တရားအားထုတ်တဲ့ အခါမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေး သုံးပါးကို မရှုဘဲ တရားရတယ် ဆိုတာ လုံးဝ မရှိပါဘူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ ပြောတဲ့အခါမှာ အပြည့်အစုံကို ပြောရရင်-

သဗ္ဗေ သင်္ခါရာ အနိစ္စာ: အလုံးစုံသော သင်္ခါရတရားတို့သည် ပျက်စီးတတ်သည်။

သဗ္ဗေ သင်္ခါရာ ဒုက္ခာ: အလုံးစုံသော သင်္ခါရတရားတို့သည် စက်ဆုပ်စရာ အသုံးမကျတာများသာ ဖြစ်သည်။

သဗ္ဗေ ဓမ္မာ အနတ္တာ: အလုံးစုံသော တရား (သင်္ခါရတရား နှင့် ဝိသင်္ခါရတရား) တို့သည် ငါမဟုတ်၊ သတ္တဝါမဟုတ်၊ အတ္တ မဟုတ်ကြကုန်။

အဲဒီတော့ ဒီသုံးခုစလုံးမှာ ပါနေတဲ့ “သင်္ခါရတရား” ဆိုတာကို အရင်ဆုံး သဘောပေါက်ဖို့ လိုပါတယ်။ သင်္ခါရတရား ဆိုတာကတော့ “အကြောင်းကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရား” လို့ ဆိုလိုတာ ဖြစ်ပါတယ်။ လောကမှာရှိတဲ့ ရုပ်တရား၊ နာမ်တရား အားလုံးဟာ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားတွေမို့၊ ရုပ်နာမ် အားလုံးကို “သင်္ခါရတရား” လို့ ခေါ်ပါတယ်။ နိဗ္ဗာန်ကတော့ ဘယ်အကြောင်းတရားကမှ ပြုပြင်ဖန်တီးထားတာ မဟုတ်တဲ့အတွက် “ဝိသင်္ခါရတရား” လို့ ခေါ်ပါတယ်။

လက်တွေ့ စိတ္တာနုပဿနာဖြင့် လေ့လာခြင်း

ကျနော်တို့က စိတ္တာနုပဿနာ ရှုတဲ့ နေရာမှာ၊ စိတ်ကလေး တစ်ခု ဖြစ်လာတယ် ဆိုရင် ဒီစိတ်ကလေးဟာ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရား (သင်္ခါရတရား) သက်သက်သာ ဆိုတာကို သိဖို့ လိုပါတယ်။

ဥပမာ- ကြားစိတ် (ဝိဉာဏ်) ဖြစ်တယ် ဆိုပါစို့။ အသံ ဆိုတဲ့ အာရုံနဲ့ နားအကြည် ဆိုတဲ့ ဒွါရ တိုက်မိရာကနေ ကြားသိစိတ်ကလေး ဖြစ်လာတာပါ။

အာရုံ နဲ့ ဒွါရ တိုက်မိခြင်းက “အကြောင်း” ဖြစ်ပြီး၊ ကြားသိစိတ် (ဝိဉာဏ်) ကတော့ “အကျိုး” ဖြစ်ပါတယ်။ ဒီတော့ ကြားစိတ်သည် သင်္ခါရတရားပါပဲ။

ဒီလို အသံကို ကြားတဲ့အခါ၊ မှတ်မိမှု/မှတ်သားမှု (သညာ) ကြောင့် “ဒါကတော့ ဘာအသံ” ဆိုတာကို သိတဲ့ စိတ်ကလေး ဆက်ဖြစ်ပါတယ်။ ဒီနေရာမှာ ကြားစိတ်က “အကြောင်း” ဖြစ်သွားပြီး၊ သူ့ကြောင့် ဖြစ်လာတဲ့ သညာကတော့ “အကျိုးတရား (သင်္ခါရတရား)” ဖြစ်ပါတယ်။

ဒီနောက်မှာ “ဒါ ဘယ်သူပြောတဲ့အသံ” ဆိုပြီး ပုဂ္ဂိုလ် သတ္တဝါ အနေနဲ့ ဆင်ခြင်လိုက်တာကတော့ ဒိဋ္ဌိ ကြောင့် ဖြစ်ပါတယ်။ “ဘယ်သူ ဘယ်ဝါ” ဆိုတဲ့ အထင်က ဒိဋ္ဌိပါ။ အဲဒီတော့ သညာက “အကြောင်းတရား” ဖြစ်ပြီး၊ ဘယ်သူဘယ်ဝါ ဆိုတဲ့ ဒိဋ္ဌိစိတ်ကတော့ “အကျိုးတရား (သင်္ခါရတရား)” ဖြစ်ပါတယ်။

အဲဒီလို ဒိဋ္ဌိ ဝင်လာတဲ့အခါမှာ “ငါ ဘာပြန်ပြောချင်တယ်” ဆိုတဲ့ စေ့ဆော်မှု (သင်္ခါရက္ခန္ဓာ) ဖြစ်လာပြီး၊ နှုတ်ကနေ ပြန်ပြောမှု (ဝစီကံ) ဆိုတာ ဖြစ်လာတာပါ။ ဒီတော့ ဒိဋ္ဌိက “အကြောင်းတရား” ဖြစ်ပြီး၊ ပြောချင်တဲ့ စေ့ဆော်မှုကတော့ “အကျိုးတရား (သင်္ခါရတရား)” ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကျနော်တို့ရဲ့ ရုပ်နာမ် ဆိုတဲ့ လောကယန္တရားကြီးဟာ သင်္ခါရတရားတွေ အကြောင်း၊ အကျိုး အဆက်မပြတ် လည်ပတ်နေတာပဲ ဆိုတာကို သဘောပေါက်နိုင်ပါတယ်။

အနိစ္စ နှင့် အနတ္တကို ဉာဏ်ဖြင့် ဖြတ်သန်းခြင်း

အဲဒီ သင်္ခါရတရားတွေကို ဉာဏ်နဲ့ သေချာ ကြည့်လိုက်တဲ့ အခါမှာ-

ကြားစိတ် ဆိုတာလည်း ကြားပြီးတာနဲ့ ချက်ချင်း ပျက်သွားပါတယ်။

မှတ်မိ၊ မှတ်သားတဲ့ စိတ်ကလည်း မှတ်သားပြီးတာနဲ့ ပျက်သွားပါတယ်။

“ဘယ်သူ ဘယ်ဝါ” လို့ အမည်တပ်လိုက်တဲ့ ဒိဋ္ဌိဆိုတာကလည်း အမည်တပ်ပြီးတာနဲ့ ပျက်သွားပါတယ်။

ပြန်ပြောချင်တဲ့ စိတ်ကလည်း ဖြစ်ပြီး ပျက်သွားတာပါပဲ။

ပြောလိုက်တဲ့ ဝစီကံ ကလည်း ဖြစ်ပြီး ပျက်သွားတာပါပဲ။

ဒီတော့ ဒါဟာ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ လက္ခဏာကို ပြနေတဲ့ သဘောပါပဲ။ ဒါကို အဆက်မပြတ်ဘဲ ရှုမှတ်နေခြင်းကို “ဖြစ်ပျက်ရှုတယ်” လို့ ခေါ်တာပါပဲ။

ဒီအတိုင်းပါပဲ။ အနတ္တ နဲ့ ပတ်သက်ပြီး ပြောရရင် သင်္ခါရတရားတွေဟာ ငါမဟုတ်၊ သတ္တဝါမဟုတ်၊ အတ္တ မဟုတ်ပါဘူး။

ကြားသိစိတ် (ဝိဉာဏ်) ကလေး ပေါ်လာတယ်၊ အဲဒီ ကြားစိတ်ဟာ ငါလည်း မဟုတ်၊ သတ္တဝါလည်း မဟုတ်၊ အတ္တလည်း မဟုတ်ပါဘူး။

မှတ်မိ မှတ်သားမှု (သညာ) ကလည်း ငါမဟုတ်၊ သတ္တဝါမဟုတ်၊ အတ္တ မဟုတ်ပါဘူး။

သူ့ကြောင့် ဖြစ်တဲ့ ဒိဋ္ဌိ ဆိုတာကလည်း ငါမဟုတ်၊ သတ္တဝါ မဟုတ်၊ အတ္တ မဟုတ်ပါဘူး။

သူ့ကြောင့် ဖြစ်လာတဲ့ ပြောလိုမှု၊ စေ့ဆော်မှု (သင်္ခါရ) ကလည်း ငါမဟုတ်၊ သတ္တဝါ မဟုတ်၊ အတ္တ မဟုတ်ပါဘူး။

ဒါကြောင့် သင်္ခါရတရားတွေ အကုန်လုံးဟာ ငါမဟုတ်၊ သတ္တဝါ မဟုတ်၊ အတ္တ လုံးဝ မဟုတ်ပါဘူး။

သင်္ခါရ ဒုက္ခကို ပိုင်းခြားသိခြင်း

ဒါဆိုရင် ကျနော်တို့က ရုပ်နဲ့ နာမ် ဟာ သင်္ခါရတရားတွေမို့-

တစ်အချက်- အမြဲ ဖြစ်ပျက်နေတယ်။

နှစ်အချက်- ငါမဟုတ်၊ သတ္တဝါမဟုတ်၊ အတ္တလည်း မဟုတ်ဘူး ဆိုတာ ရှင်းလင်းသွားပါပြီ။

အဲဒီတော့ ဖြစ်လည်း ဖြစ်၊ ပျက်လည်း ပျက်နေတဲ့၊ အတ္တလည်း မဟုတ်တဲ့ ဒီသင်္ခါရတရားတွေဟာ တကယ်တော့ ကောင်းတယ်၊ ဆိုးတယ် ဆိုတာ မရှိဘဲ “တပြေးညီ သင်္ခါရတရား သက်သက်သာ ဖြစ်တယ်” ဆိုတာကို သဘောပေါက်နိုင်ပါတယ်။

ဒီလို အနိစ္စလည်း ဖြစ်၊ အနတ္တလည်း ဖြစ်တဲ့ သင်္ခါရတရားတွေ အဆက်မပြတ် ဖြစ်ပျက်နေမှုကို သုခ (ချမ်းသာ) လို့ ဘယ်လိုမှ ဆိုလို့ မရပါဘူး။ “စက်ဆုပ်စရာ အသုံးမကျတာ သက်သက်သာ ဖြစ်တဲ့ ဒုက္ခ” ဆိုတဲ့ အဓိပ္ပာယ် ထင်ရှားသွားပါတယ်။ ဒါကို သဘောပေါက်ပြီ ဆိုရင် “သင်္ခါရ ဒုက္ခ” ဆိုတာကို သဘောပေါက်တာပါပဲ။ ဒီလို မရပ်မနား အဆက်မပြတ် လည်ပတ်နေတာဟာ တကယ့်ကိုပဲ စက်ဆုပ်စရာ၊ အသုံးမကျတဲ့ တရားတွေ လည်ပတ်နေမှု သက်သက်သာ ဖြစ်ပါတယ်။

အဲဒီကနေမှ တစ်ဆင့် ဒီလို လည်ပတ်နေတဲ့ တရားတွေကြောင့် ဘဝတွေ ဖြစ်လာရပြီး ဇာတိ ဒုက္ခ (မွေးဖွားရခြင်း)၊ ဇရာ ဒုက္ခ (အိုရခြင်း)၊ မရဏ ဒုက္ခ (သေရခြင်း)၊ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်း ဒုက္ခ၊ ချစ်နှစ်သက်သူနဲ့ ကွေကွင်းရခြင်း ဒုက္ခ ဆိုတာတွေ ဖြစ်လာရတာပါပဲ။ အဲဒါကြောင့် ခန္ဓာငါးပါး စလုံးဟာ ဒုက္ခ (စက်ဆုပ်စရာ အသုံးမကျတာကြီး) သက်သက်ပါ။ ဒါဟာ လောကမှာ သစ္စာထိုက်တဲ့ အမှန်တရား ဖြစ်တာမို့ ဒုက္ခသစ္စာ လို့ ခေါ်ပါတယ်။

နိဂုံးချုပ်

တရားအားထုတ်တဲ့ အခါမှာ ယောဂီများအနေဖြင့် ဒီ “ဒုက္ခသစ္စာ” ကို ပိုင်ပိုင်နိုင်နိုင် ပိုင်းခြားသိနိုင်စေခြင်း အကျိုးငှာ ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါတယ်။ နားလည် သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *