သာသနာနဲ့ ပတ်သက်ပြီး ပြောရရင် ပထမဆုံး အချက်က “သာသနာဆိုတာဟာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ဖြစ်ပြီး အဆုံးအမတွေဟာ အပြစ်ကင်းစင်တယ်” ဆိုတာပါပဲ။ သံသရာမှာ တန်ဖိုးအကြီးဆုံးသော၊ လောကသုံးပါးရဲ့ အဖြေဖြစ်သော၊ လောကသုံးပါးမှ လွတ်မြောက်ရာဖြစ်သော၊ သန္တိသုခဖြစ်တဲ့ နိဗ္ဗာန်ကို ညွှန်ပြနိုင်သော တရားတွေဖြစ်တဲ့ ‘သာသနာ’ ဆိုတာဟာ အားလုံးထက် အရေးကြီးပါတယ်။
အခုလက်ရှိမှာ မြတ်စွာဘုရားရဲ့ သាသနာ မဟုတ်တော့ဘဲ ပုထုဇဉ်ဘုန်းကြီးတွေရဲ့ သာသနာ ဖြစ်နေတာကို သဘောပေါက် နားလည်ဖို့ လိုပါတယ်။ ပုထုဇဉ် ဘုန်းကြီးတွေ မြတ်စွာဘုရား တရားတွေကို ထင်သလို ဟောနေတာတွေ၊ ထင်သလို ပြောနေတာတွေ၊ ထင်သလို နေထိုင်တာတွေ… ဒါတွေအားလုံးကို ခြုံကြည့်လိုက်ရင် သာသနာဟာ လုံးဝကို ပျက်စီးပြီး သံသရာက လွတ်လမ်းကို မညွှန်ပြနိုင်တဲ့ အခြေအနေကို ရောက်နေပြီဆိုတာကို ပထမဆုံး နားလည်စေချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓသာသနာဟာ လုံးဝကို အခြေအနေ မကောင်းတော့ပါဘူး။
သာသနာရဲ့ သမိုင်းကို ပြန်ကြည့်ရင် သာသနာဆိုတာဟာ မြန်မာနိုင်ငံ မရောက်ခင် ရှေးအစဉ်အဆက်မှာ အရိယာသာဝကများ သံသရာကလွတ်ဖို့ အင်မတန် ခက်ခဲတယ် ဆိုတာမျိုး လုံးဝ မရှိခဲ့ပါဘူး။ မြတ်စွာဘုရား လက်ထက်မှာလည်း အများအပြား မဂ်ဉာဏ် ဖိုလ်ဉာဏ်များ ရခဲ့ကြသလို၊ သီဟိုဠ်ခေတ်မှာလည်း အရိယာတွေ အများအပြား ပေါ်ခဲ့ပါတယ်။
ပြောချင်တာက တရားအားထုတ်လို့ တရားရတဲ့လမ်းက မခက်ပါဘူး။ မရနိုင်အောင်လည်း မဟုတ်ပါဘူး။ အဓိက ပြဿနာက ဘုန်းကြီးများ ဘုန်းကြီးအလုပ်ကို မလုပ်ခဲ့ကြတာပါ။ ဒီလိုအခြေအနေမှာ စကားကို နားဝင်အောင် ချော့မော့ပြောဖို့ထက်၊ လက်ရှိ အရှိအတိုင်းကို ဘွင်းဘွင်းပြောဖို့က ပိုအရေးကြီးတာမို့ ဘွင်းဘွင်းပဲ ပြောပါရစေ။
အဓိက ပြဿနာ၏ မြစ်ဖျားခံရာ
အဓိက ပြဿနာက ဘုန်းကြီး ပြဿနာပါ။ ထေရဝါဒ ပြဿနာလည်း မဟုတ်သလို၊ တစ်ပါးသော အယူဝါဒများ နှောင့်ယှက်ခြင်းကလည်း ပြဿနာ မဟုတ်ပါဘူး။
ပြဿနာက အသုံးမကျသော၊ အသုံးမဝင်သော၊ ပျင်းရိသော၊ လူပီသစွာ စားဝတ်နေရေးကို တာဝန်မယူချင်သော၊ အချောင်သမားများဖြစ်သော၊ အရှက်မရှိသော၊ သီလမရှိသော ဘုန်းကြီးဆိုး၊ ဘုန်းကြီးယုတ်များ အစဉ်အဆက် များလာခဲ့ခြင်းက ပြဿနာ ဖြစ်ပါတယ်။ အစဉ်အဆက်မှာလည်း သာသနာရဲ့ အနှစ်သာရကို လူနားလည်အောင် မလုပ်နိုင်တဲ့အပြင်၊ သူတို့ကိုယ်တိုင်ပါ နားမလည်တဲ့ ဘုန်းကြီးတွေချည်းလိုလို ဖြစ်ခဲ့တာက သာသနာ လက်ရှိအခြေအနေထိ ယိုယွင်းပျက်စီးစေတဲ့အထိ ဖြစ်ရတာပါ။
မြတ်စွာဘုရားက “သံသရာက လွတ်ကြောင်းသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိခြင်းဖြစ်တယ်” လို့ သေသေချာချာ ဟောထားပါလျက်နဲ့၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာကိုတောင် အဓိပ္ပာယ်သေချာမသိတဲ့ ဘုန်းကြီးတွေ အလွန်များနေပါပြီ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မသိရကောင်းလား ပြောဖို့အတွက်ကလည်း ဘုန်းကြီးတွေရဲ့ ဘဝက ရတနာသုံးပါးကိုတောင် သေချာ မသိကြပါဘူး။ သရဏဂုံလည်း မတည်ကြပါဘူး။
ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ ရတနာသုံးပါးထဲမှာ ပုထုဇဉ် ဘုန်းကြီး တစ်ယောက်မှ မပါပါဘူး။ ရတနာသုံးပါး ဆိုတာဟာ ရတနသုတ်မှာ ဟောတဲ့အတိုင်း အရိယာ (ရဟန်း) များ၊ သောတာပန်မှစ၍ ရဟန္တာထိသာ ပါပါတယ်။ ဒါကို အခုဘုန်းကြီးများ လက်ခံသလားဆိုရင်တော့၊ သူတို့ကိုယ်သူတို့သာ “သမုတိသံဃာ” ဆိုပြီး သံဃာ့ရတနာထဲကို မဖြစ်ညစ်ကျယ်နဲ့ ဝင်ထိုင်ချင်ကြ၊ အပူဇော်ခံချင်ကြ၊ အလှူငွေ လက်ခံချင်ကြပါတယ်။ သူတို့ကိုယ်သူတို့ အသုရကာယ်ကို သွားတဲ့လမ်း လျှောက်နေမှန်းတောင် မသိကြပါဘူး။
ကတိပျက်ခြင်းနှင့် ရဟန်းအလုပ်
ဒါနဲ့ ဆက်စပ်ပြီး အရေးကြီးတာကို ပြောရရင်တော့ ဘုန်းကြီးဝတ်တယ်ဆိုတာ စာသင်ရုံသက်သက်နဲ့ မရပါဘူး။ မြတ်စွာဘုရား ပါရမီဖြည့်လာတာဟာ သံသရာကလွတ်အောင် လုပ်ဖို့ဖြစ်သလို၊ ရဟန်းဝတ်ခြင်း (ဘုန်းကြီးဝတ်ခြင်း) ကလည်း သံသရာကလွတ်ဖို့ တစ်ခုတည်းပါ။ “သံသရာက လွတ်အောင် လုပ်တဲ့ အလုပ်ကို လုပ်ပါ့မယ်” ဆိုတာကိုလည်း ဘုန်းကြီးတိုင်း ကိုရင်ဘဝ သင်္ကန်းတောင်းမှာကတည်းက ကတိပေးပြီးသားပါ။
“သံသရာကလွတ်အောင် လုပ်ပါ့မယ်” ဆိုပြီး၊ ဘုန်းကြီးဘဝ ရောက်တော့မှ ဓမ္မပဒက ဘုရားမဟောတာကို ဟောသယောင် လုပ်ထားတဲ့ “ဂန္ထဓုရ နဲ့ ဝိပဿနာဓုရ” ဆိုပြီး၊ စာသင်တာနဲ့ တရားအားထုတ်တာ နှစ်မျိုး ကြိုက်ရာလုပ်နိုင်တယ်လို့ သူတို့ဟာသူတို့ လိမ်ညာသတ်မှတ်ပြီး (အမှားအမှန် မခွဲခြားနိုင်ဘဲ) စာကျက်တဲ့ အလုပ်လုပ်ပြီး ထမင်းစားနေတာဟာ အတော် အကျည်းတန်တဲ့ ကိစ္စပါ။ ဘုရားက နှစ်မျိုး ခွင့်ပြုထားပါတယ်လို့ အတင်းပြောချင်ရင် သင်္ကန်းတောင်းကို ပြန်ရွတ်ကြည့်ပါ။ တကယ်လို့ နှစ်မျိုး ခွင့်ပြုရင် သင်္ကန်းတောင်း နှစ်မျိုး ရှိရပါမယ်။ ‘သံသရာကလွတ်ချင်လို့ သင်္ကန်းနဲ့ ကိုရင်ဝတ်ပေးပါ’ ဆိုသူရယ်၊ ‘စာကျက်ချင်လို့ ကိုရင်ဝတ်ပေးပါ’ ဆိုသူရယ် သင်္ကန်းတောင်း နှစ်မျိုး ရှိရပါမယ်။ တကယ်တော့ သင်္ကန်းတောင်းက တစ်ခုတည်းပါ။ သံသရာကလွတ်ချင်လို့ သင်္ကန်းနဲ့ ကိုရင်ပြုပေးပါဆိုတဲ့ အတောင်းပဲ ရှိပါတယ်။
နောက်ပြီး သင်္ကန်းဝတ်တယ်ဆိုတာဟာ မြတ်စွာဘုရားဆီက ချေးယူ စားသောက်တာပါ။ ဘယ်ဘုန်းကြီးမှ ပါရမီတွေနဲ့ သံသရာလွတ်ကြောင်း အလိုလိုသိသူ မပါပါဘူး။ မြတ်စွာဘုရားကို ယုံကြည်တဲ့ ဥပါသကာ၊ ဥပါသိကာတွေက ‘မြတ်စွာဘုရား အလိုကျ သံသရာလွတ်ကြောင်း လုပ်မယ့်သူ၊ ကိုယ့်ကို သံသရာလွတ်ကြောင်း ညွှန်ပြနိုင်သူတွေ’ အဖြစ် ယုံကြည်ပြီး လှူတာပါ။ ဒါကြောင့် ဘုန်းကြီးတွေ စားသမျှ၊ နေသမျှသည် မြတ်စွာဘုရား ကျေးဇူးတွေပါ။ သူတို့ ဘုန်းကံဆိုတာ မူးလို့ရှူစရာ မပါပါဘူး။ ပါတယ်ထင်တဲ့သူ ဆိုရင်လည်း ရိုးရိုးလေးပါပဲ၊ သင်္ကန်းချွတ်ပြီး တစင် ထောင်ကြည့်လိုက်ပေါ့။
အဲဒီလိုမျိုး ကိုယ်လုပ်ရမယ့် အလုပ်ကို ကိုယ်ကတိခံပြီး ထမင်းစားနေတဲ့ အလုပ်ကို မလုပ်တော့ဘဲ၊ စာပဲကျက်ပြီး သီလလေး ထိန်းရင်း အပူဇော်ခံမယ်၊ အရှိခိုးခံမယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ နေထိုင်နေတယ် ဆိုတာဟာ အလကားလူပေါ့၊ လူသွမ်း ယောက်ျားပျက်တွေရဲ့ အလေ့အကျင့်ပါ။ ဘုန်းကြီးတွေ အနေနဲ့က ကိုယ့်ဟာကိုယ် ယောက်ျားရော ဟုတ်ရဲ့လား ပြန်စမ်းစစ်ရမယ့် အခြေအနေမှာ ရှိပါတယ်။ တကယ်လို့ ကိုယ့်ဟာကိုယ် ယောက်ျားလို့ သတ်မှတ်တယ်ဆိုရင်တော့၊ ကိုယ့်စကားအတိုင်း ကိုယ်လုပ်ဖို့ လိုပါတယ်။
သမိုင်းတစ်လျှောက် ပျက်စီးယိုယွင်းလာမှု
ဒီတော့ ကျနော်တို့က မြန်မာနိုင်ငံအစ ပုဂံခေတ်ကတည်းက အခုထိကို သာသနာ့အကျိုးကို မှန်မှန်ကန်ကန် မခံစားရဘူး ပြောရင် ငြင်းဖို့ အင်မတန်ခက်ပါတယ်။ ရိုးရိုးလေး စဉ်းစားကြည့်ပါ။ ပုဂံခေတ်ကနေ အခုအချိန်ထိ နှစ်ပေါင်း ထောင်ဂဏန်းနီးပါး ရှိလာခဲ့ပါပြီ၊ အရိယာ ဘယ်နှစ်ယောက် ထွက်သလဲ ကြည့်လိုက်ရင် ရာဂဏန်း မပြည့်ပါဘူး။ ပုဂံခေတ်ကနေ ဒီနေ့ထိ ဘုန်းကြီး အရေအတွက် ဘယ်လောက် ရှိပြီလဲ စဉ်းစားကြည့်ရင် သန်းနဲ့ချီ ရှိပါလိမ့်မယ်။ လက်ရှိခေတ်မှာတောင် ဘုန်းကြီး အရေအတွက်က လေးသိန်းလောက် ရှိနေတာပါ။ အဲဒီတော့ လူတစ်သန်းမှာ လူတစ်ရာလောက်ပဲ ထွက်တယ်ဆိုတော့၊ တည့်တည့်ပြောရရင် ထမင်းစားပြီး၊ အပူဇော်ခံပြီး၊ ရှိခိုးခံပြီး ကိုယ့်အလုပ်ကို ကိုယ် အဖြစ်ရှိအောင် မလုပ်ကြလို့ပါ။
ကျနော်ပြောတာ စကားကြမ်းတယ် ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမယ့် လူဆိုတာက အသက်မွေးမှုဆိုတာကို တန်ဖိုးထားရပါတယ်။ လောကမှာ ဘယ်ဟာမှ အလကား မရတာကို သဘောပေါက်ထားဖို့ လိုပါတယ်။ လောကအတွက် အကျိုးရှိတာ တစ်ခုခုကို လုပ်ရပါတယ်။ အဲဒီတော့ ဘုန်းကြီးတွေ အပျက်ကြီး ပျက်စီးနေတာက သူတို့တင် ပျက်စီးတာ မဟုတ်ပါဘူး။ သာသနာမှာ ရှိတဲ့ ဥပါသကာ၊ ဥပါသိကာ၊ ဘိက္ခု အားလုံးကို အကျိုးမဲ့စေတာ၊ အကျိုးယုတ်စေတာပါ။
ဒီထက်ဆိုးတာက အဲဒီ ပုထုဇဉ် ဘုန်းကြီးဆိုတာတွေက လာဘ်လာဘအတွက် တရားမဟုတ်တာတွေကို တရားအဖြစ် ဟောနေတာတွေ၊ ဒကာ ဒကာမတွေကို မြှောက်ပင့်ပြီး စားနေတာတွေ၊ ဒကာ ဒကာမ ကျေးကျွန် ခံနေတာတွေဟာလည်း မြင်မကောင်းအောင်ပါပဲ။ အဓမ္မတရားတွေဖြစ်တဲ့ ဦးမောင်မောင် (ပျဉ်းမနား) တို့၊ မိုးပြာတို့နဲ့ ပတ်သက်လို့ကျတော့လည်း မနှိမ်နင်းနိုင်ပြန်ပါဘူး။ သာသနာမှာ နှိမ်နင်းတယ် အယူဝါဒ ရေးရာအရ မငြင်းနိုင်အောင် ကိုယ်အပြတ်အသတ် အနိုင်ရအောင် ပြောဆိုနိုင်ခြင်းကိုဆိုလိုပါတယ်။ အဲဒီအယူဝါဒ ရှိသူကို ဒုက္ခပေးခြင်းကို မဆိုလိုပါဘူး။ ဒုက္ခလဲ မပေးသင့်ပါဘူး။ ဆိုတာက ဘုန်းကြီးတွေထဲထိပါ ဦးမောင်မောင် အယူအဆတွေ ပြန့်ပြီး လက်ခံနေကြတာဟာ (လူတွေအတွက် အပြစ်မဟုတ်ပေမယ့်) ဘုန်းကြီးတွေ ဘယ်လောက် အသုံးမကျသလဲဆိုတာ ပေါ်လွင်နေပြန်ပါတယ်။
အဲဒီတော့ ဒီအပိုင်းမှာ သိစေချင်တာက သာသနာဟာ ကောင်းနေတာ မဟုတ်ဘူး၊ အပျက်ကြီး ပျက်နေတယ်။ အဲဒီလို ပျက်နေတာကလည်း အခုမှ မဟုတ်ဘူး။ သံသရာက ထွက်လမ်း အရိယာ ဖြစ်သင့်သလောက် မဖြစ်ကတည်းက ပျက်နေတာပါ။ ဒီအတွက် တရားခံကလည်း အစဉ်အဆက် ပုထုဇဉ်ဘုန်းကြီးများသာ ဖြစ်တယ် ဆိုတဲ့ အကြောင်းပါ။


Leave a Reply