အလုံးစုံသော တရားတို့သည် အတ္တ မဟုတ်၊ အတ္တမရှိ လို့ အဓိပ္ပါယ် ရပါတယ်။ အဲဒီစကားကို မပြောခင်မှာ အတ္တမရှိ၊ အတ္တမဟုတ် ဆိုတဲ့ သဘောကို အရင်သိဖို့ လိုပါတယ်။ အတ္တဆိုတာက ပြုပြင်စီရင်နိုင်စွမ်းရှိသော၊ ဆုံးဖြတ်ချက်ချနိုင်သော၊ ခံစားနိုင်သော၊ ရရှိနိုင်သော၊ ကြံတွေးနိုင်သော၊ သိတတ်သော၊ အမှန်မြင်တတ်သော၊ ပြောဆိုဆက်သွယ်နိုင်သော၊ လိုချင်တတ်သော၊ ဒေါသထွက်တတ်သော၊ ကံကို ပြုနိုင်၊ ကံအကျိုးကို ခံစားနိုင်သော၊ လှုပ်ရှားတတ်သော ရုပ်ခန္ဓာကိုယ် ရှိသော၊ တဘဝမှ တဘဝသို့ ပြောင်းလဲနေသော ဆိုတဲ့ ဂုဏ်အရည်အချင်းများ တပေါင်းတည်း ပြည့်စုံနေတာကို အတ္တလို့ သတ္တဝါ လို့ ယူစွဲ ထားကြတာပါ။ ဒါကိုပဲ အတ္တလို့ သတ်မှတ်ထားကြတာပါ။ ဒီတော့ ဒီအချက်တွေ အကုန်ပြည့်စုံနေတဲ့ မိမိကိုယ်ကို အတ္တလို့ စွဲယူထားကြပါတယ်။
အဲဒီ အတ္တဆိုတဲ့ အယူအစွဲ ကိုဖြေရှင်းဖို့ရာမှာ ပထမ အချက်အနေနဲ့ ရုပ်နာမ် ဆိုတာကို သိဖို့ လိုပါတယ်။ ရုပ်ဆိုတာသည် သေရင် ကျန်ခဲ့တဲ့ ခန္ဓာကိုယ်ကောင်ကို ရုပ်လို့ ပြောနိုင်ပါတယ်။ အဲဒီတော့ သေသွားတဲ့ အသုဘ အလောင်းကို မြင်တဲ့အခါ ကျနော်တို့က ဘာလို့ ဘာသာမပြန်တော့ပဲ သဘာဝပဲ ဆိုပြီး ကျော်သွားတတ်ပါတယ်။ တကယ်တော့ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ ရှင်နေတယ်လို့ ပြောတုန်းကတော့ အတ္တဆိုတဲ့ အဓိပ္ပါယ် ပြောနေပေမယ့် သေသွားရင် အတ္တလို့ ပြောလို့မရတာကို ကြည့်ရင် အတ္တဆိုတာသည် ခန္ဓာကိုယ်ကောင်ကြီး မဟုတ်မှန်း သိသာပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်ကောင်ကြီးဆိုတာသည် မသေခင်ကလဲ အတ္တမဟုတ်၊ သေသွားတော့လဲ အတ္တမဟုတ်ဆိုတာကို မြင်ဖို့လိုပါတယ်။ အဲဒီတော့ ရုပ်ဆိုတဲ့ ခန္ဓာကြီးသည် သိတတ်သော သဘောလဲ မရှိ၊ ခံစားတတ်သော သဘောလဲ မရှိပါဘူး။ အဲဒီအတွက် ရုပ်ကို အတ္တလို့ ဆိုလို့မရပါဘူး။ ရုပ်သည် အတ္တဖြစ်ခဲ့ပါလျှင် မဖောက်ပြန် မပျက်စီးပါနဲ့လို့ တားလို့ရရမှာပါ။ တကယ်တမ်းမှာတော့ အမြဲ ဖောက်ပြန် ပျက်စီးနေတာပါပဲ။ ဒါကြောင့် ရုပ်ဟာ အတ္တမဟုတ်တာ ရှင်းပါတယ်။ အဲဒီတော့ ရုပ်လှုပ်ရှားမှုဆိုတာသည် ဘာကြောင့်လဲ ဆိုတဲ့အခါမှာတော့ နာမ်ဆိုတဲ့ အကြောင်း ပေါ်လာပါတယ်။ ခံစားမှု၊ မှတ်သားမှု၊ သိမှု၊ စေ့ဆော်မှုသည် အကောင်အထည်လုံးဝမရှိသော နာမ်တရား လို့ သဘောပေါက်ဖို့ လိုပါတယ်။ ခံစားတယ်ဆိုတာဟာ ပြောခဲ့တဲ့အတိုင်း ရုပ်နဲ့ မဆိုင်ပါဘူး။ အကောင်အထည်မရှိသော နာမ်တရားသာ ဖြစ်ပါတယ်။ အဲလိုပဲ သိမှုဆိုတာသည်လည်း ရုပ်မဟုတ်ပါဘူး နာမ်တရားသာ ဖြစ်ပါတယ်။ အဲဒီလိုပဲ စေ့ဆော်မှု စေတနာသည်လည်း ရုပ်မဟုတ်ပါဘူး နာမ်တရားသာ ဖြစ်ပါတယ်။ မှတ်သားမှုဆိုတာသည်လည်း ရုပ်မဟုတ်ပါဘူး နာမ်တရားသာ ဖြစ်ပါတယ်။ နာမ်တရားများ အားလုံးဟာ အကောင်အထည် လုံးဝ မရှိပါဘူး။ အဲဒီတော့ အကောင်အထည် ရုပ်နဲ့ အကောင်အထည်မရှိသော နာမ်တရားသာ ရှိတယ် ဆိုတာကို မြင်နိုင်ပါပြီ။
အဲဒီတော့ ပထမဆုံး ပြောခဲ့တဲ့ အတ္တဆိုတဲ့ အဓိပ္ပါယ်မှာ ရုပ်ဆိုတာသည် သတ်သတ်၊ နာမ်တရားတွေသည် သတ်သတ် ဖြစ်နေပါပြီ။ သို့အတွက် ရုပ်နှင့် နာမ်သာ ရှိသည် အတ္တဆိုတာမရှိလို့ ကောက်ချက်ချနိုင်ပါတယ်။ ရုပ်သည် အတ္တမဟုတ် ဆိုတာကတော့ ရှင်းသွားပြီထင်ပါတယ်။ အဲဒီတော့ နာမ်နဲ့ ပါတ်သက်လို့ သိမှုကို ငါသိတယ်လို့ ပြောတတ် ထင်တတ်ပါတယ်။ အဲဒီတော့ သိမှုသည် သူ့ချည်း ဖြစ်သလားဆိုတာ စဉ်းစားကြည့်ပါ၊ သိမှုဆိုတာသည် ရုပ်ကြောင့် အာရုံ ဒွါရ တိုက်ပြီး သိမှုဆိုတာ ဖြစ်လာတာပါ။ အမြဲ သူ့အလိုလို သိနေတာမျိုး မဟုတ်ပဲ အကြောင်းတိုက်ဆိုင်မှ ဖြစ်လာသော တရားသာလျှင် ဖြစ်ပါတယ်။ သိမှုသည် အတ္တဖြစ်ခဲ့လျှင် ပိုင်စိုးတဲ့သဘောနဲ့ လောကကြီးမှာ သိစရာရှိတာတွေ အလိုလို သိစေ ဆိုပြီး လုပ်လို့ရရမှာ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီလိုမဖြစ်ပါဘူး။ အာရုံ ဒွါရတိုက်ခြင်း စကားလုံးများကို နားလည်ခြင်းဆိုတဲ့ သဘောတွေ ပေါင်းစုံပြီးတော့မှသာ သိမှု ဆိုတာ ဖြစ်ပါတယ်။ အဲဒါကြောင့် သိမှု ဆိုတာသည်လည်း သူ့သဘော သူဆောင်နေသော တရားသာ ဖြစ်ပါတယ်။ သိမှုကိုပဲ နှစ်မျိုးခွဲခြားရင် မောဟ နဲ့ အမောဟ ဆိုတဲ့ တရားနှစ်ခု ရှိပြန်ပါတယ်။ မောဟ ဆိုတာသည် မသိမှု သို့မဟုတ် မှားယွင်းစွာ သိမှု ဖြစ်ပါတယ်၊ အမောဟ ဆိုတာက အမှန်သိမှု ဖြစ်ပါတယ်။ ဉပမာ ရုပ်နဲ့ နာမ်ဆိုတာကို ငါလို့ သိခြင်းဟာ မှားယွင်းစွာ သိမှု မောဟဆိုတဲ့ တရားဖြစ်ပြီး ယခု စာကိုဖတ်လိုက်တဲ့အခါ ရုပ်နဲ့နာမ်သာ လို့သိမှုသည် မှန်ကန်စွာ သိမှု ဖြစ်ပါတယ်။ ဒီနေရာမှာလဲ အမောဟ ဆိုတာရော၊ မောဟ ဆိုတာရောသည် အတ္တမဟုတ်မှန်း ထင်ရှားပါတယ်။ အမှန်ကို အလိုလို မသိနိုင်သလို၊ အမှားကိုလဲ အလိုလို မသိနိုင်ပါဘူး။ ဒီတော့ သိမှုသည် အတ္တမဟုတ် အနတ္တ ဆိုတာ ရှင်းသွားပြီ ထင်ပါတယ်။ အဲဒီတော့ နာမ်တရားမှာပဲ မှတ်သားမှုဆိုတဲ့ သဘောကို ကြည့်ပါဉီး မှတ်သားမှု၊ မှတ်မိမှု ဆိုတဲ့ တရားပေါ်လာတဲ့အခါမှာ ငါမှတ်ထားတယ်၊ ငါမှတ်မိတယ် ဆိုပြီး ပြောကြပါတယ်။ တကယ်တမ်း မှာတော့ မှတ်သားမှု၊ မှတ်မိမှု ဆိုတာသည် အာရုံ ဒွါရတိုက်တဲ့အခါမှာ ဖြစ်လာတဲ့ သူ့သဘောသူဆောင်တဲ့ တရားသာ ဖြစ်ပါတယ်။ မှတ်သားမှုသာ လျှင် အတ္တဖြစ်ခဲ့လျှင် အမြဲအကုန်မှတ်မိနေတယ် ဆိုတာမျိုး ဖြစ်ကောင်းပါတယ်။ တကယ်တမ်းမှာတော့ အာရုံ ဒွါရ တိုက်တဲ့အခါမှာ မှတ်သားမှု သို့မဟုတ် မှတ်မိမှု ဆိုတဲ့တရား ပေါ်လာပြီး ပျောက်သွားခြင်းသာလျှင် ဖြစ်ပါတယ်။ သူ့သဘာဝအတိုင်း သူဖြစ်နေသော တရားဖြစ်တဲ့အတွက် မှတ်သားမှု၊ မှတ်မိမှုသည်လည်း အတ္တမဟုတ်ပါဘူး။ အနတ္တသာလျှင်ဖြစ်ပါတယ်။ ဒါဆို ခံစားမှု ဆိုတဲ့ နာမ်တရားပေါ်မှာလဲ ငါခံစားတယ်၊ ငါဒုက္ခခံစားတယ်၊ ငါသုခ ခံစားတယ်လို့ ပြောကြပြန်ပါတယ်။ အဲဒီနေရာမှာလဲ ခံစားမှုဆိုတာသည် အကောင်အထည်မရှိသော နာမ်တရားသာလျှင် ဖြစ်ပါတယ်။ ဒုက္ခဝေဒနာသည် အကြောင်းတိုက်ဆိုင်တဲ့အခါမှာ ပေါ်လာတယ်၊ သုခဝေဒနာသည်လည်း အကြောင်းတိုက်ဆိုင်တဲ့ အခါမှာ ပေါ်လာပါတယ်။ ဝေဒနာသည် အတ္တဖြစ်ခဲ့လျှင် သုခဝေဒနာသာလျှင် အမြဲဖြစ်ပါစေ တည်မြဲနေပါစေလို့ လုပ်လို့ရနေမှာပါ။ တကယ်တမ်းမှာတော့ ဝေဒနာသည် အကြောင်း တိုက်ဆိုင်တဲ့ အခါမှာ သူ့သဘာဝအတိုင်း ပေါ်လာတဲ့ နာမ်တရားဖြစ်ပြီး အကြောင်းမရှိတော့ရင် ပျက်သွားတဲ့ တရားသာ ဖြစ်ပါတယ်။ ဒီနေရာမှာ အားလုံးကို စုပေါင်းပြီး ငါလို့ ယူဆထားတဲ့ မောဟ ဆိုတဲ့တရားကြောင့် အကောင်းခံစားချင်တယ် အဆိုးခံစားချင်တယ် ဆိုတဲ့ တဏှာဆိုတဲ့ တရားဖြစ်ပြီး၊ တဏှာဆိုတဲ့ တရားကြောင့် စေတနာဆိုတဲ့ စေ့ဆော်မှုတရားဖြစ်လာပါတယ်။ အဲဒီစေတနာဆိုတဲ့တရားကြောင့် သက်သာရာကို သွားတယ်ဆိုတဲ့ ရုပ်လှုပ်ရှားမှု ဖြစ်လာခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် စေတနာဆိုတဲ့ စေ့ဆော်မှုသည်လည်း အကြောင်းတိုက်ဆိုင်လို့ ဖြစ်တဲ့တရား ဖြစ်ပြီး ရုပ်လှုပ်ရှားမှုသည်လည်း စေတနာဆိုတဲ့ နာမ်တရားကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ အဲဒီတော့ လိုချင်မှုဆိုတာသည်လည်း အတ္တမဟုတ်ပါဘူး၊ စေတနာသည်လည်း အတ္တမဟုတ်ပါဘူး၊ ရုပ်လှုပ်ရှားမှုသည်လည်း အတ္တမဟုတ်ပါဘူး။ အားလုံးကို စုပေါင်းပြီးမှ မသိမှု တွေဝေမှု ဆိုတဲ့ မောဟကြောင့် အတ္တဆိုတဲ့ အယူမှား ဖြစ်လာတဲ့သဘောသာ ဖြစ်ပါတယ်။ အဲဒီတော့ အတ္တဆိုတဲ့ အထင်မှားသည်လည်း တရားသာလျှင် ဖြစ်ပြီး သူသည် အကြောင်းတိုက်ဆိုင်တဲ့အခါမှာ ပေါ်လာခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် သူသည်လည်း တရားသာ ဖြစ်ပြီး အနတ္တဖြစ်ပါတယ်။
အဲဒီတော့ အပေါ်မှာ ပြောခဲ့တဲ့ အတ္တ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်တွေဖြစ်တဲ့ ပြုပြင်စီရင်နိုင်စွမ်းရှိသေော၊ ဆုံးဖြတ်ချက်ချနိုင်သော၊ ခံစားနိုင်သော၊ ရရှိနိုင်သော၊ ကြံတွေးနိုင်သော၊ သိတတ်သော၊ အမှန်မြင်တတ်သော၊ ပြောဆိုဆက်သွယ်နိုင်သော၊ လိုချင်တတ်သော၊ ဒေါသထွက်တတ်သော၊ ကံကို ပြုနိုင်၊ ကံအကျိုးကို ခံစားနိုင်သော၊ လှုပ်ရှားတတ်သော ရုပ်ခန္ဓာကိုယ် ရှိသော၊ တဘဝမှ တဘဝသို့ ပြောင်းလဲနေသော ဆိုတာတွေဟာ တကယ်တော့ တရားတခုစီသာ ဖြစ်ပြီး တရားတစ်ခုစီဟာ အတ္တမဟုတ် အနတ္တသာ ဖြစ်ပါတယ်။ အဲဒါကိုပဲ မှားယွင်းစွာနဲ့ အတ္တလို့ ယူဆထားခြင်းသာ ဖြစ်ပါတယ်။ ပိုရှင်းအောင် ပြောရပါလျှင် ပြုပြင်စီရင်ခြင်းဆိုတာသည် စေ့ဆော်မှု စေတနာဆိုတဲ့ တရားနဲ့ သူ့ကြောင့် ဖြစ်ရသော ရုပ်တရား လှုပ်ရှားမှုကို အတ္တလို့ အထင်မှားခြင်းပါ။ စေတနာဆိုတာသည် လိုချင်မှု၊ ဒေါသထွက်မှု၊ အတ္တဟုအထင်မှားမှု မောဟတရား တို့ကြောင့် ဖြစ်လာရတာဖြစ်ပြီး စေတနာကြောင့်သာလျှင် ရုပ်လှုပ်ရှားမှု ဖြစ်ရခြင်း ဖြစ်ပါတယ်။ ဒီတော့ ဆုံးဖြတ်ချက်ချမှု ဆိုတာကို ဆက်ကြည့်ရင်လဲ ဆုံးဖြတ်ချက်ချမှု ဆိုတာသည် တွေဝေမှု မဝေခွဲနိုင်မှု ဝီစိကိစ္ဆာဆိုတဲ့ မောဟ တရားပေါ်လာတဲ့အခါမှာ လိုချင်မှု ဆိုတဲ့တရား သို့မဟုတ် အမှန်သိခြင်း အမောဟ တရား ပေါ်မူတည်ပြီး ဖြစ်လာတဲ့ တရားသာ ဖြစ်ပါတယ်။ ခံစားနိုင်မှု ဆိုတာကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဝေဒနာဆိုတဲ့ တရားသက်သက်သာ ဖြစ်ပြီး သူတွေ ငါတွေမရှိပါဘူး။ ရရှိတယ် ဆိုတာကလဲ အထင်မှားမှု မောဟသာ ဖြစ်ပါတယ်။ ရုပ်တရား နာမ်တရားမှာ ရရှိတယ် ဆိုတာမရှိပါဘူး။ အိမ်တလုံးကို ပိုင်တယ် ဆိုတာ ဘာကိုပြောတာလဲ စဉ်းစားကြည့်ပါ၊ စာရွက်စာတမ်းဆိုတဲ့ ရုပ်ပေါ် မူတည်ပြီး အားလုံးက တူညီစွာ မှားယွင်းစွာ ပိုင်ဆိုင်သူလို့ သဘောတူညီခြင်း တရားကို ရုပ်နာမ်ကို မသိခြင်းကြောင့် ဖြစ်တဲ့ နှလုံးသွင်းမှားမှုသာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ လူတွေက သေရင်ဘာမှ ယူသွားလို့မရဘူးလို့ ပြောနေခြင်း ဖြစ်ပါတယ်။ တကယ်တော့ ရှင်နေတယ်လို့ ပြောစဉ်မှာလဲ ပိုင်ဆိုင်တယ်ဆိုတာမရှိပါဘူး။ ရုပ်နာမ် အကြောင်းအကျိုးအတိုင်း ဆက်တိုက် ဖြစ်ပျက်နေခြင်းသာ ရှိပါတယ်။ ဒါကြောင့်ရရှိတယ်ဆိုတာဟာ မောဟတရားသာ ဖြစ်ပြီး၊ သူ့သဘောသူဆောင်နေတဲ့ အနတ္တသာလျှင် ဖြစ်ပါတယ်။ ကြံတွေးနိုင်တယ် ဆိုတာကလဲ တကယ်တမ်းတော့ အာရုံ ဖြစ်တဲ့ အခါမှာ မှတ်မိမှု မှတ်သားမှုတွေဖြစ်လာပြီး ဒီတရားတွေပေါ် မူတည်ပြီးဖြစ်တဲ့ မှားယွင်းစွာသိတဲ့ မောဟနဲ့ အမှန်သိမြင်ခြင်းဆိုတဲ့ အမောဟ ဆိုတဲ့ တရားတွေပါပဲ။ ဒီတရားတွေကလဲ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားများသာ ဖြစ်ပြီး အတ္တမဟုတ်ပါဘူး။ အနတ္တပါ။ သိတတ်သော ဆိုတာကလဲ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း သိမှုဆိုတဲ့ တရားသာ ဖြစ်ပြီး အကြောင်း တိုက်ဆိုင်တဲ့အခါမှာ ပေါ်လာတာ ဖြစ်ပါတယ်။ သူလဲ သူ့သဘောသူဆောင်တဲ့ တရားဖြစ်ပြီး အနတ္တ တရားပါပဲ။၊ အမှန်မြင်တတ်ခြင်းဟာလဲ ပြောခဲ့တဲ့အတိုင်း အမောဟ ဆိုတဲ့တရားသာ ဖြစ်ပြီး သတိတရား နဲ့ ပညာပေါ် မူတည်ပြီးဖြစ်တာပါ။ သတိတရားသည်လည်း အတ္တမဟုတ် အနတ္တ၊ ပညာသည်လည်း အတ္တမဟုတ် အနတ္တသာလျှင် ဖြစ်ပါတယ်။ ပြောဆိုဆက်သွယ်နိုင်သော ဆိုတာကတော့ တကယ်တမ်းမှာ ပြောဆိုဆက်သွယ်ခြင်း မဟုတ်ပါဘူး။ မွေးခါစကတည်းက ရုပ် နာမ် လှုပ်ရှားမှုတွေ ပေါ် ရုပ်နာမ် လှုပ်ရှားမှု လို့ မသိပဲ အသံတွေပေါ်မှာ စာတွေပေါ်မှာ မှတ်သားမှုတရား သိမှုတရား စေ့ဆော်မှုတရား ရုပ်တရား လှုပ်ရှားမှု စတာတွေ ဖြစ်ပြီး ဒီတရားတွေ စုပေါင်း ဖြစ်ပျက်မှုကို အမည်တပ်ထားခြင်းသာ ဖြစ်ပါတယ်။ ပြောဆိုဆက်သွယ်ခြင်း မဟုတ် ရုပ်တရား နာမ်တရား တို့ရဲ့ အကြောင်းအကျိုး ဖြစ်ပျက်နေမှုသာ ဖြစ်ပါတယ်။ လိုချင်တတ်မှု ဆိုတသည်လည်း တရားတစ်ခုသက်သက်သာ ဖြစ်ပါတယ်။ အကြောင်းတိုက်ဆိုင်ရင် ဖြစ်လာပြီး၊ ဖြစ်ပြီးရင် ပျက်တဲ့ တရားသာ ဖြစ်ပါတယ်။ သူ့သဘောသူဆောင်တဲ့ အနတ္တတရားသာ ဖြစ်ပါတယ်။ ဒေါသထွက်တယ်ဆိုတဲ့ နေရာမှာ ဒေါသသည်လည်း တရားသက်သက်သာ ဖြစ်ပြီး သူပဲ ငါပဲ ဆိုတဲ့ မောဟနဲ့ ပေါင်းတဲ့ အခါမှာ သူ့ကို ဒေါသထွက်တယ် ငါဒေါသထွက်တယ်လို့ အယူမှားခြင်းသာ ဖြစ်ပါတယ်။ လိုချင်မှု အတိုင်း မဖြစ်တဲ့အခါမှာ ပေါ်လာတဲ့ တရားသာ ဖြစ်ပြီး သူ့သဘောသူဆောင် ပျက်သွားတတ်တဲ့ အနတ္တတရားသာ ဖြစ်ပါတယ်။
ကံကို ပြုနိုင်၊ ကံအကျိုးကို ခံစားနိုင်သော ဒီနေရာမှာလဲ ကံဆိုတာသည် တရားသာ ဖြစ်ပြီး ကံဆိုတာသည် အတ္တမဟုတ်ပြန်ပါဘူး။ စေတနာဆိုတဲ့ တရားကြောင့်သာလျှင် ကံဆိုတဲ့ တရားဖြစ်ပြီး သူကနေ အကျိုးပေးတာကလဲ ရုပ်နာမ်တရား အသစ်တွေ ဖြစ်စေဖို့ အကျိုးပေးတတ်တာ ဖြစ်ပါတယ်။ ကံဆိုတာ အတ္တဖြစ်ခဲ့ရင် အားလုံးဟာ ကံအကောင်းတွေချည်း အလိုလို ဖြစ်နေရမှာပါ။ တကယ်တမ်းမှာတော့ ကံဆိုတာသည် မောဟ၊ အမောဟ ဆိုတဲ့ ကိလေသာ နဲ့ ပညာပေါ်မူတည်ပြီး ဖြစ်တဲ့ အနတ္တတရားသာလျှင် ဖြစ်ပါတယ်။ လှုပ်ရှားတတ်သော ရုပ်ခန္ဓာကိုယ် ဆိုတာကတော့ ရှင်းပြပြီးသွားပါပြီ၊ ဘာမှ မသိတတ်တဲ့ ငှက်ပျောတုန်းလို ရုပ်ကြီးဟာ စေတနာဆိုတဲ့ နာမ်တရားကြောင့် လှုပ်ရှားမှု ဖြစ်ရတာပါ၊ ရုပ်သည် အတ္တမဟုတ် သလို၊ စေတနာသည်လည်း အတ္တမဟုတ်ပါဘူး။ ဒါကြောင့် လှုပ်ရှားမှုသည်လည်း အတ္တမဟုတ်ပါဘူး။ လှုပ်ရှားမှုကြောင့် မြင်စိတ်ဖြစ်တဲ့အခါမှာ အမြဲလိုလို သူပဲ ငါပဲ သတ္တဝါပဲ ဆိုတဲ့ အယူမှားမှု မောဟ တရား သာလျှင် ဖြစ်ပါတယ်။ အတ္တဆိုတာ မရှိပါဘူး။ တဘဝမှ တဘဝသို့ ပြောင်းလဲနေသော ငါပဲ သူပဲ ဆိုတဲ့ အတ္တ ဆိုတဲ့ အမြင်မှားမှု ရှိတဲ့အခါမှာ အဲဒီငါကပဲ တဘဝကနေ တဘဝ ကူးပြောင်းတယ်လို့ ယူဆတာပါ။ တကယ်တမ်းမှာတော့ မိတ်ဆွေတို့ တွေ့တဲ့အတိုင်း ရုပ်တရားတွေရော နာမ်တရားတွေရောသည် အတ္တမဟုတ်ပါဘူး။ ဒီနေရာတင်ဖြစ် ဒီနေရာတင်ပျက်တဲ့ အနတ္တတရားများသာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးဖြစ်စရာ မကုန်သေးသ၍ ရုပ်နာမ် အသစ်တွေ ဖြစ်ပျက်နေခြင်းသာ ဖြစ်ပါတယ်။
အဲဒီတော့ ကျနော်တို့က ငါလို့ သူလို့ ထင်နေတာတွေသည် တကယ်တမ်းတော့ ရုပ်တရား နာမ်တရား များ တစ်ခုစီ သူ့သဘောအတိုင်း သူ အကြောင်းအကျိုး ဖြစ်ပျက်နေမှုပေါ်မှာ အထင်မှားမှုတရား ဖြစ်ခြင်းသာ ဖြစ်ပါတယ်။ အထင်မှားမှုတရားသည်လည်း အနတ္တပဲ ဖြစ်ပါတယ်။ အဲဒီတော့ တရားအားလုံးသည် အနတ္တ လို့ ပြောရခြင်း ဖြစ်ပါတယ်။ အတ္တဆိုတာသည် ရှိကို ရှိမနေပါဘူး။ ဒါကိုပဲ ပိုထင်ရှားအောင် ပြောရရင် လက်ရှိမှာဖြစ်ပျက်နေတဲ့ ငါဆိုတဲ့ အထင်မှားကြီးသည် တကယ်တမ်းတော့ မှတ်သားမှု မှတ်မိမှု ဆိုတဲ့ သညာ နဲ့ မှားယွင်းစွာ သိမှု ဆိုတဲ့ ဝိဉာဏ် ဖြစ်ပျက်သာ ဖြစ်ပါတယ်။ အဲဒီတော့ ငါဆိုတဲ့ အထင်ကြီးသည်ပင်လျှင် တရားတစ်ခုသာ ဖြစ်ပြီး လက်ရှိမှာ ဖြစ်ပြီးပျက်နေခြင်းသာ ဖြစ်ပါတယ်။ တရားဖြစ်ပျက်နေမှုသာ ရှိပြီး တရားအားလုံးသည် အတ္တမဟုတ် အနတ္တသာလျှင် ဖြစ်ပါတယ်။ ငါဆိုတာ သူဆိုတာ အတ္တ ဆိုတာမရှိပဲ အရာအားလုံးဟာ တရားများသာ ဖြစ်ပြီး တရားအားလုံးသည် သူ့သဘောသူဆောင်တတ်တဲ့ သဘောသာ ရှိပါတယ်။ အတ္တဆိုတာ လုံးဝမရှိပါဘူး။ ကျနော်တို့က ငါဆိုရင် မွေးကတည်းက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ပေါင်းစုံနေတဲ့ အတ္တလို့ အထင်မှားနေတာပါ။ တကယ်တမ်း သတိထား ပညာနဲ့ ကြည့်ရင်တော့ လက်ရှိမှာ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားများသာ ဆိုတာကို မြင်သာမှာ ဖြစ်ပါတယ်။ အဲဒီလို မြင်ခြင်း သိခြင်းသည်ပင်လျှင် အမောဟတရား (နာမ်တရား) ဖြစ်ပြီး သူသည်လည်း အနတ္တတရားသာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အရာအားလုံးသည် တရားတစ်ခုခြင်းစီသာ ဖြစ်ပြီး သဗ္ဗေ (အလုံးစုံသော) ဓမ္မာ (တရားတို့သည်) အနတ္တာ (အတ္တမဟုတ်၊ အတ္တမရှိ) ဆိုတာကို နားလည် နိုင်မယ် ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply