သဒ္ဓါဗိုလ်

သဒ္ဓါဗိုလ်

မဂ်ကျဖို့အတွက် လိုအပ်တဲ့ အချက်တချက်ကတော့ ဗိုလ်ငါးပါး ပါ။ ဗိုလ် ငါးပါး ဆိုတာ သဒ္ဓါဗိုလ်၊ ပညာဗိုလ်၊ ဝီရိယဗိုလ်၊ သမာဓိဗိုလ်၊ သတိဗိုလ် ဆိုပြီး အားကောင်းပြီး ထိပ်ဆုံးရောက်နေတဲ့ သဒ္ဓါ၊ ပညာ၊ သတိ၊ ဝီရိယ၊ သမာဓိ တို့ လိုပါတယ်။

ဒီနေရာမှာ သဒ္ဓါဆိုတာဟာ ရှိရှိသမျှ ယုံကြည်ပြီး လက်ခံတာကို ပြောတာ မဟုတ်ပါဘူး။ သဒ္ဓါဆိုတာတဲ့ ယုံကြည်ချက်က ပညာနဲ့ ယှဉ်တွဲပြီး ဖြစ်တာပါ။ ပညာ အနေနဲ့ ခန္ဓာပေါ် အမြင်ရှင်းလာတဲ့အခါမှာ ယုံကြည်မှု သဒ္ဓါတွေ ဖြစ်လာတာပါပဲ။ သူတို့က တခုနဲ့ တခု ညီမျှအောင် လုပ်ရတာမျိုး မဟုတ်ပါဘူး။ အကုန်လုံးက ထိပ်ဆုံးရောက်အောင် ကြိုးစားရမှာပါ။ အကုန်လုံး ထိပ်ဆုံးရောက်တဲ့ အချိန်မှာ အကုန်လုံးက ညီသွားတာ ပါပဲ။ ကိုယ်က သဒ္ဓါစရိုက်ဆိုရင်တော့ သဒ္ဓါကနေ ပညာကို ဖြည့်ပါ။ ပညာစရိုက်ဆိုရင်တော့ ပညာကနေ သဒ္ဓါကို ဖြည့်ပါ။ ဝီရိယ နဲ့ သမာဓိမှာတော့ ဝီရိယ လွန်ရင် ပျံ့လွင့်တတ် သလို သမာဓိလွန်ရင်လဲ ငိုက်မျည်းတတ်ပါတယ်။ အဲဒီအတွက်ကတော့ ဝီရိယ အလေ့အကျင့်များရင် အဆင်ပြေပါတယ်။ သတိဗိုလ်ကတော့ သတိအားအကောင်းဆုံး ဖြစ်အောင် ကြိုးစားတာပါ။ သူကတော့ တွဲဖက် မရှိပါဘူး။

သဒ္ဓါသမားတွေအတွက် အနှောက်အယှက် များပါတယ်။ စာပေနဲ့ ခန္ဓာနဲ့ တိုက်ကြည့်တဲ့အခါမှာ နည်းမှန် လမ်းမှန်နဲ့ မသွားခဲ့ရင် ဟိုဟာယုံရမလို ဒီဟာယုံရမလို နဲ့ တော်တော် ခက်ပါတယ်။ အဲလိုပါပဲ ပညာသမား တွေကျတော့လဲ မယုံကြည်တာတွေ အများအပြားမို့ ပြသနာ တက်ပါတယ်။ အဲဒါကြောင့် တရားအားထုတ် နေသူတွေဟာ တွေ့သမျှ တရား နာလို့မရပါဘူး။ သေချာတဲ့ ရှေ့က တကယ်လျှောက်ခဲ့တဲ့ သူ သွားတဲ့လမ်း ရောက်ဖူးသူက ညွှန်ပြမှုကို အလေးထားပြီး သေသေချာချာ လိုက် လုပ်သွားမှ ရမှာပါ။

ကျနော့်အနေနဲ့ ရေးစရာ ရှိတာတွေ တော်တော်များများ ရေးပြီးသွားပါပြီ။ ကျနော် ဖတ်စေချင်တာကတော့ သောတာပတ္တိမဂ် ခရီး (၁၀ လပိုင်းထွက်မည်)၊ စိတ္တာနုပဿနာ အလုပ်ပေး၊ သောတာပန်ဖြစ်ရေးလက်တွေ့ လမ်းညွှန် အဲဒီ စာအုပ် သုံးအုပ်ကို ဖတ်စေချင်ပါတယ်။ အဲဒီ သုံးအုပ်ဖတ်လိုက်ရင် တော်တော်ကြီး လုံလောက်သွားမှာ ဖြစ်တဲ့အပြင် အဲဒီမှာ ရေးထားတဲ့ စာတွေက တရားအားထုတ် နေရင်းနဲ့ သိလာတဲ့ တရားတွေ၊ မဂ် ဖိုလ်ရပြီးမှ တရားအားထုတ်နည်း အလုပ်ပေး စတာတွေကို ရေးထားတာ ဖြစ်တဲ့အတွက် တန်ဖိုးရှိပါတယ်။ ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *