာနေတဲ့ စကြဝဠာရဲ့ လျှို့ဝှက်ချက်ထက် ပိုမိုကြီးကျယ်တဲ့ “သစ္စာတရား” ကို တွေ့ရှိပါလိမ့်မယ်။
ဘုရားရှင် လိုချင်တာက သိပ္ပံပညာရှင်တွေ မဟုတ်ပါဘူး။ ကိလေသာ ကင်းစင်ပြီး အနတ္တကို ဉာဏ်နဲ့ မျက်မှောက်ပြုနိုင်တဲ့ အရိယာ သူတော်စင်တွေပဲ ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *