ကျနော် သဒ္ဓါအဓိက နှစ်ယောက်လောက် တွေ့ပြီး စကားပြောလေတော့ ဘုန်းကြီးတွေရဲ့ အရေးကြီးပုံကို တွေ့ရတယ်၊ သတိထားမိတယ်။ မြန်မာပြည်က သဒ္ဓါစရိုက်များမယ် ထင်တယ်။ အဲဒီမှာ ပြသနာက လူတွေက သဒ္ဓါတရားနဲ့ ဘုန်းကြီးပြောသမျှ လိုက်နာပါမယ် စဉ်းစားတဲ့ အချိန်မှာ ဘုန်းကြီးတွေက သူတို့ ပိုက်ဆံများများရဖို့ ဟောနေကြတော့ အစကနေအဆုံး အကုန်ပျက်တော့တာပဲလို့ ထင်တယ်။
ဘာပဲဖြစ်ဖြစ် ကျနော့် အမြင်ကတော့ မိုရယ်ဗဲလူး သတ်မှတ်တဲ့သူတွေဟာ တာဝန် အရှိဆုံးပဲ။ ဘယ်သူပဲ ဖြစ်ဖြစ် ငယ်ဘဝ ဆိုတာ ဖြတ်သန်းခဲ့ရတာပဲ။ ဆိုဆုံးမ သူတွေ နမူနာ ကြည့်ရမယ့် လူတွေ အားလုံးက သင့်သလို လိမ်နေကြတဲ့ သူတွေချည်းပဲ ဆိုတော့ အကုန်ပျက်ကုန်တာပါပဲ။ မိုရယ်ဗဲလူးကို သတ်မှတ်တဲ့ သူတွေကတော့ ဘုန်းကြီး၊ မိဘ၊ ဆရာ တွေပါပဲ။
ကိုယ်က မိဘ ဆိုရင် မိဘတွေ အနေနဲ့ ဘာတွေ မှားနေလဲ စဉ်းစားသင့်ပါတယ်။ အဲလိုပဲ ကိုယ်က သားသမီး ဆိုရင် သားသမီးအတွက် ဘာတွေ မှားနေလဲ စဉ်းစားပါ။ နှစ်ဖက်စလုံးမှာ အမှားရှိပါတယ်။ ဒီလို ကိစ္စမျိုးကို ယေဘုယျ သဘောမျိုးနဲ့ မိဘ ဆိုတာ ဘယ်လို စသဖြင့် ပြောကြတာဟာ မှားနေပါတယ်။ အဲလိုပဲ သားသမီးဆိုတာ ဘယ်လို စသဖြင့် ပြောရင်လဲ မှားမှာပါပဲ။
ဒါဟာ ကောက်ချက်ချမှု အလွဲပါ။ ဒါမျိုးကို ဘုရား မဟောပါဘူး။ မိဘ နဲ့ ပါတ်သက်ရင် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မိဘ ကျေးဇူး အင်မတန်ကြီးတယ် ဆိုတာပဲ ဟောထားတာပါ။ အဲလိုပဲ ကိုယ့်ပေါ်ရှိတဲ့ ကျေးဇူး ကို ဆပ်တတ်တာဟာလဲ ရခဲတဲ့ ဒုလ္လဘ လို့ဟောထားပါတယ်။ မိတ်ဆွေတို့က ပုထုဇဉ်တွေဆိုတော့ ကိုယ်လိုရာကို ဆွဲပြီး တွေးလိုက်ကြတာပါ။ ဘုရားဟောတာ ဒီနှစ်ခုပါပဲ။ ကိုယ်ပေါ် ကျေးဇူးပြန်မသိတတ် သူမျိုးနဲ့ တွေ့တဲ့အခါမှာတော့ ကျေးဇူးတရားသိတတ်ခြင်းဟာ ရခဲတဲ့ တရားမို့ မရတာ ပုံမှန်ပဲလို့ မြင်တတ် သင့်ပါတယ်။
ဘုန်းကြီးတွေ အနေနဲ့က တရားကိုယ် အဲဒါရှိတာကို မိဘ နဲ့ ဆရာကို အတင်းတွေ ထိပ်တင်ပေးလိုက်တော့ လူဆိုတာ အမျိုးမျိုး အဖုံဖုံ ဆိုတော့ အကုန်ရှုပ်ကုန်တော့တာပါပဲ။ မိဘ နဲ့ ဆရာ ဆိုတာ ပုထုဇဉ်ဆိုရင် ပုထုဇဉ်ပဲမို့ ကြီးကျယ်တဲ့ ဂုဏ်ဆိုတာမျိုးကြီး ရှိမနေပါဘူး။ အဲလိုပဲ ပုထုဇဉ်ဖြစ်ပေမယ့် ဘာသာတရား နားလည်ပြီး ဉာဏ်ကြီးပြီး သားသမီးကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးတဲ့ သူမှာတော့ သူလုပ်ထားတဲ့ ဂုဏ်အတိုင်း ရှိနေပါတယ်။
အဲလို ဆန့်ကျင်ဖက်တွေ ရှိနေတာကို အကုန်လုံး ရောပြီး မိဘ ဂုဏော အနန္တောဆိုတော့ ကိုယ့်သမီးကို မုဒိန်းကျင့်တဲ့ အဖေက ဆေးလိပ်လေးဖွာရင်း ငါ့ကို စိတ်နဲ့တောင် မပြစ်မှား နဲ့ဆိုတောမျိုး ပြောတော့ တာပါပဲ။ အဲလို ရှုပ်နေတဲ့အချိန်မှာ ဘုန်းကြီးဆိုတာက လောကီနဲ့ ကင်းကွာနေ တော့ ဟောကောင်းတိုင်း မိဘမေတ္တာတရားပဲ ဟောနေတော့တာပါပဲ။ စာမတတ်လဲ ဒါမျိုးကတော့ ဟောလို့ ရတာကိုး။ ပြီးတော့ ဓမ္မ ပူဇာလေး ပိုက်သွားတော့ မြင်ရတာ လုံးဝကို မတော်ပါ။
ကျနော့်မှာ ချစ်ခြင်း၊ မုန်းခြင်း မရှိပါ။ သတိထား ဆင်ခြင်နိုင်အောင်ပါ။ ကျေးဇူးတင်ပါတယ်။


Leave a Reply