သစ္စာလေးပါး ဆိုတာဟာ ဒုက္ခသစ္စာ (ဆင်းရဲခြင်း အမှန်)၊ သမုဒယသစ္စာ (စွဲလမ်းကြောင်းအမှန်)၊ မဂ္ဂသစ္စာ (လွတ်မြောက်ကြောင်း အမှန်)၊ နိရောဓ သစ္စာ (လွတ်မြောက်ရာ အမှန်) လို့ ပြောရပါမယ်။ ဒီသစ္စာလေးပါး မှာမှ ဒုက္ခသစ္စာ ဆိုတာဟာ ပိုင်းခြား သိရမယ့် တရားပါ။ သမုဒယ သစ္စာက ပါယ်ရမယ့် တရားပါ၊ မဂ္ဂသစ္စာကတော့ ပွားများရမယ့် တရားပါ။ နိရောဓသစ္စာကတော့ မျက်မှောက်ပြုရမယ့် တရားပဲ ဖြစ်ပါတယ်။

ဒုက္ခသစ္စာကို ပိုင်းခြားသိတယ် ဆိုတာကတော့ ဘာကြောင့် ခန္ဓာငါးပါးက ဒုက္ခလို့ ပြောတာလဲ ဆိုတာ သိဖို့ လိုပါတယ်။ အဲဒါနဲ့ ပါတ်သက်ပြီး ဓမ္မစကြာမှာ ဟောထားတာကတော့

ပဋိသန္ဓေတည်နေရခြင်းသည်လည်း ဆင်းရဲ၏၊

အိုရခြင်းသည်လည်းဆင်းရဲ၏၊

သေရခြင်းသည်လည်းဆင်းရဲ၏၊

မချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊

ချစ်သော သူတို့နှင့်ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊

အကျဉ်းအားဖြင့်စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏။

ဒီလို ပြောထားပါတယ်။ ဒီအချက်တချက် တချက်စီကို ဆင်ခြင်ကြည့်ပါ။ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတာက မြင်သာပါတယ်။ မချစ်သောသူနှင့် အတူနေရခြင်း ဆင်းရဲ ဆိုတာကတော့ ကိုယ်မချစ်တဲ့ မိသားစုဝင်နဲ့ နေရတာမျိုးပါ။ ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်းကလဲ ဆင်းရဲတာပါပဲ။ နောက်ဆုံး အဆုံးသတ်လိုက်တော့ ခန္ဓာငါးပါးဟာ ဆင်းရဲဖြစ်ပါတယ်။

ဒါနဲ့ ပါတ်သက်ပြီး တရားရှုနိုင်အောင် မိုးကုတ်ဆရာတော်ကြီး ဟောထားတာကတော့ ဒုက္ခသစ္စာ အနက် လေးချက်ကို ဟောပါတယ်။ အဲဒါကတော့ အတိုမှတ်ရင် ဖြစ်၊ ပျက်၊ နှိပ်စက်၊ ပူလောင် ဆိုတာပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ရုပ်နာမ်တွေ ဖြစ်နေရတာကလဲ ဆင်းရဲပါတယ်။ ရုပ်နာမ်တွေ ပျက်နေတာကလဲ ဆင်းရဲပါ တယ်။ မိမိကိုယ် မိမိ ငါသူဟု ထင်သောသူကို နှိပ်စက်တာ၊ ကိလေသာတို့ရဲ့ ပူလောင်ခြင်းခံရတာ ဆိုပြီး ဒုက္ခသစ္စာ အနက်လေးချက် ရပါတယ်။ ကိုယ့်ခန္ဓာမှာ ရှိတဲ့ ဖြစ်ပျက်ပေါ်ကို ဒုက္ခသစ္စာ အနက် လေးချက်နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ပါ။

အဲဒီ ဒုက္ခသစ္စာကို ဖြစ်စေတဲ့ အကြောင်းကတော့ သမုဒယ သစ္စာပါ။ သမုဒယ သစ္စာ ဆိုတာ တဏှာလို့ ခေါ်ပါတယ်။ ဒါနဲ့ ပါတ်သက်ပြီးတော့ ဓမ္မစကြာမှာ

* ကာမ၌ တပ်မက်မှု ‘ကာမတဏှာ’၊

* သဿတဒိဋ္ဌိနှင့်တကွ ဖြစ်သော တပ်မက်မှု ‘ဘဝတဏှာ’၊

* ဥစ္ဆေဒဒိဋ္ဌိနှင့်တကွ ဖြစ်သော တပ်မက်မှု ‘ဝိဘဝတဏှာ’ တို့တည်း။

ဆိုပြီး ပြထားပါတယ်။ တဏှာရဲ့ အနက်ထဲမှာတော့ မဂ်ခရီးကို တားဆီးတတ်သော သဘော လို့ပါ ပါတယ်။ တဏှာက မဂ်ကို တားဆီးတတ်ပါတယ်။

မဂ္ဂသစ္စာ ဆိုတာကတော့ ပွားများမှုပါ။ ပွားများမှု အတွက် လမ်းညွှန်ကတော့ ဉာဏ်စဉ်တရားပဲ ဖြစ်ပါတယ်။ မဂ္ဂသစ္စာ ထဲက မဂ္ဂင်ငါးပါး ဖြစ်တဲ့ အမှန်သိမြင်ခြင်း၊ အမှန်ကြံစည်ခြင်း၊ အမှန်လုံလ ထုတ်မှု၊ အမှတ်အောက်မေ့ မှု၊ အမှန်တည်ကြည်မှု တို့နဲ့ အားထုတ်နေရာမှာ ဖြစ်ပါတယ်။ ဒါကိုပဲ မဂ္ဂသစ္စာသည် ပွားများရမယ့် ကိစ္စဆိုတာ ပြောတာပါ။ သမုဒယကို ပါယ်တဲ့ ကိစ္စကတော့ မဂ္ဂသစ္စာကပဲ လုပ်သွားမှာ ဖြစ်ပါတယ်။ တကြောင်းတည်းသော အားစိုက်စရာက မဂ္ဂသစ္စာပါ။ နိရောဓ သစ္စာကို ပို့ဆောင်တဲ့ တာဝန်ကိုလဲ မဂ္ဂသစ္စာကလဲ လုပ်ပါတယ်။ ပထမ မဂ်ကျပြီး အရိယာ ဖြစ်တာနဲ့ မဂ္ဂင် ရှစ်ပါး ပြည့်စုံသွားပါတယ်။ အဲဒါတွေကတော့

1. မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’၊ (တနည်း) ကောင်းစွာ မြင်ခြင်း

2. မှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’၊ (တနည်း) ကောင်းစွာ ကြံခြင်း

3. မှန်ကန်သော စကား’သမ္မာဝါစာ’၊ (တနည်း) ကောင်းစွာ ပြောဆိုခြင်း

4. မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’၊ (တနည်း) ကောင်းစွာ ပြုလုပ်ခြင်း

5. မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’၊ (တနည်း) ကောင်းစွာ အသက်မွေးခြင်း

6. မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’၊ (တနည်း) ကောင်းစွာ အားထုတ်ခြင်း

7. မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ (တနည်း) ကောင်းစွာ အောက်မေ့ခြင်း

8. မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’၊ (တနည်း) ကောင်းစွာ တည်ကြည်ခြင်းတို့တည်း။

နိရောဓသစ္စာကတော့ တရားတစ်ခုပဲ ဖြစ်ပါတယ်။ သူနဲ့ ရုပ်နာမ်ရဲ့ ကွာခြားချက်က သူသည် ရုပ်နာမ် မဟုတ်ပဲ နိစ္စ မြဲသော တရား ဖြစ်ပါတယ်။ ဘာကြောင့် မြဲသလဲ ဆိုတော့ နဂိုတည်းက ရှိတဲ့ တရားမို့ပါ။ အကြောင်းကြောင့် ဖြစ်တဲ့ တရား မဟုတ်လို့ပါ။ နိဗ္ဗာန်ကနေ ဘယ်မှ ဆက်သွားစရာမရှိသလို ဘာမှ လိုချင်စရာ (နာမ်) လဲ မရှိ၊ အိုနာသေ ဖြစ်စရာ ခန္ဓာလဲ မရှိ၊ ခန္ဓာငါးပါး လွတ်ကင်းရာ ဖြစ်နေလို့ပါပဲ။

အဲဒီတော့ ဒုက္ခသစ္စာမှာ သံဝေဂ ဖြစ်ပြီး၊ လွတ်အောင် ကျင့်ကြံအားထုတ်နည်း မဂ္ဂသစ္စာကို ပွားများကြရင် နိရောဓ သစ္စာကို မျက်မှောက်ပြုဖို့ပါပဲ။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *