နည်းနည်းရှင်းပြရရင် ကျနော်က စာနှစ်မျိုး ရေးနေပါတယ်။ တမျိုးက ဝိပဿနာ နဲ့ ပါတ်သက်တဲ့ ကိစ္စပါ။ နောက်တချက်ကတော့ သာသနာ နဲ့ ပါတ်သက်တဲ့ ကိစ္စပါ။ ကတယ်တော့ သံသရာက လွတ်ကြောင်း ဝိပဿနာ အလုပ်ကို လုပ်စေချင်လှပါတယ်။ အချိန်ပေးရတာ မှန်ပေမယ့် လူတယောက်ဟာ ဘဝမှာ အနှစ် ၅၀-၆၀ လောက် နေတယ် ဆိုရင် လောကနဲ့ပါတ်သက်တဲ့ အတွေးအခေါ်တခုထက် ပိုတဲ့ လောကရဲ့ အဖြေ၊ လောကရဲ့ အမှန်တရား ကို ရှာဖို့အတွက် ကိုယ့်အသက်ရဲ့ ဆယ်ပုံပုံ တပုံ ဖြစ်တဲ့ ငါး နှစ်လောက်တော့ သုံးသင့်ပါတယ်။ လူငယ်တွေအတွက်ဆို ငါးနှစ်လောက်ရင်းနှီးပြီး ရေရှည်ကောင်းဖို့အတွက် အကျိုးများစေမှာမို့ အသက် ၁၂ နှစ်လောက်ကနေ ၁၇ လောက်ထိ ကို တရားနဲ့ပါတ်သက်ပြီး မဂ်ဖိုလ်ရအောင် လုပ်သင့်လှပါတယ်။

ဒီလိုလုပ်တာဟာ တရားကို လောကီမှာ အသုံးချတာနဲ့လဲ တူတူပါပဲ။ လူတွေက တရားကို လောကီမှာ အသုံးချဖို့ ကြံစည်ကြပါတယ်။ ဒါပေမယ့် အသုံးချလို့ရတဲ့ နည်းဟာ ကိုယ်တိုင် သောတာပန် ဖြစ်အောင် လုပ်တဲ့နည်းပဲ ရှိပါတယ်။ သောတာပန် ဆိုတာဟာ ဗုဒ္ဓဘာသာမှာ ပုထုဇဉ် နားလည်မှု ပုံစံက သိပ်မမှန်ကန်တာတွေ ရှိပါတယ်။ ဥပမာ သောတာပန် ဖြစ်ဖို့ဆိုတာဟာ အလွန်ခက်တယ်။ ပါရမီ လိုတယ် အစရှိသဖြင့်ပါ။ အကြောင်းတိုက်ဆိုင်မှ၊ သူ့သာဝကနဲ့သူ ရကြတာ ဆိုတာမျိုး အလွန်ပြောကြပါတယ်။ ဒါနဲ့ ပါတ်သက်ရင် ကျနော်တို့က ခေတ်မှီသင့်ပါပြီ လိုအပ်တဲ့ တရားတွေကို အင်တာနက်တို့ မိုဘိုင်းဖုန်းတို့ကနေ ရနေပါပြီ။ ဘယ်သူ့သာဝက ဖြစ်မလဲ ဆိုတာတွေ လိုက်ရှာနေစရာ မလိုပါဘူး။ တရားဆိုတာ နားလည်အောင် ကြိုးစားရတယ်။ အမြင်မှန်ထပ်ခါ ထပ်ခါ ဖြစ်အောင် ကြိုးစားရတယ်။ (အမြင်မှန်ဆိုတာက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါ)။ ဒီကနေမှ လုံလောက်တဲ့အချိန်မှာ မဂ်ဆိုတာ ကျတာပါပဲ။ ဒါကို နားလည်ဖို့ မခက်ပါဘူး။ အဲဒီတော့ အဲဒီ သူ့သာဝကနဲ့သူ ဆိုတဲ့ ကိစ္စတွေကို ကန့်သတ်ချက် တခုအနေနဲ့ မမြင်စေချင်ပါဘူး။ ဘယ်လိုပဲ ဘယ်စာကိုပဲ ဖတ်ဖတ် အရိယာ သာဝက ရေးထားတဲ့ စာဆိုရင် ကိုယ်နားလည်ရင် သူ့သာဝက ဆိုတာ ဖြစ်သွားမှာပါပဲ။ တခြားလူရေးတဲ့စာကို ထပ်သဘောပေါက်ပြန်ရင်လဲ နောက်ထပ် တယောက်ရဲ့ သာဝက ဖြစ်မှာပါပဲ။ အရေးကြီးတာက အရိယာ သာဝကော ဖြစ်ဖို့ပါပဲ။ ပိုကောင်းရင် တော့ သုတဝါ အရိယာ သာဝကောပေါ့။ အဲဒီတော့ ဘယ်သူ့ကိုမှ ဂျီးမများစေလိုပါဘူး။ ဒါပေမယ့် တခုရှိတာက ကိုယ့်ရဲ့ ဉာဏ်စွမ်းရှိသမျှနဲ့ ကိုယ်ဖတ်တဲ့စာ ကိုယ်နာတဲ့ တရားဟာ အရိယာ တရားဖြစ်ရဲ့လား ဆိုတာကို စဉ်းစား ဆုံးဖြတ်ရမယ်။ ဒါက အင်မတန်အရေးကြီးတယ်။ ဒါကတော့ တဦးချင်းစီရဲ့ ရွေးချယ်မှုပါ။ ကျနော့် အတွက်ဆိုလဲ မိုးကုတ်ဆရာတော်ကြီးကိုပဲ ရွေးခဲ့တာပါ။ ဆိုလိုတာက မိုးကုတ်ဆရာတော်ကြီး စကားနဲ့ တခြား ဆရာတော် လူပုဂ္ဂိုလ် စကား ဆိုရင် မိုးကုတ်ဆရာတော်ကြီး စကားကိုပဲ လက်ခံမယ် ဆိုတာမျိုးပါ။

ဒါကတော့ တရားအားထုတ်သူမှာ ရှိသင့်တဲ့ စိတ်ဓါတ်ပါ။ ဒီနေရာမှာ ကျနော်တို့က အမြင်ကျယ်ဖို့ လိုပါတယ်။ တရားတွေဟာ မြတ်စွာဘုရား ဟောကြားခဲ့တာ ဖြစ်ပြီး ပိဋိကတ် မြန်မာပြန်ကနေ တရားအားထုတ်လို့ မရသေး ဘူးဆိုရင် အရိယာ သာဝကတွေရဲ့ စာတွေကို ဖတ်ရပါတယ်။ ဒီနေရာမှာလဲ မြတ်စွာဘုရား တပါးတည်းသာ တခွန်းတည်းနဲ့ အမှန်ကို ပြောတတ်ပြီး အဲဒီနောက်မှာတော့ အဂ္ဂသာဝက မဟာသာဝက စကားက ပထမ ပြီးရင်တော့ ပကတိ သာဝက စကား လာတာပါပဲ။ အဲဒီနောက်မှာမှ အရိယာ သာဝက ဆိုတာ ရှိပါတယ်။ အရိယာ သာဝက ဆိုတာက သောတာပန်ကနေ ရဟန္တာ ထိ ပါပါတယ်။ အဲဒီတော့ ပြောချင်တာက အရိယာ သာဝက စကားက မှားတတ်ပါတယ်။ အဲဒီတော့ ကျနော်တို့က ပါဠိတော်ကိုပဲ ကိုးကားတာ အကောင်းဆုံးပါပဲ။ ပါဠိတော်က လွဲရင် ကျန်တဲ့ ပုထုဇဉ်ရေးသော အဋ္ဌကထာ ဋီကာ တွေအားလုံးဟာ တကယ်တော့ အသုံးမဝင်ပါဘူး။ သာသနာမှာ ကျနော်ကတော့ ပုထုဇဉ်ရေးတာ မှန်သမျှကို ရှောင်တာ ကောင်းတယ်လို့ပဲ အခိုင်အမာ ပြောချင်ပါတယ်။ ပုထုဇဉ် ဆိုတာက တရားကို မမြင်သလို ဘုရားကိုလဲ မမြင်ပါဘူး။ မှန်ကန်သော သဒ္ဓါလဲ မရှိပါဘူး။ အဲဒီတော့ ပုထုဇဉ် ရေးတဲ့ စာတွေကို တရားအားထုတ် သူ အနေနဲ့ ဖတ်ချင်စရာ မရှိပါဘူး။ အရိယာ ရေးတဲ့ စာတွေတောင် ဖတ်မကုန်အောင် ရှိနေတာပါပဲ။ ဒီထက်မှ ဖတ်ချင်ရင် ပါဠိတော် မြန်မာပြန် အက်ပ် ထည့်ပြီး ဖတ်ပါလေရော့။ ပုထုဇဉ်စာတွေကို တသွေမတိမ်း လိုက်နာ လို့ကတော့ ဘယ်လိုမှ ခရီးရောက်မှာ မဟုတ်ပါဘူး။ အနတ္တ ဆိုတာကို မဂ် ဆိုတာ ဖိုလ် ဆိုတာ နိဗ္ဗာန် ဆိုတာကို ပုထုဇဉ်က လုံးဝကို နားမလည်နိုင်ပါဘူး။ မဂ်ကို ရှင်းပြနိုင်ပေမယ့် ဖိုလ်ဆိုတာ နိဗ္ဗာန် ဆိုတာက သင်္ခါရ နယ်မှာ မရှိတဲ့အတွက် သင်္ခါရနယ်က ဖြစ်တဲ့ ပညတ်နဲ့ ပြောလို့တောင် မရပါဘူး။ ကိုယ်တိုင် ရောာက်သူသာ သိတာပါ။

အဲဒါကြောင့် ပုထုဇဉ်တွေ (ဘုန်းကြီး လူတွေ) တရား ဟောတယ် ဆိုတာဟာ မှားနေပါတယ်။ ပုထုဇဉ်က ဟောနိုင်တာပဲ ဘယ်တုန်းကတော့ ဘယ်ပုထုဇဉ် ဘယ်ရဟန်းက ဘယ်လိုတွေ ဟောလိုက်တာ ဘယ်နှစ်ယောက် ဖြစ်သွားတယ် ဆိုတာမျိုးက မရှိနိုင်ပါဘူး။ အတ္တဒိဋ္ဌိ ကိုယ်တိုင် မပြုတ်တဲ့သူဟာ အင်မတန် သိမ်မွေ့တဲ့ အတ္တဒိဋ္ဌိ ပြုတ်တဲ့ကိစ္စကို မဟောနိုင်ပါဘူး။ နာမည်ကိုကလဲ အရိယာ သာဝက သာဖြစ်ပြီး ပုထုဇဉ် သာဝက ဆိုတာမဟုတ်ပါဘူး။ ဒါကြောင့် ပုထုဇဉ် ဟောလို့ မဂ် ဖိုလ်ရတယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။ ကုဋေနဲ့ ချီတဲ့ လူ နတ် ဗြဟ္မာ တွေဆိုတာက အရိယာ တရားဟောလို့ ရကြတာပါ။ ဒီတော့ ဘုန်းကြီး ဆိုတာတွေက တရားအားထုတ်ခြင်းအားဖြင့် အသက်မွေးပါမယ် ဆိုပြီး တရားလဲ အဖြစ်ရှိအောင် အားမထုတ်၊ သူတင်လားဆိုတော့ သူ့ဆရာကလဲ အားမထုတ်၊ ဘယ်သူကမှလဲ ရေရေရာရာ မသိ။ ပြီးရင်တော့ ပုထုဇဉ် က ဟောလိုက်လို့ တရားရသွားတာ ရှိပါတယ်လို့ ပေကန် ငြင်းရင်း နဲ့ ဘဝကြီးကို လိမ်ညာ လှည့်ပါတ် ဟန်ဆောင် ပန်ဆောင်နဲ့ ဖြတ်သန်းကြပါတယ်။ ငါတို့က သီလ လုံတယ် ရဟန္တာ အသွင်ကို ဆောင်တယ်လို့ သေလောက်အောင် အော်လဲ ထမင်းစားဖို့ ဒီအလုပ် လုပ်မယ် ပြောပြီးကာမှ အချောင်ခိုပြီး ပုထုဇဉ်ဘဝကြီးနဲ့ တရားဟောစား နေတယ် ဆိုတာဟာ ရှက်ဖို့ ကောင်းပါတယ်။ အဲလောက်ကြီး အရှက်မရှိ တာကတော့ လုံးဝကို မကောင်းတဲ့ ကိစ္စပါ။

ကျနော့်အနေနဲ့က မဟာနမ် ပြောတဲ့ စကားလိုပါပဲ။ ဒီအချိန်မှာ မြတ်စွာဘုရား မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်နိုင်ပါ။

ပြောချင်တာက အခုအခြေအနေက ဘုန်းကြီး လေးသိန်းဟာ ထမင်းအလကား စားနေသလိုပါပဲ။ အကုန်လုံး မဂ် ဖိုလ် မရသေးဘူး၊ တရား လုံးဝ အားမထုတ်သူ၊ အားထုတ်ဖို့ စိတ်ကူး မရှိသူ အားလုံးဟာ ပိဋကတ် သုံးပုံ အာဂုံဆောင် ဖြစ်ပါစေ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း အချောင်ခိုပြီး ပုထုဇဉ်ဘဝ ကြီးနဲ့ တရားဟောစား နေတယ် ဆိုတာမျိုးထဲပဲ ဝင်သွားမှာပါ။ အမှန်တရားကိုတော့ ပြောရမှာပါပဲ။ ဖြစ်နေတာက အခြေအနေ အရမ်းဆိုးပါ တယ်။ ကျနော်တို့ ဘာမှကို မပြောဘူး ဘုန်းကြီး တွေ လုပ်သမျှ ဘဘုန်း ဘဘုန်းလုပ်နေရင် သူတို့လဲ အသွင်သာကျန်ပြီး၊ သူတို့လဲ အပါယ်ကျ၊ ကိုးကွယ်သူတွေလဲ အပါယ်ကျ။ သာသနာက လဲ နောက်လူတွေ တရားအားထုတ်နိုင်လောက်အောင် မရှင်းလင်းတော့ ပဲ အဆိုပါ အသွင်သာရှိတဲ့ ပုဂ္ဂိုလ်များ ကြောင့် နောက်လူတွေက ကျနော်တို့ကို အသုံးမကျဘူးလို့ ပြောပါတော့မယ်။ နောက်လူတွေ အတွက် ခဏ ထားဦး အခုလူတွေအတွက်လဲ သံသရာ လွတ်လမ်းဆိုတာ ကိုယ့်အတွက် လက်လှမ်း မမှီတဲ့ အခြေအနေမျိုးကြီး ဖြစ်နေရတာဟာ ပုထုဇဉ် ဘုန်းကြီး များ တရားကို မဂ်ဖိုလ်ရအောင် အားမထုတ်လို့ပါပဲ။

အရိယာ ဆိုတာက မြတ်စွာဘုရား အပေါ်မှာ သာသနာ ပေါ်မှာ မှန်ကန်တဲ့ သဒ္ဓါရှိပါတယ်။ ဘာအဝတ် ဝတ်ထား ဝတ်ထား မြတ်စွာဘုရား သာသနာ နဲ့ ပုထုဇဉ် ဘုန်းကြီးကို ခွဲခြားပြီးပဲ မြင်ပါတယ်။ လူတွေကလဲ ကုသိုလ် နဲ့ပဲ မှိန်းမနေကြပဲ ဥပါသကာ ဥပါသိကာ ကောင်းပီပစွာ ဘိက္ခု တွေကို ထောက်ပြဖို့ လိုပါတယ်။ ရဟန်းတွေအနေနဲ့ကလဲ ကိုယ့်စကားနဲ့ ကိုယ် တရားအားထုတ်တဲ့အလုပ်ကို မရမခြင်း လုပ်ဖို့ တာဝန် ရှိပါတယ်။ ထမင်း အလကားစားပြီး ရှိခိုးခံနေပြီး ပုထုဇဉ် စိတ်ကြီးနဲ့ ဆိုတာကို လဲ ရှက်ဖို့ သင့်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *