သစ္စာ

သစ္စာ

သစ္စာဆိုတာ အမှန်တရားပါ။ အမှန်တရားမှာမှ သစ္စာထိုက်တဲ့ အမှန်တရားကိုသာ သစ္စာလို့ ခေါ်ပါတယ်။ အဲဒါကြောင့် သစ္စာဆိုတဲ့ စကားလုံးပါရင် အမြဲမှန်ရပါမယ်။ ဥပမာ ဒုက္ခသစ္စာ ဆိုရင် ပဋိသန္ဓေနေရခြင်းဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ စတာတွေဟာ အားလုံးအတွက် မှန်တဲ့ ကိစ္စတွေပါ။ အဲလိုပဲ သမုဒယ သစ္စာတဏှာ ဆိုလဲ အမြဲမှန်တာပါပဲ။ မဂ္ဂသစ္စာဆိုတာကလဲ သံသရာက လွတ်ကြောင်း အမှန်ပါပဲ။ နိရောဓ သစ္စာ ဆိုတာကလဲ အေးငြိမ်းရာ အမှန်ပါ။ ဒီသစ္စာလေးပါးစလုံးမှာ သစ္စာ ဆိုတဲ့ စကားလုံးသုံးတာဟာ သစ္စာထိုက်အောင် မှန်တဲ့ အတွက်ကြောင့် သုံးတာပါ။

မြတ်စွာဘုရား လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်လာတာဟာ သစ္စာ ဆိုတဲ့ အမှန်တရားအတွက်ပါ။ သစ္စာလေးပါး သိရအောင် ပါရမီဖြည့်လာတာပါ။

အဲဒီအတွက်ကြောင့် သမုတိ ကို သစ္စာဆိုတဲ့ စကားလုံးနောက်က တပ်လို့မရပါဘူး။ အဲဒါကို သမုတိ သစ္စာ ဆိုတဲ့ စကားဟာ ထွင်ထားတဲ့ စကားပါ။ ပိဋကတ်မှာ မရှိပါဘူး။ တကယ်တော့ သမုတိ ဆိုတာဟာ ပညတ်ပါ။ ပညတ်မှာ ဝိဇ္ဇာမာန ပညတ်ရှိသလို အဝိဇ္ဇာမာန ပညတ်ဆိုတာလဲ ရှိပါတယ်။ တကယ်မရှိတာကို ပြောထားတာကို အဝိဇ္ဇာမာန ပညတ်လို့ ခေါ်ပါတယ်။ တကယ်ရှိတဲ့ ပရမတ်တွေရဲ့ အမည် ပညတ်တွေကိုတော့ ဝိဇ္ဇာမာန ပညတ်လို့ ခေါ်ပါတယ်။ အဲဒီတော့ သမုတိဟာ အမြဲမမှန်ပါဘူး။

ကျနော့်အတွက်က ဒီအကြောင်းကတော့ ဇာတ်လမ်းရှိပါတယ်။ ကျနော်တရားအားထုတ်တုန်းက သမုတိ သစ္စာ လို့ပဲ ယူဆထားတာပါ။ မိုးကုတ်ဆရာတော်ကြီးက သစ္စာဆိုတာ သစ္စာထိုက်အောင် မှန်လို့ ဆိုတဲ့အတွက် ကျနော်က သမုတိလဲ မှန်ရမယ် ဆိုပြီး သမုတိမှာ အဖြေရှာတော့တာပါပဲ။ အဲဒီ သမုတိသစ္စာ ဆိုတဲ့ စကားလေး တစ်ခွန်းကြောင့် ကျနော့်မှာ အချိန် တနှစ်လောက် စဉ်းစားခဲ့ရပါတယ်။ အခုလို ပိဋကတ် App လဲမရှိတော့ သူများပြောသမျှ ဟုတ်မှာပဲလို့ ထင်ခဲ့ရတာပါ။ နောက်ပိုင်းကျမှ သမုတိနဲ့ အဖြေရှာလေလေ ရူးလေလေ ဖြစ်နေ တော့မှ သူ့ဟာသူ သစ္စာမကလို့ ဘာတပ်တပ် မမှန်ဘူး ဆိုပြီး သဘောထားလိုက်တော့မှ ပရမတ်ကိုမြင်ပြီး တရားအားထုတ်တာ ဖြောင့်သွားတာပါ။

ဒီလိုမျိုး ကြုံရတဲ့အတွက် ဒီအကြောင်းကို အခုမှ ရှာလိုက်မိပြီး သမုတိ သစ္စာ ဆိုတဲ့ စကားလုံး ပိဋကတ်မှာ မပါကြောင်း မိတ်ဆွေတို့ တရားအားထုတ်တဲ့အခါမှာ သိအောင် ပို့စ်တင်လိုက်တာပါ။

တရားတော်တွေဟာ ရဟန်းတွေရဲ့ ဆရာပါ။ အဲလိုမျိုး မြတ်စွာဘုရား ပညတ်ခဲ့တာပါ။ အဲဒီတော့ မိတ်ဆွေ များအနေနဲ့ တခုခု မရှင်းတာရှိရင် ပိဋကတ် App ကို သုံးပြီး အဖြေရှာစေလိုပါတယ်။

ဗဟုသုတ အနေနဲ့လဲ သာသနာ သမိုင်းကိုလဲ ဖတ်ထားသင့်ပါတယ်။ ပြောချင်တာက ပိဋကတ် App သုံးခြင်းအားဖြင့် ရဟန်းတွေရဲ့ ဆရာနဲ့ တိုက်ရိုက်ဆက်ဆံ ရသလိုပါပဲ။ အဲဒါလေး ပြောချင်ပါတယ်။ သမုတိသစ္စာ ဆိုတဲ့ စကားလုံးကို မရှိမှန်းလက်ခံလိုက်ရင် မိတ်ဆွေတို့ တရားအားထုတ်တဲ့အခါ စိတ်ရှင်းသွားမှာပါ။ မဂ် ဖိုလ်အတွက် အားထုတ်နေတယ် ဆိုရင် သေသေချာချာလေး စကားလုံးတွေကို ဂရုစိုက်ပါ။ တလုံးချင်းကို အဓိပ္ပါယ် နားလည်အောင် ကြိုးစားပါ။ တကယ်အားထုတ်လာရင် အဲဒါတွေက သိသာလာပါလိမ့်မယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *