သန္တာန် ဆိုတာကတော့ ရုပ်နာမ် ရဲ့ အစဉ်ကို ပြောတာပါ။ ရုပ်နာမ်တွေဟာ ပဋိစ္စသမုပါဒ်အတိုင်း ဖြစ်ပျက်နေ တာပါ။ ဒီ ဖြစ်ပျက်မှု အစဉ်ကိုပဲ သန္တာန်လို့ ခေါ်ပါတယ်။ ကိလေသာက ဘယ်မှာ ခိုအောင်းလဲ ဆိုတော့ အဲဒီ ဖြစ်ပျက် အစဉ်ဖြစ်တဲ့ သန္တာန်မှာပဲ ခိုအောင်းတယ်လို့ ပြောရမှာပါ။ ကိလေသာရဲ့သဘောက ပထမ မဂ် မကျမီ မှာ ဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာ ကိလေသာ တွေဟာ အကြောင်းတိုက်ဆိုင်တဲ့အခါမှာ ပေါ်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ အဲလို ပေါ်လာရတဲ့ အကြောင်းအရင်းက သန္တာန်မှာ ခိုအောင်းနေတဲ့ အနုသယ ကိလေသာက အကြောင်းတိုက်ဆိုင်ပြီး အားကြီးလာတာပါ။
အဲဒီတော့ တချို့က ပြောကြတယ် ဒိဋ္ဌိဆိုတာ ရှိလို့လား ဖြစ်ပြီးပျက်တာပဲ၊ အထူး ရှုနေစရာ ပါယ်နေစရာ မလိုဘူး ဒိဋ္ဌိဆိုတာ ပျက်ပြီးသားမို့ အဲဒီလို ပျက်ပြီးသား ဆိုတာကို သိရင်ပဲ ဒိဋ္ဌိ ကုန်ပြီ ဆိုတဲ့ သဘောမျိုး ပြောကြပါ တယ်။ ဒိဋ္ဌိ မရှိတာ နိဗ္ဗာန်ပဲ ဆိုပြီး ခဏ နိဗ္ဗာန်လို့လဲ ပြောကြပြန်ပါသေးတယ်။ အချိန်တိုင်း နိဗ္ဗာန် ဆိုတဲ့ သဘောမျိုး ပြောကြတာပါ။ တရားအားထုတ်စရာ မလိုပဲ အဲဒါတွေ သိယုံနဲ့ အဆင်ပြေသွားပြီ ဆိုတာမျိုး ဟောကြ ပြောကြပါတယ်။
ဒါဟာ တကယ်တော့ သန္တာန်ကို နားမလည် လို့ ပြောကြတာပါ။ ပထမ မဂ် ဆိုတာ ကျနော့်အတွက်တော့ ထင်ရှား ပါတယ်။ မိုးကြိုးပစ်တာကမှ မသိလိုက်ဘူး ဖြစ်နိုင်သေးတယ်။ ပထမ မဂ်က အရမ်းကို ထင်ရှားပါတယ်။ အဲဒီလို မဂ်ကျတဲ့ အချိန်ကျမှ သာပဲ အရာရာ အပေါ်မှာ သုခ လို့ ယူထားတဲ့ အယူက ပျက်သွားပြီး မဂ် ကျရတာပါ။ အဲဒါ ကိုပဲ ဒုက္ခကို ပိုင်းခြား သိတယ်၊ သမုဒယ ကို ပါယ်လိုက်တယ်လို့ ပြောတာပါ။ ဒီလို ဖြစ်တာကလဲ သန္တာန်မှာ ဖြစ်တာပါပဲ။
အဲဒီတော့ တချို့တွေ ပြောတဲ့ သိတာနဲ့ တရားရတဲ့ နည်းဟာ မှားနေတယ်လို့ပဲ ပြောချင်ပါတယ်။ တရား ရှုမှတ်မှုက လိုအပ်ပါတယ်။ မှန်ကန်တဲ့ ဉာဏ်စဉ်အတိုင်း မတက်သွားဘူး ဆိုရင် တကယ့် မဂ် ဖိုလ်ကို မမြင်နိုင်ပါဘူး။ ခဏ နိဗ္ဗာန် ဆိုပြီး ပြောနေတာကလဲ မှားပါတယ်။ နိဗ္ဗာန် ဆိုတာကို ဖိုလ်မှာ သိရတာပါ။ ဖိုလ်မှာ သိတယ် ဆိုတာက ဖိုလ် ကျပြီးနောက်မှာ ဖြစ်တဲ့ ဉာဏ်မှာမှ သိရတာပါ။ အဲလို သိသွားတာနဲ့ ဒိဋ္ဌိကို ရှုနေကြ လူဆိုရင် အဲဒီ ဒိဋ္ဌိ မဖြစ်တော့တာကို အထင်အရှားကြီးကို တွေ့ရတာပါ။ (ပါယ်ပြီးသား ကိလေသာကို ဆင်ခြင်ခြင်း)၊ နိဗ္ဗာန်ရဲ့ သဘောကိုလဲ ဘယ်သူမှ ပြောစရာ မလိုတော့ပဲ ကိုယ်တိုင်သိရတာပါ။
ပထမ မဂ် အပြီး ထူးဆန်းမှုကတော့ သီလပါ။ ငါးပါးသီလ ထဲက ပထမ သီလ သုံးပါးဟာ မဂ္ဂင်ရှစ်ပါးမှာ ပါတဲ့ သီလတွေပါ။ အဲဒီ သီလတွေဟာ မဂ်ကျပြီးတဲ့အချိန်မှာ အလိုလို ပြည့်စုံသွားတာပါ။ စိတ်တွေကလဲ ဒီ သီလ သုံးပါးနဲ့ ပါတ်သက်ရင် ဥပမာ သူများ အသက်သတ်မလား အသေခံမလား ဆိုရင် အသေခံမယ် ဆိုတဲ့ စိတ်မျိုးပါ။ အဲလိုပဲ သူများ ဥစ္စာခိုးမလား အသေခံမလား ဆိုလဲ အသေခံတာကိုပဲ ရွေးမှာပါ။ နောက် သူတပါး သားမယား ကိစ္စ ဆိုရင်လဲ အဲဒီ လိုပါပဲ။ ကျန်တဲ့ သီလ နှစ်ပါးလဲ လုံတာပါပဲ။ ဒါပေမယ့် သူတို့က အပေါ်က သုံးမျိုးလောက် အားမကြီးပါဘူး။ အဲဒီလို သီလ တကယ် လုံသလား ဆိုတာ စမ်းစစ်ကြည့်ရင်လဲ မဂ်ကိစ္စက သေချာပါတယ်။
အဲဒီတော့ ပြောချင်တာက သိယုံနဲ့ နိဗ္ဗာန်ရောက်တယ် ဆိုတာကို မယုံပါနဲ့လို့ပဲ ပြောချင်ပါတယ်။ အမှန်တကယ် မဂ်ကျသွားရင် အနိစ္စ နဲ့ အနတ္တကို အယူတင် မကပဲ အသိ၊ အထင် မှာပါ မရှိတော့တာကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်တွေက အများကြီးပါ။ ကိုယ့် သန္တာန်မှာလဲ ကုသိုလ်တရားသာ ဖြစ်ပါတော့တယ်။ အဲဒီလို ထူးခြားချက် တွေ မပါပဲ၊ အလိုလိုနေရင် ခဏ နိဗ္ဗာန်လို့ ပြောလိုက် ပြီးရင် အတ္တဒိဋ္ဌိကြီးက ပေါ်လာလိုက်၊ သိတဲ့အချိန်မှာ ပျက်တာပဲ ခဏ နိဗ္ဗာန် ပြန်ရောက်လိုက်ဆိုတာမျိုးက မဂ် ဖိုလ် မဟုတ်ပါဘူး။
တကယ် မဂ်ဖိုလ်က အဲလို အတ္တဒိဋ္ဌိ ပြန်ပေါ်လာတယ်ဆိုတာမျိုး လုံးဝ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သန္တာန် မှာရှိတဲ့ အနုသယ ကိလေသာပါ ကုန်သွားတာမို့ပါ။ အဲဒါကြောင့် အလွယ်မလိုက်ပါနဲ့၊ အားမထုတ်ပဲ နားလည်အောင် မကြိုးစားပဲ မရနိုင်ပါဘူး။ အားထုတ်ဖို့လဲ လိုသလို၊ နားလည်ဖို့လဲ လိုပါတယ်။ ဘာမှ နားမလည်ပဲ ထိုင်ဟေ ထိုင်ဟ ဆိုပြီး ပုံစံ အမျိုးမျိုးနဲ့ ပေထိုင်လို့လဲ နာယုံပဲ ရှိပါတယ်။ လူက နာတာ အဆုံးစွန် သွားရင် ပုံစံ တမျိုး ဖြစ်သွားတတ်တာပါပဲ၊ အဲဒါလဲ မဂ် ဖိုလ် မဟုတ်ပါဘူး။ မဂ် ဖိုလ် ဆိုတာက အပေါ်မှာ ပြောခဲ့တဲ့ အရည်အချင်းတွေ ရှိဖို့ လိုပါတယ်။
မဂ်ကို ဖိုလ်နဲ့ စစ်နိုင်သလို သီလ နဲ့လဲ စစ်ကြည့်နိုင်ပါတယ်။ အဲဒီလမ်းလိုက်တဲ့ သူများ အနေနဲ့လဲ ရိုးသားစွာနဲ့ ကိုယ့်မှာ တကယ်ပဲ သီလကို အသက်နဲ့ လဲ စောင့်ထိန်းတာမျိုးက သဘာဝ တခု အနေနဲ့ ဖြစ်နေပြီလား စမ်းစစ် ကြည့်ဖို့ လိုပါတယ်။ ကျနော့် အနေနဲ့က သူတို့ရေးတဲ့ စာတချို့ ဖတ်ကြည့်ပြီးပါပြီ၊ တကယ် မဖြစ်နိုင်တာမို့ မဖြစ်နိုင်ဘူး ပြောတာပါ။ တရားအားထုတ်တာ နည်းအမျိုးမျိုးနဲ့ ရနိုင်တာ မှန်ပေမယ့်၊ အခုပြောခဲ့တဲ့ အချက်တွေ ပြည့်စုံနေမှသာပဲ မဂ်ကျတယ်လို့ ပြောနိုင်ပါတယ်။


Leave a Reply