လောကမှာ “ကျေးဇူးတရား” ဆိုတာနဲ့ ပတ်သက်လာရင် မြတ်စွာဘုရားရဲ့ မူလကျေးဇူးတော်နဲ့ သာသနာတွင်းက ရဟန်းတွေရဲ့ ကျေးဇူးဆိုတာကို ကွဲကွဲပြားပြား နားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။
၁။ ဘုရားရှင်၏ ကြီးမားလှသော ရင်းနှီးမြှုပ်နှံမှု
မြတ်စွာဘုရားရှင်ဆိုတာ လွန်ခဲ့တဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းက သာမန် ပုထုဇဉ် ယောက်ျားကောင်း တစ်ယောက်ပါပဲ။ အဲဒီအချိန်က ပွင့်တော်မူတဲ့ ဘုရားရှင်လက်ထက်မှာ သူဟာ ဉာဏ်ပညာ အရမ်းထက်မြက်ပြီး ခန္ဓာရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားတွေကို အလွယ်တကူ ထိုးထွင်းသိမြင်နိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် “ငါတစ်ယောက်တည်း လွတ်မြောက်သွားတာထက်၊ သတ္တဝါတွေကိုပါ သံသရာတစ်ဖက်ကမ်းကို ခေါ်ဆောင်သွားမယ်” ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒ၊ မလျှော့သော ဝီရိယ တို့နဲ့ ဘုရားဆုကို ပန်ခဲ့ပါတယ်။
နောက်ဆုံးဘဝကို ရောက်တဲ့အခါမှာလည်း ထီးနန်းစည်းစိမ်၊ သားနဲ့ မယားကို စွန့်လွှတ်ပြီး တောထွက်ခဲ့ပါတယ်။ ဆရာအမျိုးမျိုးဆီမှာ နည်းခံခဲ့ပေမယ့် ဒါဟာ သံသရာက လွတ်ကြောင်း မဟုတ်ဘူးဆိုတာ သိတဲ့အတွက်၊ အသက်သေချင်သေပါစေဆိုပြီး ကိုယ်တိုင် ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ပါတယ်။ နောက်ဆုံးမှာ အစွန်းနှစ်ပါးကို ရှောင်ရှားပြီး၊ အဓိပတိတရားလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာ) နဲ့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ကာ လောကသုံးပါးမှာ အမြင့်မြတ်ဆုံးသော ဘုရားရှင်အဖြစ်သို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကြီးမားတဲ့ ကိုယ်ကျိုးစွန့် အားထုတ်မှု၊ ရင်းနှီးမြှုပ်နှံမှုကြီးကြောင့်သာ ယနေ့ ကျနော်တို့ မှီခိုနေရတဲ့ “သာသနာ” ဆိုတာ ပေါ်ပေါက်လာရတာပါ။
၂။ သာသနာ့အမွေကို ခံစားခြင်း (အကြွေးဆပ်ပြီးသူများနှင့် အကြွေးတင်နေသူများ)
ဒီသာသနာကြီး ပေါ်ပေါက်လာတဲ့အခါမှာ ဘိက္ခု (ရဟန်း) နဲ့ အရိယာတွေဟာ ဘုရားရှင်ရဲ့ ကျေးဇူးကို အများဆုံး ခံစားရသူတွေ ဖြစ်ပါတယ်။
အကြွေးဆပ်ပြီးသူများ (အရိယာများ)៖ တရားတော်အတိုင်း လက်တွေ့ကျင့်ကြံလို့ မဂ်ဖိုလ်ရသွားတဲ့ အရိယာတွေဟာ မြတ်စွာဘုရားရဲ့ လမ်းညွှန်မှုကျေးဇူးကို အပြည့်အဝ ရရှိသွားသလို၊ တရားထူးရအောင် အားထုတ်လိုက်ခြင်းအားဖြင့် ဘုရားရှင်ရဲ့ ကျေးဇူးကိုလည်း ကျေပွန်စွာ ဆပ်ပြီးသား ဖြစ်သွားပါတယ်။
ကိုယ့်ဝမ်းကိုယ်ကျောင်းသူများ (ဥပါသကာ၊ ဥပါသိကာ)៖ လူပုဂ္ဂိုလ်တွေကတော့ သရဏဂုံတည်ပြီး ဘုရားကျေးဇူးကို ခံစားရပေမယ့်၊ သူတို့ရဲ့ စားဝတ်နေရေး အသက်မွေးဝမ်းကျောင်းကတော့ ကိုယ့်လုပ်အားနဲ့ကိုယ် ရှာဖွေစားသောက်နေကြရတာ ဖြစ်ပါတယ်။
အကြွေးဖြင့် ရပ်တည်နေသူများ (ဘိက္ခု သို့မဟုတ် ရဟန်းများ)៖ ရဟန်းတွေရဲ့ အခြေအနေကတော့ လုံးဝ ကွာခြားပါတယ်။ ရဟန်းတစ်ပါး ရရှိနေတဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါးဟာ သူတို့ရဲ့ ကိုယ်ပိုင် ဘုန်းကံကြောင့် ရနေတာ မဟုတ်ပါဘူး။ မြတ်စွာဘုရားက “ဘိက္ခု” ဆိုတဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းပေးပြီး၊ အသက်မွေးဝမ်းကျောင်းပုံစံကို သတ်မှတ်ပေးခဲ့တဲ့ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့်သာ လူတွေက လှူဒါန်းနေကြတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရဟန်းတွေဟာ မြတ်စွာဘုရားဆီကနေ အရင်းအနှီး (Capital) ကို “ချေးယူစားသောက်” နေကြတာပဲ ဖြစ်ပါတယ်။
၃။ ကတိတည်သော ယောက်ျားကောင်း ဖြစ်ရန်လိုအပ်ခြင်း
မြတ်စွာဘုရားက လူတွေအပေါ်မှာ ဘယ်အရာကိုမှ မဖြစ်မနေ လုပ်ရမယ်လို့ အတင်းအကျပ် အမိန့်မပေးခဲ့ပါဘူး။ လွတ်လပ်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် ရဟန်းတွေနဲ့ ပတ်သက်လာရင်တော့ စည်းကမ်း အလွန်တင်းကျပ်ပါတယ်။ မဂ်ဖိုလ်ရဖို့အတွက် တထိုင်တည်းနဲ့ လေးမဂ်လေးဖိုလ် ရတဲ့အထိ ပြင်းပြင်းထန်ထန် အားထုတ်ဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက သူတို့ကို “ချေးငွေ” ထုတ်ပေးထားတာဟာ အလကားစားဖို့ မဟုတ်ဘဲ၊ သံသရာက လွတ်မြောက်အောင် အားထုတ်ဖို့အတွက် သီးသန့် ရည်ရွယ်ထားလို့ပါပဲ။ အကြွေးရှိလျက်နဲ့ မဆပ်ချင်တဲ့သူကို “လူယုတ်မာ” လို့တောင် ပြင်းပြင်းထန်ထန် မိန့်ဆိုခဲ့ဖူးပါတယ်။
ဒါကြောင့် သင်္ကန်းတောင်းစဉ်က “သံသရာမှ လွတ်မြောက်ပါရစေ” လို့ ကတိပေးပြီးမှ၊ တရားမအားထုတ်ဘဲ၊ အနည်းဆုံး သောတာပန်ဖြစ်ရန် အားထုတ်နေသူ (သေက္ခ) အဆင့်ကိုတောင် မရောက်အောင် နေမယ်ဆိုရင်၊ အဲဒီရဟန်းဟာ သာသနာဘောင်ကို “မုသား” (လိမ်လည်မှု) နဲ့ စတင်ဝင်ရောက်လာတာ ဖြစ်သွားပါပြီ။ ကတိမတည်တဲ့အတွက် သူ့ရဲ့ အသက်မွေးမှုဟာ ဘယ်လိုမှ မစင်ကြယ်နိုင်တော့ပါဘူး။
၄။ လွဲမှားနေသော ကျေးဇူးတရားကို ပိုင်းခြားသိမြင်ခြင်း
နောက်ထပ် ခေတ်စားနေတဲ့ အယူအဆတစ်ခုကတော့ “ရှေးခေတ်က အငတ်ဘေးတွေ ကြုံတဲ့ကြားကနေ ရဟန်းတော်တွေက ပိဋကတ်တော်တွေကို အသက်စွန့်ပြီး ထိန်းသိမ်းလာခဲ့လို့သာ ဒီနေ့ခေတ် သာသနာရှိနေတာ၊ ဒါကြောင့် ဘုန်းကြီးဆိုရင် ကျေးဇူးကြီးတယ်” ဆိုတဲ့ စကားပါပဲ။
ဒီနေရာမှာ ခွဲခြားသိမြင်ဖို့ လိုပါတယ်။ အဲဒီလို အသက်စွန့်ပြီး သာသနာကို သယ်ပိုးခဲ့တဲ့ သမိုင်းက “ထိုရဟန်းတော်များ” ရဲ့ ကျေးဇူးကတော့ ကြီးမားလှပါတယ်။ ဒါပေမယ့် အဲဒီကျေးဇူးတရားကို အခုခေတ်က တရားမအားထုတ်တဲ့ ဘုန်းကြီးတွေနဲ့ ရောထွေးပြီး “ဘုန်းကြီးမှန်သမျှ ကျေးဇူးကြီးတယ်” လို့ သိမ်းကျုံးသတ်မှတ်လို့ လုံးဝ မရပါဘူး။ အဲဒီသယ်ဆောင်တဲ့ရဟန်းတွေ အနေနဲ့ပြန်ကြည့်မယ်ဆိုလဲ ဒီလိုသယ်ဆောင်ခွင့်ရတယ် ဆိုတာကိုက မြတ်စွာဘုရား လေးသင်္ချေနဲ့ကမ္ဘာတသိန်း အမျိုးမျိုးစွန့်လွှတ်ကြိုးစားခဲ့လို့ သယ်ယူခွင့်ရတာပါ။ သယ်ယူတဲ့အတွက် တူသောအကျိုးပေး ကံကိုလဲ သူတို့ခံစားရပြီး ဖြစ်ပါတယ်။ ဒါကြောင့်သူတို့ရဲ့ ကျေးဇူးရှင်ကလဲ မြတ်စွာဘုရားသာ ဖြစ်ပါတယ်။
တကယ်တမ်း အရင်းစစ်လိုက်ရင် သာသနာဆိုတာ ဘုရားရှင်ရဲ့ ကြီးမားလှတဲ့ ကိုယ်ကျိုးစွန့် အားထုတ်မှုကြောင့်သာ ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက်၊ သာသနာတွင်းမှာ ဘယ်အချိန်၊ ဘာပဲဖြစ်ဖြစ် တကယ့် မူလပထမ ကျေးဇူးရှင် အစစ်အမှန်ဟာ “မြတ်စွာဘုရား” တစ်ဆူတည်းသာ ဖြစ်ပါတယ်။ ကျေးဇူးတရား အားလုံးရဲ့ အဆုံးသတ်ဟာ မြတ်စွာဘုရားဆီကိုပဲ သွားပါတယ်။
ဒါကိုမှ ဘုရားကြွေးတာစား၊ ဘုရားဆင်တာဝတ်၊ ဘုရားဂုဏ်တွေကို စော်ကား၊ ဘုရားမဟောတာတွေကို ဘုရားဟောလို့ လိမ်ညာ ပြောပြီး သက်သာသလိုနေကြတဲ့ ဘုရားကျေးဇူးနဲ့ လူရာဝင်သူတွေက သူတို့ကျေးဇူးကို အလေးအမြတ်ပြုသင့်တယ်ဆိုပြီး မြတ်စွာဘုရားကျေးဇူးကို မှေးမှိန်အောင် လုပ်တာဟာ အင်မတန်အောက်တန်းကျတဲ့ အပြုအမူပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်
ဒီအချက်တွေကို ထောက်ရှုခြင်းအားဖြင့် ဘိက္ခု၊ ဥပါသကာ၊ ဥပါသိကာ အားလုံးဟာ သာသနာဆိုတာ မြတ်စွာဘုရားရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အဆုံးအမဖြစ်ကြောင်း၊ အနတ္တရဲ့ သဘောမှန်ကို ဉာဏ်နဲ့ ထိုးထွင်းသိမြင်ပြီး အကြောင်းအကျိုးကို ပညာရှိရှိ စီမံရမယ့် ကျင့်စဉ်ဖြစ်ကြောင်း သဘောပေါက်ဖို့ လိုပါတယ်။ သို့မှသာ ဘုရားရှင်ရဲ့ ကျေးဇူးတရားကို အမှန်တကယ် သိရှိနားလည်ပြီး၊ လူ၊ ရဟန်း အရိယာများ များစွာ ပေါ်ထွန်းလာရေး ဆိုတဲ့ ပန်းတိုင်ကို အတူတကွ လျှောက်လှမ်းနိုင်ကြမည် ဖြစ်ပါသည်။


Leave a Reply