သဗ္ဗေ အလုံးစုံသော၊ သင်္ခါရာ သင်္ခါရ တရားတို့သည်၊ အနိစ္စာ မမြဲ လို့ အဓိပ္ပါယ် ရပါတယ်။ ကျနော့် အနေနဲ့ အနတ္တ အကြောင်းကို နားလည်ရခက်လို့ နားလည်အောင် ကြိုးစားပြီး ရေးခဲ့တာ အတော် ခရီးရောက်ခဲ့ပါပြီ။ ကျနော့်ဆီမှာ တရားလိုက်သူတွေထဲက အနတ္တကို လုံလောက်အောင် နားလည်သွားတဲ့ သူတွေ ရှိပါတယ်။ ကျနော် အနတ္တနဲ့ ပါတ်သက်ပြီး ပြောချင်သမျှကို နားလည်သွားတာပါ။ ဒါပေမယ့် အနိစ္စ နဲ့ ဒုက္ခကိုတော့ ကျနော်လဲ အရေးနည်းတော့ လုံလောက်အောင် မသိကြသေးပါဘူး။ အဲဒါကြောင့် အနိစ္စ အကြောင်းကို အထူး အလေးပြု ရေးသွားဖို့ စဉ်းစားထားပါတယ်။
အနိစ္စ ဆိုတာက မမြဲဘူး ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒါကို သိတဲ့ ဉာဏ်က အင်မတန် အရေးကြီးတဲ့ ဉာဏ်ပါပဲ။ ကျနော်တို့က ဘယ်အရာမှ မမြဲဘူး စသဖြင့် ပြောလေ့ ရှိနေကြပေမယ့် တကယ်တန်းမှာတော့ မနေ့က ငါနဲ့ ဒီနေငါ၊ ခုနက ငါနဲ့ အခုငါ တူတူပဲ ဆိုတဲ့ အစွဲကြီး ရှိနေတတ်ပါတယ်။ အနတ္တ ဆိုတာကို သဘောပေါက်ရင်တော့ ငါ ဆိုတာ မရှိဆိုတာကို သဘောပေါက်ပေမယ့် နိစ္စ (မြဲတယ်) ဆိုတဲ့ အထင်၊ အသိ၊ အယူက ကပ်ငြိနေတတ်ပါ တယ်။
ဒါနဲ့ ပါတ်သက်ရင် ကျနော့်အနေနဲ့ စိတ္တာနုပဿနာပဲ အားထုတ်လာခဲ့တာမို့ စိတ္တာနုပဿနာ အနေနဲ့ပဲ ပြောပါ့မယ်။ စိတ္တာနုပဿနာ ဆိုတာက စိတ်ကို ရှုတာပါ။ အဲဒီတော့ စိတ်တွေ ဖြစ်ပြီး ပျက်နေတဲ့ သဘောဟာ အမှန်တရား ဖြစ်တယ် ဆိုတာကို ပထမဆုံး နားလည် လက်ခံဖို့ လိုပါတယ်။ တရားအားထုတ်စ လူတွေ အနေနဲ့ စိတ်တွေဟာ ပြောင်းလဲနေတာလို့ မြင်တတ်ပေမယ့် တကယ်တော့ စိတ်ဆိုတာက ဖြစ်ပြီး ပျက်နေတာပါ။ ပြောင်းလဲနေတာ မဟုတ်ပါဘူး။ ကျနော် ပြောလေ့ရှိတဲ့ အတိုင်း ကျန်ခဲ့တဲ့ ၁ မိနစ်က စိတ် အခုမရှိတော့တာ ပျက်သွားတာကို သဘောပေါက်ခြင်းအားဖြင့် ဖြစ်ပျက် ရှုမှတ်မှုကို စတင်နိုင်ပါတယ်။
ဒီဖြစ်ပျက် မြင်တဲ့ ဉာဏ်ကို ယထာဘူတ ဉာဏ်လို့ ခေါ်ပါတယ်။ ယထာဘူတ ဉာဏ် ဆိုတာကတော့ ဟုတ်တိုင်း မှန်စွာ သိသောဉာဏ်လို့ ခေါ်ပါတယ်။ ခန္ဓာမှာ တကယ်ဖြစ်နေတာက ဖြစ်ပြီးပျက်နေတဲ့ စိတ်နဲ့ ဖောက်ပြန် ပျက်စီးနေတဲ့ ရုပ်ပါ။ ဒါကို ဟုတ်တိုင်းမှန်စွာ သိတယ်လို့ ဆိုလိုတာပါ။ အဲဒီတော့ ပထမဆုံး အနေနဲ့ စိတ်သည် ဖြစ်ပြီး ပျက်တယ် ဆိုတာကို သဘောပေါက်ပြီ ဆိုရင် ဒါကိုပဲ ထပ်ခါ ထပ်ခါ သတိထားပြီး ပညာ နဲ့ ဆုံးဖြတ်ပေး နေရမှာပါ။ ဒီလို လုပ်ခြင်းအားဖြင့် သညာဝိပ္ပလ္လာသ ဆိုတဲ့ အမှတ်မှားနဲ့၊ စိတ္တ ဝိပ္ပလ္လာသ ဆိုတဲ့ အသိမှားကို ပါယ်ရှား ဖို့ ဆိုတာက အဓိက ဦးတည်ချက်ပါ။
ဒီအပိုင်းမှာတော့ အချိန်ပေးပြီး ကျင့်ကြံရတဲ့ အပိုင်းလို့ ပြောရမှာပါ။ ဖြစ်ပျက်ကို မြင်ဖို့ဆိုတာက တကယ်တော့ မခက်ပါဘူး။ စိတ်ကလေး တခုကို သတိထားကြည့်လိုက်ရင် စိတ်ဆိုတာ နှစ်ခု တပြိုင်တည်း မဖြစ်တဲ့အတွက် သတိထားတဲ့ စိတ်သာ ရှိတော့ပြီး ပထမဖြစ်ခဲ့တဲ့စိတ်ဟာ ပျက်သွားတယ် ဆိုတာကို သဘောပေါက်လိုက် မှာပါ။ ဒါကိုပဲ သတိပဌာန်လို့ ခေါ်တာ ဖြစ်ပါတယ်။ ဒီလို ရှုမှတ်မှု ကြာလာတဲ့အခါမှာ စိတ်တွေဟာ ဖြစ်ပြီး ပျက်နေတာသာ ဖြစ်တယ်ဆိုတာကို သဘောပေါက်လာမှာပါ။
အဲဒါကိုပဲ လုံလောက်အောင် ရှုမှတ်မှု လုပ်တဲ့ အခါမှာ ဖြစ်ပြီး ပျက်နေတာမှ တပါး တခြားမရှိ ဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်ပြုလုပ်နေတာလဲ မဟုတ်၊ ကိုယ်ကြားတာလဲ မဟုတ်၊ ကိုယ်မြင်တာလဲ မဟုတ်၊ စေတနာဆိုတဲ့ စေ့ဆော်မှု ဖြစ်ပျက်၊ အသံကြားစိတ်ဖြစ်ပျက်၊ မြင်စိတ် ဖြစ်ပျက် စသဖြင့် စိတ်တွေရဲ့ ဖြစ်ပျက်နေမှုကို သဘောပေါက်လာ မှာပါ။ ဒီဉာဏ်မှာပဲ အပျက်တွေချည်းသာ မြင်တော့တဲ့စိတ်၊ ဖြစ်ပျက်နေမှုပေါ်မှာ ဘေး အဖြစ် မြင်လာတဲ့ စိတ်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင် မိတ်ဆွေတို့အနေနဲ့ ဖြစ်ပျက် ရှုမှတ်မှုနဲ့ ပါတ်သက်ပြီး လုံလောက်မယ် ထင်ပါတယ်။ မရှင်းတာ များရှိရင် မေးခွန်းများမေးနိုင်ပါတယ်။ သူကတော့ အလုပ်လုပ်ရတဲ့ သဘောဖြစ်တာမို့ အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ကို ရှုမှတ်ဖို့ လိုပါတယ်။ ဖြစ်ပျက်ရှုမှတ်မှု ကြားထဲမှာ ကိလေသာ မခိုရင် မခိုသလောက် ခရီး အမြန်ရောက်မှာပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ မေးခွန်းတွေပေါ်မူတည်ပြီး နောက်ထပ် ဖြစ်ပျက်ရှုမှုနဲ့ ပါတ်သက်တဲ့ စာတွေ ဆက်ရေးသွားပါဦးမယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply