သာသနာ ပြန့်ပွားတယ် လို့ ပြောလိုက်တဲ့အခါမှာ ဘာသာ ဆိုတဲ့ ခေါင်းစဉ်ကို လက်ခံထားတဲ့သူတွေက ဗုဒ္ဓဘာသာ ပြန့်ပွားခြင်းလို့ နားလည်ကြမှာပါ။ ဒီနေရာမှာ မြတ်စွာဘုရားက ဘယ်တုန်းကမှ ဗုဒ္ဓဘာသာ ဆိုတာကို မတည်ထောင်ခဲ့သလို၊ တည်ထောင်ဖို့လဲ ဆန္ဒမရှိခဲ့ဘူး ဆိုတာကို နားလည်ဖို့ လိုပါတယ်။ မြတ်စွာဘုရားက စင်ကြယ်စွာ အသက်မွေးပြီး ဘုရားပီသစွာ အဆုံးအမများကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒါတွေကို မြတ်စွာဘုရားရဲ့ အဆုံးအမများ မြတ်စွာဘုရားရဲ့ သာသနာ လို့ခေါ်ပါတယ်။ အဲဒီကနေပြီး မြတ်စွာဘုရား ကွယ်လွန်ပြီး အချိန်အတိုင်းအတာ တခု နှစ် ရာဂဏန်း ကြာတဲ့အခါမှာ တချို့သော ဦးစီးဦးဆောင်များက ဘာသာ ဆိုတဲ့ အတွေးအခေါ်အနေနဲ့ ပြောင်းလဲ တွေးခေါ်လာကြပါတယ်။ သူလဲ ဘုရားရှိတယ်၊ ငါလဲ ဘုရားရှိတယ်၊ သူက ဘာသာ အဲဒီတော့ ငါလဲ ဘာသာပဲ ဆိုတာမျိုးတွေးခေါ်ပြီး ဘာသာ ဆိုတာကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ တခြားဘာသာတွေရဲ့ လွှမ်းမိုးမှုတွေကို ကြောက်ရွံပြီး မြတ်စွာဘုရား စကားတွေကို မယုံတော့ပဲ ဒီလိုဘာသာမှ မလုပ်ရင် မဖြစ်တော့ဘူး အဓွန့်ရှည်မှာ မဟုတ်ဘူးဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေနဲ့ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခြေအနေ အရပ်ရပ်ကြောင့်ပါလို့ ပြောနိုင်ပေမယ့် ဘာသာတရားတခုလို့ တခြားဘာသာတွေနဲ့ တန်းတူသတ်မှတ်ခဲ့တာက အင်မတန်မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ပဲ ပြောချင်ပါတယ်။
ဒီနေရာမှာ သိဖို့လိုတာက မြတ်စွာဘုရားက ဘုရားအမျိုးအစားထဲမှာ ဖန်ဆင်းရှင် ကိလေသာရှိသူတန်ခိုးရှင် ဘုရား အမျိုးအစားထဲမှာ မပါပဲ၊ ရဟန္တာ အမျိုးအစား (ကိလေသာကင်းစင်သူ) ထဲမှာ ပါတဲ့ ဘုရားသာ ဖြစ်တယ် ဆိုတာပါပဲ။ ဒီကြောင့်လဲ မြတ်စွာဘုရားက ဘုရားဖြစ်ပေမယ့် ဘာသာ မဟုတ် သာသနာ သာ ဖြစ်နေခဲ့ရခြင်းပါ။
ဒီနေရာမှာ ပိုပြီး စိတ်ပျက်စရာ ကောင်းတာ တခုကတော့ ယခုခေတ် သာသနာပြု ဆိုတာတွေ ပါပဲ။ သာသနာပြုတယ် ဆိုတာက အဆုံးအမကို ပြုတာပါ။ သူတို့ရဲ့ အဆုံးအမက ရတနာသုံးပါးကို ကိုးကွယ်ရမယ်၊ ဗုဒ္ဓဘာသာဝင် ဖြစ်ရမယ် ဆိုတဲ့အဆုံးအမ ပါ။ အဲဒီအဆုံးအမကို ပြုလုပ်တဲ့အတွက် သူတို့ကိုယ်သူတို့ ဘုရားနဲ့ ပခုံးခြင်းယှဉ်ပြီး အဆုံးအမပြုသူ တနည်း သာသနာပြုသူလို့ နာမည်ခံထားကြတာဟာ အင်မတန်မှပဲ မိုက်မဲမှု ပေါ်လွင်လှပါတယ်။ တကယ်တော့ မြတ်စွာဘုရားရဲ့ အဆုံးအမကို ပြန့်ပွားအောင်လုပ်တယ် သာသနာပြန့်ပွားရေး ဆောင်ရွက်တယ် ဆိုတာမျိုးလောက်နဲ့တောင် မတင်းတိမ်နိုင်ပဲ သူတို့ရဲ့ အဆုံးအမ ဆိုတာကို ပြုလုပ်တယ် ဆိုတာမျိုး ဘဝင်မြင့်ပြီး သာသနာပြု ဆိုတဲ့ နာမည်ကို ခံကြတာပါ။ ပညတ်ပေါ်မှာ ဥပါဒါန် ဖြစ်တာကို သိလို့လဲ အဲဒီလို မသုံးသင့်တဲ့ ပညတ်တွေကို သုံးကြတာပါ။ မိုးကုတ်သာသနာ ဆိုရင် မိုးကုတ်ဆရာတော်ကြီးရဲ့ အဆုံးအမ၊ မဟာစည်သာသနာဆို မဟာစည်ဆရာတော်ကြီးရဲ့ အဆုံးအမ ဆိုတာမျိုးတွေကပါ အဲဒီဆရာတော်ကြီးတွေ ကိုယ်တိုင် လက်မခံချင်ပဲ ပုထုဇဉ်တွေကို အလိုလိုက်ရင် ဆိုးကျိုးခံစားခဲ့ကြရတာပါ။ အရိယာတွေမှာ ဘုရားကို ပခုံးချင်း ယှဉ်ဖို့ဆိုတာမျိုး ဘုရားနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်အဆုံးအမ ဆိုတာမျိုး ကျော်လွန်လုပ်တာမျိုး ဘယ်အရိယာမှ မလုပ်ချင်ကြပါဘူး။ ဘုရားအဆုံးအမ ကြောင့် ကိုယ့်မှာ အကျိုးခံစားရတာ ဖြစ်တဲ့အတွက် အရာရာဟာ မြတ်စွာဘုရားသာ လျှင် အကျိုးခံစားခွင့်ရှိသူဆိုတာ အရိယာတိုင်းနားလည်တဲ့ကိစ္စပါ။
ပုထုဇဉ်တွေက အရိယာတွေ ရဲ့ အဆုံးအမ တွေဖြစ်တဲ့ သံသရာက လွတ်ကြောင်းလုပ်ဖို့ ဆုံးမတာဟာ ဘုရားဆုံးမတဲ့အတိုင်း ထပ်တူညီ လိုက်ဆုံးမတာ မို့ ဘုရားသာသနာ ပြန့်ပွားအောင် လုပ်တာသာ ဖြစ်တယ် ဆိုတာမျိုးနားမလည်ပဲ ကြည်ညိုစိတ်တွေ အကျိုးမရှိတဲ့ ပါရမီရှင် ဆိုတဲ့ တံဆိပ်တပ်မှုတွေနဲ့ ဘယ်အရိယာရဲ့ သာသနာဆိုတာမျိုး လဲလုပ်၊ အဲဒီတော့ ပုထုဇဉ်ဖြစ်ပါလျှက် အရိယာ ယောင်ဆောင်တဲ့ သာသနာပြုဆိုတာတွေကလဲ သူတို့အဆုံးအမ ပြုတယ် ဆိုပြီး ပညတ်သွားရာ ဓါတ်သက်ပါ ဆိုတာမျိုးကို အသုံးချပြီး သာသနာပြုလို့ သုံးနှုန်းလာကြပါတယ်။ အဲဒီတော့ အဲဒါက ပထမဆုံးသော မိုက်မဲလှတဲ့ သာသနာပြုဆိုတဲ့အသုံးအနှုန်းပါ။
အဲလိုလုပ်နေတဲ့သူတွေ ထဲမှာလဲ အဲလိုလုပ်ချင်တယ်။ သာသနာပြန့်ပွားရေးလုပ်ချင်တယ် ဆိုရင် ပထမဆုံး စဉ်းစားရမှာက ကိုယ့်ဟာကိုယ် ညာလို့မရပဲ သိနေတဲ့ ကိုယ်ဟာ အရိယာလား ပုထုဇဉ်လား ဆိုတာကို အရင်စဉ်းစားပါ။ ပုထုဇဉ်ဆိုရင်တော့ ကိုယ်က သာသနာဆိုတာကိုလဲ နားမလည်သေးဘူး၊ တရားကို မမြင်သေးတဲ့အတွက် ဘုရားကိုလဲ မမြင်သေးဘူးဆိုတာကို သဘောပေါက်ပြီး ကိုယ်တိုင် ပုထုဇဉ်ဘဝကနေ အရိယာဘဝ ရောက်အောင် အရင်လုပ်လိုက်ဖို့ပါပဲ။ ဘယ်သူ ဘယ်ဝါမပြောချင်ပေမယ့် အရိယာတိုင်းက အရိယာမဟုတ်သူကို ရိပ်ဖမ်းသံဖမ်းတင်မဟုတ် အတော်သေသေချာချာကို သိတတ်ကြတယ် ဆိုတာကို အဲဒီမိတ်ဆွေများ သိစေချင်ပါတယ်။ ပုထုဇဉ်ကိုသာ လိမ်လို့ရကောင်းရမယ် အရိယာကတော့ မိတ်ဆွေတို့ အရိယာမဟုတ်မှန်း သိသာတဲ့အချက်တွေကြောင့် သိနေတာပါပဲ။
နောက်တချက်ကတော့ သာသနာ ဆိုတာကို လက်မခံပဲ၊ ဗုဒ္ဓဘာသာ မှ ဗုဒ္ဓဘာသာ ဆိုပြီး ဗုဒ္ဓဘာသာကို နိုင်ငံတကာကို ပြန့်ပွားစေချင်တယ်၊ ဗုဒ္ဓဘာသာဝင် အရေအတွက် တိုးချင်တယ် ဆိုတဲ့လူတွေ အတွက်ပါ။ အဲဒီတော့ ကိုယ်က ဗုဒ္ဓဘာသာ လို့ ပြောတာနဲ့ တခြားသော ဘာသာဝင်တွေ နဲ့ အယူအဆရေးရာ၊ အယူဝါဒ ရေးရာ တိုက်ပွဲဆိုတာ ဖြစ်လာပါပြီ။ ဒီလိုတိုက်ပွဲတွေကို အနိုင်ယူနိုင်မှ ကိုယ့်ရဲ့ ယုံကြည်ကိုးကွယ်ရာကို တပါးသူတွေက လက်ခံလာနိုင်မယ် ဆိုတာကို မမေ့ပါနဲ့။ အဲဒီတော့ ကိုယ့်အယူဝါဒ မှာ ကိုယ့် ယုံကြည်ချက်မှာ ဘယ်နှစ်ရာခိုင်နှုန်းက တကမ္ဘာလုံးမှာ ရှိတဲ့ ဘယ်သူမဆို လက်ခံနိုင်တဲ့ အပိုင်းလဲ ဘယ်နှစ်ရာခိုင်နှုန်းက ကိုးကွယ်၊ ယုံကြည်မှု နဲ့ ဆိုင်သလဲ ဆိုတာကို စဉ်းစားသင့်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ အယူဝါဒရဲ့ တရာ ရာခိုင်နှုန်းလုံးဟာ ကိုးကွယ်၊ ယုံကြည်မှုနဲ့ ဆိုင်တယ် ဆိုရင်တော့ မိတ်ဆွေတို့ သူများကို အနိုင်ကျင့်ပြီး ဘာသာပြောင်းခိုင်းတာပဲ လုပ်လို့ရပါလိမ့်မယ်။ ကလိမ်ကကျစ်နည်းတွေ သုံးပြီး လောင်းကြေးနဲ့ ဘာသာ ပြောင်းခိုင်းတာလဲ လုပ်လို့ရကောင်းရပါလိမ့်မယ်။ ဒါပေမယ့် တကယ် လက်ခံတဲ့ ဗုဒ္ဓအဆုံးအမ လိုက်နာသူကောင်းတွေ တိုးပွားအောင်တော့ မိတ်ဆွေတို့ ဘယ်တော့မှ လုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့လဲ စိတ်လျော့သင့်ပါတယ်။ မိတ်ဆွေတို့က ဗုဒ္ဓဘာသာဝင် (မိရိုးဖလာ သို့မဟုတ် အဆင့်မြင့်) တွေ ဖြစ်စေဦးတော့ မိတ်ဆွေတို့က ငါကတော့ ယုံကြည်တယ်၊ ငါဘုရားက မင်းဘုရားထက်သာတယ် ဆိုတဲ့ အဆင့်ကနေ တက်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အဲလို ပုထုဇဉ် မိတ်ဆွေတွေ အနေနဲ့လဲ ကိုယ်လက်ခံထားတဲ့ ယုံကြည်မှုကို သူများကို သွားပြောတဲ့အခါမှာ ကမ္ဘာပေါ်က ဘယ်လိုအုပ်စုတွေက လက်ခံမလဲ ဆိုတာကို စဉ်းစားပါ။ ကိုယ်လဲ ဘာသာ သူလဲ ဘာသာ၊ သူလဲ မျက်စိမှိတ်ယုံတာ ကိုယ်လဲ မျက်စိမှိတ်ယုံတာ ဆိုရင် မိတ်ဆွေတို့ကို ဘာသာရှိသူတွေ အကုန်လုံးက ဘာမှ မထူးခြားတဲ့အတွက် မိတ်ဆွေတို့ ဘာသာထဲကို ဝင်လာဖို့အကြောင်းမရှိပါ။ မိတ်ဆွေတို့နဲ့ တခြားဘာသာနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ဆဲဆိုမှုတွေ အပုတ်ချမှုတွေနဲ့ အကုသိုလ်တွေ တိုးပွားမှုသာ ဖြစ်ပါလိမ့်မယ်။ ဘာသာမဲ့တွေကတော့ကိုယ့်ဟာကိုယ် အေးချမ်းနေတဲ့ ဘဝလေးထဲကို လာမနှောက်ယှက်ပါနဲ့လို့လဲ ပြောချင်ပြောမယ်။ ဟာသတွေ သိပ်ပြောတတ်တဲ့ ဗုဒ်ပေါတွေ ဆိုပြီးလှောင်လွှတ်ပါမယ် (ဘုရားပါ မိတ်ဆွေနဲ့ ပါတ်သက်မိလို့ အပြောခံရတဲ့ဘဝ ရောက်ပါမယ်)။ ဒီတော့ ကိုယ့် ယုံကြည်ထားတဲ့ ရတနာ သုံးပါးကို ဘယ်လောက် အတိုင်းအတာထိ ကိုယ်နားလည်လဲ ဘယ်လောက်အတိုင်းအတာထိ နိုင်ငံတကာ ပညာရှိတွေ ဘာသာမဲ့တွေ လက်ခံအောင် ပြောနိုင်သလဲ ဆိုတာကို ကိုယ်တိုင် မညာတမ်း စဉ်းစားပါ။ ဘယ် ဘက်လိုက်မှုမှ မပါပဲ ကမ္ဘာလူသားတယောက် အမြင်ကနေပြီး ကိုယ်ဘယ်လောက် ပြောနိုင်လဲ စဉ်းစားပါ။ အဲလိုမဟုတ်ရင်တော့ ဘာသာ ပြန့်ပွားဖို့အတွက် မမျှော်လင့်ပါနဲ့။
အဲဒီတော့ မြတ်စွာဘုရားရဲ့ သာသနာ (မဂ္ဂင်ရှစ်ပါး နဲ့ ရတနာသုံးပါး) ကို ထိုက်တန်တဲ့ နေရာဖြစ်တဲ့ တကမ္ဘာလုံးက အသိပညာရှင်၊ အတတ်ပညာရှင်တွေ အကြောင်းအကျိုး စဉ်းစားတတ်တဲ့သူတွေ အဲဒီကမှ တပါးသော ယုံကြည်ချက်ရှိသော ဘာသာဝင်တွေကပါ အလေးအမြတ် ပြုစရာ ဖြစ်လာအောင် မိတ်ဆွေ ဘယ်လောက် စွမ်းဆောင်နိုင်မလဲ ဆိုတာကို မိတ်ဆွေ (ပုထုဇဉ်ရဟန်းရော လူကိုပါ ရည်ညွှန်းသည်) စဉ်းစားပါ။ မလုပ်နိုင်ဘူးဆိုရင် အဲလို ဖြစ်အောင် လုပ်ချင်သလားဆိုတာ စဉ်းစားပါ။ လုပ်ချင်တယ်ဆိုရင် ကိုယ်တိုင် တရားမြင်တဲ့၊ အယူဝါဒရေးရာ ပြိုင်ဘက်ကင်းတဲ့ သောတာပန် (အရိယာ) အနည်းဆုံးဖြစ်အောင် လုပ်ဖို့ကစရမှာဆိုတာကို သိပြီး သောတာပန် ဖြစ်အောင်လုပ်ပါ။ သေလောက်အောင် ဖြစ်စေချင်တယ်ဆို သေလောက်အောင် သောတာပန် ဖြစ်တဲ့ထိ ကြိုးစားလိုက်ပါ။ အရိယာဖြစ်ပြီး ဒီလို ဖြစ်စေချင်တယ် ဆိုရင်တော့ ကိုယ့်ရဲ့ ယုံကြည်ချက်တွေရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက သဘာဝကျ မျှတပြီး ဘယ်နှစ်ရာခိုင်နှုန်းက သဘာဝကျ မျှတမှု မရှိဘူးလဲ ဆိုတာကို စဉ်းစားပါ (၃၁ ဘုံ) လုံးခြုံပြီးစဉ်းစားပါ။
ဒီတော့ ဒီစာဟာ မြတ်စွာဘုရားနဲ့ ရတနာ သုံးပါး အဆုံးအမတွေကို ဗုဒ္ဓသာသနာ ဆိုတဲ့ အမည်အောက်နေပြီး နိုင်ငံတကာက ပညာရှင်များပါ လက်ခံတဲ့အထိ ဖြစ်စေချင်တဲ့ ဆန္ဒရှိသူ တယောက်အနေနဲ့၊ မြတ်စွာဘုရား အပေါ်မှာ အထင်လွဲခံနေရတာတွေကို မနှစ်သက်တဲ့လူတယောက်အနေနဲ့ မိတ်ဆွေတို့ကို စကားလက်ဆောင်ပါးခြင်း ဖြစ်ပါတယ်။ အထူးကျေးဇူးတင်ပါတယ်။


Leave a Reply