လောကမှာ အတိမ် ဆိုတာ ရှိသလို၊ အနက် ဆိုတာလည်း ရှိပါတယ်။ အတိမ်ဆိုတာကတော့ အပေါ်ယံ အရေးမကြီးတဲ့ အရာတွေကို ဆိုလိုတာဖြစ်ပြီး၊ အနက် ဆိုတာကတော့ အနှစ်သာရပါတဲ့ အလွန်အရေးကြီးတဲ့ အရာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘယ်အရာဟာ ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို ခွဲခြားနားလည်ခြင်းကိုပဲ အတိမ်အနက်ကို နားလည်တယ်လို့ သုံးနှုန်းလေ့ရှိပါတယ်။

ယနေ့ သာသနာတော်မှာ ကျနော်တို့ဟာ အင်မတန် အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ တစ်လမ်းကတော့ ဝိနည်းသိက္ခာပုဒ်တွေကို အပေါ်ယံ စောင့်ထိန်းပြီး ရဟန္တာအသွင် ဆောင်နေပေမယ့်၊ တကယ့်လက်တွေ့မှာ အရိယာပုဂ္ဂိုလ် မရှိသလောက် ရှားပါးနေတဲ့ “အသွင်သာသနာ” လမ်းကြောင်းပါ။ နောက်တစ်လမ်းကတော့ သာသနာ့ဝန်ထမ်း ရဟန်းတော်အားလုံးရဲ့ ၉၉.၉၉ ရာခိုင်နှုန်းဟာ တကယ့်ကို အရိယာပုဂ္ဂိုလ်တွေ ဖြစ်လာကြမယ့် “အနှစ်သာရ သာသနာ” လမ်းကြောင်း ဖြစ်ပါတယ်။ ဒါကို ကြည့်ရင် ကျနော်တို့ဟာ ဘယ်လောက် နက်ရှိုင်းပြီး အရေးကြီးတဲ့ ကိစ္စရပ်ကြီးနဲ့ ရင်ဆိုင်နေကြရသလဲ ဆိုတာကို သဘောပေါက်နိုင်ပါတယ်။

ဒီလို အခြေအနေမှာ သာသနာတော်ရဲ့ အတိမ်အနက်ကို ပညာရှိဆန်ဆန် လေးလေးနက်နက် စဉ်းစားဖို့ လိုအပ်လာပါတယ်။ ယနေ့ခေတ် သံဃာ့အဖွဲ့အစည်းမှာ အဋ္ဌကထာကျမ်းတွေက အလွန်လွှမ်းမိုးနေပါတယ်။ အထူးသဖြင့် ဓမ္မပဒအဋ္ဌကထာ (စက္ခုပါလမထေရ် ဝတ္ထု) ထဲမှာ ပါဝင်တဲ့ “ဂန္ထဓုရ” (စာပေကျမ်းဂန် သင်ကြားခြင်းအလုပ်) နဲ့ သာသနာမှာ နေထိုင်နိုင်တယ်ဆိုတဲ့ စကားရပ်ကို အသုံးချပြီး၊ လက်ရှိ ထေရဝါဒ သာသနာကြီးဟာ ဒီစာသင်၊ စာချ အလုပ်နဲ့ပဲ အသက်ဆက်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

တကယ်တော့ ထေရဝါဒရဲ့ မူလအနှစ်သာရဟာ မြတ်စွာဘုရားရှင် တိုက်ရိုက်ဟောကြားတော်မူခဲ့တဲ့ ပါဠိတော် (ပိဋကတ်တော်ရင်း) များသာ ဖြစ်ပါတယ်။ အသစ်မထည့်သွင်းရ၊ မဖြည့်စွက်ရ ဆိုတဲ့ ထေရဝါဒမူကို ကျော်လွန်ပြီး အဋ္ဌကထာလာ “ဂန္ထဓုရ” ဆိုတဲ့ စကားရပ်ဟာ ပိဋကတ်တော်ရင်းတွေထက် နေရာယူ လွှမ်းမိုးလာခြင်းဟာ သဘာဝမကျပါဘူး။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့တဲ့ ပါဠိတော်တွေမှာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း ဝိပဿနာအလုပ် (ဝိပဿနာဓုရ) ကိုသာ အကြိမ်ကြိမ် အဖန်ဖန် အလေးအနက် ဟောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်ကို ပိုပြီး ထင်ရှားစေတာကတော့ ရှင်ပြု၊ ရဟန်းခံတဲ့အခါ ဥပဇ္ဈာယ်ဆရာတော်ထံမှာ သင်္ကန်းတောင်းခံရတဲ့ ပါဠိတော်ပါပဲ။ “သဗ္ဗဒုက္ခ နိဿရဏ နိဗ္ဗာန သစ္ဆိကရဏတ္ထာယ…” (ခပ်သိမ်းသော ဆင်းရဲဒုက္ခမှ ထွက်မြောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှာ ဤသင်္ကန်းကို ပေးသနားတော်မူပါ) ဆိုပြီး သံသရာဝဋ်က လွတ်မြောက်ဖို့အတွက်သာ သင်္ကန်းကို တောင်းခံခဲ့ကြတာ ဖြစ်ပါတယ်။ စာပေကျမ်းဂန်တွေ သင်အံလေ့လာဖို့ သင်္ကန်းကို တောင်းခံခဲ့တာ လုံးဝ မတွေ့ရပါဘူး။ ဒါကို ထောက်ရှုရင် “ဂန္ထဓုရ” ဖြင့်သာ အချိန်ကုန်လွန်စေခြင်းဟာ ရဟန်းပြုရခြင်းရဲ့ မူလရည်ရွယ်ချက်နဲ့ မခိုင်လုံကြောင်း အထင်အရှား တွေ့မြင်နိုင်ပါတယ်။

ဒါကြောင့် ရဟန်းတော်များအနေနဲ့ ဝိပဿနာတရား အားထုတ်ခြင်းကိုသာ မိမိတို့ရဲ့ တစ်ခုတည်းသော ဦးတည်ချက်အဖြစ် မလွဲမသွေ သတ်မှတ်ရပါမယ်။ ကျနော့်အနေနဲ့ ရဟန်းတော်များ လက်တွေ့ အားထုတ်နိုင်ဖို့အတွက် “ဝိပဿနာ အလုပ်ပေး စာအုပ်” ကို စီစဉ်ပေးထားပြီး ဖြစ်ပါတယ်။ အလှူခံပြီး ရယူနိုင်ပါတယ်။ အဓိပတိတရားလေးပါး နဲ့ပြည့်စုံရင် မိမိလိုတာ ပြည့်တယ် ဆိုတဲ့အတိုင်း ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ တရားတွေနဲ့သာ တရားကို စိုက်လိုက်မတ်တတ် ကြိုးစားကြမယ်ဆိုရင် အရိယာသံဃာတော် အရေအတွက် အများအပြား ပေါ်ထွန်းလာမှာ အသေအချာပါပဲ။

ဒီလို အရိယာဖြစ်ပြီးမှသာ စာပေပိဋကတ်တွေကို ပြန်လည်သင်ယူမယ်ဆိုရင်၊ တရားကို ကိုယ်တိုင် ထိုးထွင်းသိမြင်ပြီးသား ပုဂ္ဂိုလ်များ ဖြစ်တဲ့အတွက် ပိဋကတ်သုံးပုံကို အလွယ်တကူ နားလည်နိုင်ပြီး အာဂုံဆောင်နိုင်တဲ့အထိ ဖြစ်လာမှာပါ။ ဒါဟာ ကျနော်တို့ မဖြစ်မနေ ဦးတည်ရမယ့် အနာဂတ် သာသနာအစစ် ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်တွေ ဖြည့်ကျင့်ပြီးမှ ရလာတဲ့ ဒီသာသနာတော်ကြီးဟာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားပါတယ်။ သာသနာရဲ့ အနှစ်သာရဟာ သံသရာက လွတ်မြောက်ရေးဆိုရင်၊ သာသနာ့ဝန်ထမ်း ရဟန်းတော်များ အားလုံးဟာ သံသရာက လွတ်မြောက်ပြီးသား အရိယာများ ဖြစ်ဖို့ အလွန် အရေးကြီးပါတယ်။ ဒီလို အဖိုးတန်တဲ့ သာသနာနဲ့ ကြုံကြိုက်နေချိန်မှာ ပေါ့ပေါ့ပါးပါး အလေးမထားဘဲ အချိန်မဖြုန်းသင့်ပါဘူး။ သာသနာကို တန်ဖိုး အပြည့်အဝ ရအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရဟန်းတော်များ အရိယာ ဖြစ်လာအောင် အားလုံးက ဝိုင်းဝန်း တွန်းအားပေးကြရမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့် လျှောက်ထားလိုသည်မှာ ဓမ္မပဒအဋ္ဌကထာမှာ အနည်းငယ်မျှသာ တွေ့ရတဲ့ “ဂန္ထဓုရ” ဆိုတဲ့ စကားရပ်လေးကို ကိုင်စွဲပြီး သာသနာကြီးကို တည်ဆောက်ထားခြင်းဟာ သဘာဝ မကျပါဘူး။ ပိဋကတ်တော်ရင်းတွေမှာ အကြိမ်ပေါင်းများစွာ ဟောထားတဲ့ သံသရာက လွတ်ကြောင်း တကယ့်အလုပ်ကို မလုပ်ဘဲ၊ စာပေသင်ကြားခြင်း သက်သက်ကိုသာ အာရုံစိုက်နေတဲ့ ရဟန်းတော်များ အားလုံးဟာ လမ်းကြောင်း မှားယွင်းနေတယ်လို့ ပြတ်ပြတ်သားသား လျှောက်ထား တင်ပြချင်ပါတယ်။ ရဟန်းတော်များ အနေဖြင့် သာသနာတော်၏ အနက်ရှိုင်းဆုံး အနှစ်သာရဖြစ်သော အရိယာအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းတော်မူကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *