သာသနာတော် အဓွန့်ရှည်တည်တံ့ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် “ပုထုဇဉ်ရဟန်းများကသာ သာသနာကို အစဉ်အဆက် သယ်ဆောင်လာကြသည်” ဟူသော အယူအဆတစ်ခုသည် ဗုဒ္ဓဘာသာဝင် အများစုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်လျက်ရှိပါသည်။ ဤအယူအဆကို အပေါ်ယံ ရှုမြင်ပါက မှန်ကန်သည်ဟု ထင်ရသော်လည်း၊ ပရမတ် အမှန်တရားနှင့် မြတ်စွာဘုရားရှင်၏ မူလရည်ရွယ်ချက်ကို ထိုးထွင်းသိမြင်အောင် လေ့လာဆန်းစစ်ကြည့်ပါက များစွာ ကွာဟနေသည်ကို တွေ့ရမည် ဖြစ်ပါသည်။ သာသနာဆိုသည်မှာ အဘယ်နည်း၊ ထိုသာသနာကို မည်သူတို့က အမှန်တကယ် လက်ဆင့်ကမ်း သယ်ဆောင်နေကြသနည်း ဆိုသည့် အချက်ကို ပညတ်နှင့် ပရမတ် မရောစပ်ဘဲ ရှင်းလင်းစွာ ခွဲခြားသိမြင်ရန် အလွန်ပင် အရေးကြီးလှပါသည်။

ပထမဦးစွာ ပုထုဇဉ်ရဟန်းများ၏ အခန်းကဏ္ဍကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ရန် လိုအပ်ပါသည်။ ပုထုဇဉ်ရဟန်းများသည် ပိဋကတ်သုံးပုံ ဟူသော စာပေကျမ်းဂန်များကို အလွတ်ကျက်မှတ်ခြင်း၊ ရေးသားခြင်း၊ သင်ကြားပို့ချခြင်းတို့ဖြင့် အစဉ်အဆက် သယ်ဆောင်လာခဲ့ကြသည် ဆိုသောအချက်ကို လုံးဝ မငြင်းသာပါ။ ကျမ်းဂန်စာပေများသည် မြတ်စွာဘုရား၏ နှုတ်ကပါဌ်တော်များကို မှတ်တမ်းတင်ထားသော အဖိုးတန် အမွေအနှစ်များ ဖြစ်သည်မှာ မှန်ပါသည်။ သို့သော် ထိုစာပေကျမ်းဂန်များကို သယ်ဆောင်ခြင်းသည် “သာသနာ” အစစ်အမှန်ကို သယ်ဆောင်ခြင်း မမည်သေးပါ။

အမှန်တကယ်တော့ ရဟန်းတော်များတွင် လူဝတ်ကြောင်များ အရိယာဖြစ်အောင် လုပ်ပေးရန် တာဝန်မရှိသလို၊ သာသနာကြီး အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းရမည်ဟူသော တာဝန်လည်း လုံးဝမရှိပါ။ ရဟန်းတို့၏ တခုတည်းသော တာဝန်သည် သံသရာမှ လွတ်မြောက်သော အရိယာ၊ အနည်းဆုံး သောတာပန်ဖြစ်အောင် လုပ်ဖို့ တခုတည်းသာ ဖြစ်ပါသည်။ ဒီတခုတည်းမှ ဒီတခုတည်း ဖြစ်ပါသည်။ ဤတစ်ခုတည်းသော တာဝန်ကို မျက်ကွယ်ပြု၍ စာပေပရိယတ္တိကိုသာ ဖက်တွယ်ထားခြင်းသည် သာသနာကို သယ်ဆောင်နေခြင်း မဟုတ်ဘဲ ပညတ်လောကထဲတွင်သာ လည်ပတ်နေခြင်း ဖြစ်ပါသည်။

ထိုသို့ဆိုလျှင် “သာသနာ” ဟူသည် အဘယ်နည်း။ မြတ်စွာဘုရားရှင်၏ သာသနာတွင် အဓိက တခုတည်းကိုသာ ပြပါဆိုလျှင် “မဂ္ဂင်ရှစ်ပါး” သာလျှင် ဖြစ်ပါသည်။ မဂ္ဂင်ရှစ်ပါးဆိုသည်မှာ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာဖြစ်သော၊ အို နာ သေ ကင်းရာ နိဗ္ဗာန်သို့ သွားရာ တစ်ခုတည်းသော လမ်းစဉ်ဖြစ်ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အဆုံးအမသည်သာလျှင် သာသနာ၏ အနှစ်သာရ၊ သာသနာ၏ အသက်ဝိညာဉ် ဖြစ်ပါသည်။

မဂ္ဂင်ရှစ်ပါးကို အမှန်တကယ် သယ်ဆောင်မည်ဆိုလျှင် စာအုပ်ထဲတွင် မှတ်သားထားရုံ၊ နှုတ်မှ အလွတ်ရွတ်ဆိုနိုင်ရုံဖြင့် မရနိုင်ပါ။ ထိုမဂ္ဂင်ရှစ်ပါးသည် မိမိ၏ “ခန္ဓာ” တွင် ပြည့်ဝစွာ ကိန်းဝပ်တည်ရှိနေရန် လိုအပ်ပါသည်။ ခန္ဓာတွင် မဂ္ဂင်ရှစ်ပါး ပြည့်ဝနေသူကိုသာ “သာသနာကို သယ်ဆောင်သူ” ဟု ခေါ်ဆိုထိုက်ပါသည်။ မဂ္ဂင်ရှစ်ပါး ခန္ဓာတွင် ပြည့်ဝကိန်းအောင်းနေသူသည် မည်သူနည်းဟု မေးလျှင် “အရိယာပုဂ္ဂိုလ်” သာလျှင် ဖြစ်သည်ဟု ဖြေရပါမည်။

ပုထုဇဉ်ရဟန်းများသည် သင်္ကန်းကို ဝတ်ရုံထားသော်လည်း၊ ပိဋကတ်သုံးပုံကို အာဂုံဆောင်ထားနိုင်သော်လည်း သူတို့၏ သန္တာန်တွင် “အတ္တဒိဋ္ဌိ” အခိုင်အမာ ကိန်းအောင်းနေဆဲ ဖြစ်ပါသည်။ မိမိကိုယ်မိမိ လူဟု၊ သတ္တဝါဟု၊ ရဟန်းဟု ထင်မြင်ယူဆနေသရွေ့၊ သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ မကင်းသေးသရွေ့ ထိုပုဂ္ဂိုလ်၏ ခန္ဓာတွင် မဂ္ဂင်ရှစ်ပါးသည် အမြစ်တွယ်ကိန်းအောင်းနိုင်ခြင်း မရှိသေးပါ။

ထို့ကြောင့် ပုထုဇဉ်များ၏ ခန္ဓာတွင် မဂ္ဂင်ရှစ်ပါး မကိန်းသောကြောင့် သူတို့ကို သာသနာကို အမှန်တကယ် သယ်ဆောင်သူများဟု ပြော၍ မရနိုင်ပါ။ “သံဃာရတနာ” ဟု ခေါ်ဆိုထိုက်သော၊ သံဃာ့ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံသော သူများမှာ အရိယာသံဃာများသာ ဖြစ်ပါသည်။

ဒီနေရာမှာ အလွန်ထင်ရှားတဲ့၊ ငြင်းဆန်လို့မရတဲ့ အမှန်တရားတစ်ခုကို ထပ်မံ စဉ်းစားကြည့်ဖို့ လိုပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က “သာသနာမှာ အရိယာတွေ ရှိနေသရွေ့ သာသနာ မကွယ်ဘူး” လို့ အတိအလင်း ဟောကြားခဲ့ပါတယ်။ ဒီစကားရပ်ကို သေချာ ပြန်လည် ဆန်းစစ်ကြည့်ပါ။ ပုထုဇဉ်ရဟန်းများ အနေဖြင့် ပိဋကတ်သုံးပုံ စာပေကျမ်းဂန်များကို ဘယ်လောက်ပဲ မပျောက်မပျက်အောင် အလွတ်ကျက်မှတ်ထားနိုင်ပါစေ၊ ဤလောကကြီးတွင် အရိယာပုဂ္ဂိုလ် တစ်ပါးမှ မရှိတော့ဘူး ဆိုသည်နှင့် တစ်ပြိုင်နက်တည်း သာသနာသည် ကွယ်ပပျောက်ကွယ်သွားပြီဟုသာ အတိအကျ ယူဆရမည် ဖြစ်ပါသည်။

ယနေ့အချိန်အထိ သာသနာတော်ကြီး မကွယ်သေးဘဲ တည်ရှိနေသည်မှာ စာအုပ်တွေ၊ ကျမ်းဂန်တွေ ရှိနေလို့ မဟုတ်ပါ။ ခန္ဓာတွင် မဂ္ဂင်ရှစ်ပါး ကိန်းဝပ်နေသော “အရိယာများ” ရှိနေသေးသောကြောင့်သာ ဖြစ်သည်မှာ နေရောင်ခြည်ကဲ့သို့ ထင်ရှားနေပါသည်။ ထို့ကြောင့် သာသနာကို အမှန်တကယ် လက်ဆင့်ကမ်း သယ်ဆောင်လာကြသူများမှာ ပုထုဇဉ်များ လုံးဝ မဟုတ်ဘဲ၊ လူ၊ ရဟန်း အရိယာများသာ ဖြစ်သည်ဆိုသောအချက်ကို ပီပြင်စွာ မြင်တွေ့နိုင်ပါသည်။

အရိယာပုဂ္ဂိုလ်များသည် သာသနာကို မည်သို့ သယ်ဆောင်ကြသနည်း။ သူတို့သည် စာအုပ်စာပေများကို ကျောပိုး၍ သယ်ဆောင်ခြင်း မဟုတ်ပါ။ သူတို့သည် မိမိတို့၏ ခန္ဓာကိုယ်၌ ပရမတ်သဘောတရားများကို ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ပြီး၊ စိတ် စေတသိတ်တို့၏ ဖြစ်ပြီးပျက်နေမှုကို သဘောပေါက်နားလည်သော “ဖြစ်ပျက်” မြင်သည့် ဉာဏ်ဖြင့် မဂ္ဂင်ရှစ်ပါးကို ကိုယ်တိုင် လက်တွေ့ ကျင့်သုံးကြပါသည်။ ထို့နောက် မိမိတို့ ကိုယ်တိုင် ဖြတ်သန်းခဲ့သော၊ လက်တွေ့ ခံစားသိရှိခဲ့သော ထိုမဂ္ဂင်ရှစ်ပါး ကျင့်စဉ်ကို တစ်ပါးသူအား လက်တွေ့ကျကျ တရားပြသခြင်းဖြင့် သာသနာကို ရှင်သန်စေပါသည်။

အချုပ်အားဖြင့် ဆိုရသော် သာသနာ၏ အနှစ်သာရသည် မဂ္ဂင်ရှစ်ပါး ဖြစ်ပါသည်။ မဂ္ဂင်ရှစ်ပါးကို သယ်ဆောင်ရန် ခန္ဓာတွင် မဂ္ဂင်ရှစ်ပါး ပြည့်ဝနေရန် လိုအပ်ပါသည်။ ခန္ဓာတွင် မဂ္ဂင်ရှစ်ပါး ပြည့်ဝနေသူမှာ အရိယာများသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်ကို ခေတ်အဆက်ဆက် သယ်ဆောင်လာသူများမှာ အခြားသူများ မဟုတ်ဘဲ၊ ခန္ဓာတွင် မဂ္ဂင်ရှစ်ပါး ကိန်းဝပ်လျက်ရှိသော၊ သံဃာ့ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံသော အရိယာသံဃာများနှင့် လူ အရိယာများသာလျှင် ဖြစ်ကြပါကြောင်း အတိအကျ တင်ပြအပ်ပါသည်။

ကျနော်တို့ ရေးသားနေသော၊ ရည်ရွယ်နေသော အဓိက ရည်ရွယ်ချက်မှာ လူ၊ ရဟန်း အရိယာ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပင် ဖြစ်ပါသည်။ ထိုအရိယာများ များများ ပေါ်ထွန်းလာခြင်းဖြင့်သာလျှင် မြတ်စွာဘုရား၏ သာသနာတော်သည် အမှန်တကယ် ရှင်သန်ထွန်းလင်းနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *